ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ

နေပြည်တော် ၃၁ ဇူလိုင်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးကော်မတီအဖွဲ့ဝင် အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုအား အဖွဲ့ဝင်အဖြစ်မှ အနားယူ ခွင့်ပြုကြောင်း လွှတ်တော်သို့ အသိပေးကြေညာပြီး လွှတ်တော်ရေးရာစွမ်းရည်မြှင့်တင်ရေးအကြံ ပေးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရန်လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ အဖွဲ့ခေါင်းဆောင်၏အမည်စာရင်းနှင့် တာဝန်ပေးအပ်ဖွဲ့စည်းသွားမည့် အခြေအနေများကို လွှတ်တော် သို့တင်ပြသည်။

မြောက်ဦးမဲဆန္ဒနယ်မှ ဦးဦးလှစော၏ “စစ်တွေမြို့တွင် ရုပ်ရှင်ရုံများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊မရှိ”မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ရခိုင်ပြည်နယ် စစ်တွေမြို့တွင်  ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန၏ ၁၉၆၉ ခုနှစ် ဇူလိုင် ၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်အရ ပြည်သူပိုင်ပြုလုပ်ခဲ့သည့် ရုပ်ရှင်ရုံ(၄)ရုံရှိပါကြောင်း၊ ယင်းတို့မှာ “မြို့မ”ရုပ်ရှင်ရုံ ၊ “မြ”ရုပ်ရှင်ရုံ ၊ “အသံထွက်” ရုပ် ရှင်ရုံနဲ့ “ ဇိမ် ” ရုပ်ရှင်ရုံတို့ ဖြစ်ကြပါကြောင်း။

အဆိုပါ ရုပ်ရှင်ရုံ(၄)ရုံအနက် “ မြို့မ” ရုပ်ရှင်ရုံကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၏ ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၁၅  ရက်စွဲပါအမိန့်အမှတ် (၁၀၁/၂၀၁၀)နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်ဖြစ်သူ ဦးထွန်းမောင်သို့ ငွေကျပ် (၁၅၆) သန်းဖြင့် အပြီးအပိုင်လွှဲပြောင်းရောင်းချပေးခဲ့ပါကြောင်း၊ “မြ” ရုပ်ရှင်ရုံကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏  ၁၉၉၈ ခုနှစ် သြဂုတ် ၁၇  ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ် (၅ /၁၉၉၈) အရ ဒေါ်တင်မြသို့ ငွေကျပ်(၄ ဒသမ ၂၀) သန်းဖြင့် အပြီးအပိုင် လွှဲပြောင်းရောင်းချပေးခဲ့ပါကြောင်း၊ ယင်းရုပ်ရှင်ရုံဝယ်ယူသူက ရုပ်ရှင်ပြသမှုအစား အခြားစီးပွား ရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုရန် တင်ပြခဲ့မှုအပေါ် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ (၂/၂၀ဝ၈)ကြိမ်မြောက် အစည်းအဝေးက လုပ်ငန်းပြောင်းလဲ လုပ်ကိုင်ခွင့်ပြုခဲ့ပါကြောင်း။

“အသံထွက်” ရုပ်ရှင်ရုံမြေနေရာကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ ၂၀ဝ၆ ခုနှစ် မေ ၂၁ ရက်စွဲပါ အမိန့်ကြော်ညာစာအမှတ် (၈/၂ဝဝ၆) အရ ဒေါ်သူဇာဇံသို့ ငွေကျပ် ၆ ဒသမ ၅၁ သန်းဖြင့် အပြီးအပိုင် လွှဲပြောင်းရောင်းချပေးခဲ့ပါကြောင်း၊ ရောင်းချစဉ်က ရုပ်ရှင်ပြသခြင်းလုပ်ငန်း ဆောင်ရွက်ရန် စည်းမျဉ်းသတ်မှတ်ချက်မပါသည့် ရုပ်ရှင်ရုံဖြစ်ပါကြောင်း၊ ``ဇိမ်´´ ရုပ်ရှင်ရုံကို ကုန်သွယ်ရေးဌာနသို့   ၁၉၇၃ ခုနှစ်တွင် လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း။

အဆိုပါရှင်ရုံများအနက် “မြို့မ” ရုပ်ရှင်ရုံမှအပ ကျန်ရုပ်ရှင်ရုံများသည် ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့် ကြီးကြပ်ဆောင်ရွက်နိုင်ခြင်းမရှိသည့် ရုပ်ရှင်ရုံများဖြစ်ပါကြောင်း၊   “မြို့မ” ရုပ်ရှင်ရုံ ဝယ်ယူသူ ဦးထွန်းမောင်က ရုပ်ရှင်ရုံကို ၂၀၁၃ ခုနှစ်အထိ ရုပ်ရှင်ပြသခြင်းအတွက် အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် ပြသခြင်းမရှိဘဲ ရုံပိတ်ထားသည့်အတွက် ရုပ်ရှင်ပြန်လည်ပြသရေးကို ပြန်ကြားရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် တွန်းအားပေးဆောင်ရွက်၍ရသည့် ရုပ်ရှင်ရုံဖြစ်ပါကြောင်း။

ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်က အပြီးအပိုင်ရောင်းချခဲ့သည့် နိုင်ငံပိုင် ရုပ်ရှင်ရုံများအနက် မူလရုပ်ရှင်ပြသခြင်းလုပ်ငန်း ဆက်လက်လုပ်ကိုင်ရန် တာဝန်ရှိသည့် ရုပ်ရှင်ရုံများကို စာချုပ်ပါ ကတိကဝတ်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီး ဌာနက စစ်တွေမြို့ “မြို့မ”ရုပ်ရှင်ရုံအပါအဝင် တစ်နိုင်ငံလုံးတွင်ရှိသည့်  ရုပ်ရှင်ရုံဝယ်ယူသူများ အားလုံးသို့  ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်စွဲပါစာဖြင့် အကြောင်းကြားခဲ့ပါကြောင်း။

ယခုလက်ရှိတွင် “မြို့မ” ရုပ်ရှင်ရုံ၏ အောက်ထပ်၌ စားသောက်ဆိုင်ဖွင့်လှစ်ထားရှိပြီး အပေါ်ထပ်တွင် ရုပ်ရှင်ပြသနိုင်ရန်ဆောင်ရွက်လျက်ရှိပြီး ရုပ်ရှင်စတင်ပြသနိုင်မည့်နေ့ရက်ကို သတ်မှတ်နိုင်ခြင်းမရှိသေးသည်ကို သိရှိရပါကြောင်း။

ရခိုင်ပြည်နယ်အတွင်းရှိ အခြားရုပ်ရှင်ရုံများမှာ ကျောက်ဖြူမြို့ရှိ အောင်မင်္ဂလာရုပ်ရှင်ရုံ၊ မောင်တောမြို့ရှိ အသံထွက်ရုပ်ရှင်ရုံ၊ သံတွဲမြို့ရှိ သိန်းရုပ်ရှင်ရုံနှင့် ရတနာ(စိတ်ဖြေရာ) ရုပ်ရှင်ရုံများဖြစ်ပါကြောင်း၊ အဆိုပါရုပ်ရှင်ရုံများကိုလည်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က လုပ်ငန်းရှင်များသို့ အပြီးအပိုင်ရောင်းချခဲ့ပြီးဖြစ်သဖြင့် လွဲပြောင်းရောင်းချခဲ့သည့်စာချုပ်တွင် မူလရုပ်ရှင်ပြသခြင်းလုပ်ငန်း ဆောင်ရွက်ရန် စည်းကမ်းသတ်မှတ်ချက်ပါရှိသည့် ရုပ်ရှင်ရုံများဖြစ်ပါကြောင်း၊ အဆိုပါရုပ်ရှင်ရုံများအား ဝယ်ယူသူများအနေဖြင့် ရုပ်ရှင်ပြသခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခြင်း မရှိသည့်အတွက် ရုပ်ရှင်ပြသနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် တွန်းအားပေး ဆောင်ရွက်နေခဲ့ရသည့် ရုပ်ရှင်ရုံများဖြစ်ပါကြောင်း။

ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ် ဧပြီ ၁၀ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၈/၂၀၁၈ အရ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ယူ၍ စီမံခန့်ခွဲလျက်ရှိသည့်နိုင်ငံပိုင်ရုပ်ရှင်ရုံ (၂၇) ရုံနှင့် ပုဂ္ဂလိကသို့ အပြီးအပိုင်ရောင်းချခဲ့သည့် ရုပ်ရှင်ရုံများအနက် ရုပ်ရှင်ပြသခြင်းလုပ်ငန်းဆောင်ရွက်ရန် စည်းကမ်းသတ်မှတ်ချက်ပါရှိသည့် ရုပ်ရှင်ရုံ (၉၄) ရုံ စုစုပေါင်းရုပ်ရှင်ရုံ (၁၂၁) ရုံကို ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်သည့်အထောက်အထား၊ စာရွက်စာတမ်းများကို သက်ဆိုင်ရာနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့(သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးအပ်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ပုဂ္ဂလိကသို့ အပြီးအပိုင်ရောင်းချခဲ့ သည့်ရုပ်ရှင်ရုံ (၅)ရုံကို ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် သက်ဆိုင်သည့် အထောက်အထား၊ စာရွက်စာတမ်းများကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းသို့ လွှဲပြောင်းပေးအပ်လိုက်သည့် အတွက် သက်ဆိုင်ရာရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်တိုက်တွန်းမှုများဖြင့် ပိုမိုအားစိုက် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။  

သို့ပါ၍ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စစ်တွေမြို့တွင် ရုပ်ရှင်ရုံများ ဆောက်လုပ်ပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် စာချုပ်ပါစည်းကမ်းအရ ရုပ်ရှင်ပြသမှုလုပ်ငန်း ဆောင်ရွက်ရမည့် “မြို့မ” ရုပ်ရှင်ရုံကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင်များက စစ်တွေမြို့တွင် ရုပ်ရှင်ရုံ တည်ဆောက်ရန် အဆိုပြုလျှောက်ထားလာပါက ရခိုင်ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ကြီးကြပ်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း  ရှင်းလင်းသည်။

တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ “နိုင်ငံတစ်ဝန်းမှ ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ဇာတ်ကားကြီး မပြသမီ ပညာပေးဇာတ်လမ်းတိုများ သို့မဟုတ် ပညာပေးဆောင်ပုဒ်များ ပြသပေးနိုင်ခြင်း ရှိ၊ မရှိ ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြန်ကြားရေးဝန်ကြီးဌာနတွင် ယခင်က မြန်မာ့ရုပ်ရှင်လုပ်ငန်း (မော်ကွန်းရုပ်ရှင်ရုံးခွဲ) ရှိခဲ့ပါကြောင်း၊ ယင်းရုံးတွင် မော်ကွန်းသတင်းမှတ် တမ်းရိုက်ကူးရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီး နိုင်ငံတော်၏ မူဝါဒနှင့် သက်ဆိုင်သည့် သတင်းမှတ်တမ်းနှင့် ပညာပေးအစီအစဉ်များကို ရိုက်ကူးကာ ရုပ်ရှင်ဇာတ်ကားမပြသမီ ပြသခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ် မှစ၍ ရုပ်ရှင်ရုံများအား ဖလင်ဖြင့်ပြသသည့် စနစ်မှ Digital စနစ်သို့ ပြောင်းလဲဆောင်ရွက်ခဲ့ပြီးနောက် နည်းပညာကန့်သတ်ချက်အရ ရုပ်ရှင်ရုံများတွင် နိုင်ငံတော်သီချင်းကိုသာ ပြသနိုင်ခဲ့ပါကြောင်း၊ ပညာပေးဇာတ်လမ်းတိုများနှင့် ဆောင်ပုဒ်များကို Digital စနစ်ဖြင့် ရိုက်ကူးထားခြင်းမရှိသည့်အတွက် ပြသနိုင်ခဲ့ခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း။

သို့သော်လည်း ကျန်းမာရေးနှင့်ပတ်သက်သည့် ပညာပေးအစီအစဉ်များအဖြစ် ဇာတ်ဝင်ခန်း များအတွင်း ဆေးလိပ်သောက်သည့်ပြကွက်များ ပါရှိပါက ရုပ်ရှင်ဇာတ်ကားအစတွင် “ဆေးလိပ် သောက်ခြင်းသည် သင် နှင့် သင့်ပတ်ဝန်းကျင်ရှိ လူများ၏ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေပါသည်” ဆိုသည့် စာတမ်းထိုးရန်၊ ထိုစာတမ်းကိုနောက်ခံအသံဖြင့်ပြောကြားပြီး ဆေးလိပ်မသောက်ရ Logo ရေးထိုးဖော်ပြရန်နှင့် ဇာတ်ဝင်ခန်းများအတွင်း ဆေးလိပ်သောက်သည့် ပြကွက်များပါရှိပါကလည်း ဆေးလိပ်မသောက်ရ Logo ကို ထည့်သွင်းဖော်ပြစေခြင်းများကို ရုပ်ရှင်ဇာတ်လမ်းခွင့်ပြုစဉ်ကပင် လိုက်နာဆောင်ရွက်စေလျက်ရှိပါကြောင်း။

အလားတူ ရုပ်ရှင်ဇာတ်ကားများတွင် အရက်သောက်သည့်ပြကွက်များ ပါရှိပါက ဇာတ်ကားအစတွင် “သင်အရက်သောက်ခြင်းသည် အသည်းကိုပျက်စီးစေပြီး အသက်ကိုသေစေနိုင်ပါ သည်”ဆိုသည့် စာတမ်းနှင့် Logo ရေးထိုးဖော်ပြခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။ 

ရုပ်ရှင်ရုံများတွင် ဇာတ်ကားမပြသမီ ပညာပေးဇာတ်လမ်းတိုများ သို့မဟုတ် ပညာပေးဆောင်ပုဒ်များ ပြသပေးရန် လိုအပ်မည်ဆိုပါက သက်ဆိုင်ရာအဖွဲ့အစည်းများမှ မူဝါဒနှင့် လမ်းညွှန်မှုများခံယူကာ သင့်တော်သည်များကို Digital စနစ်ဖြင့် ရိုက်ကူးပြီး အချိန်ကာလတစ်ခု သတ်မှတ်၍ နိုင်ငံတော်အလံအလေးမပြုမီ ပြသပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပညာပေးပိုစတာများ ဝေငှလိုပါက ရုပ်ရှင်ကြည့်ပရိသတ်များ မြင်နိုင်သော နေရာတွင် ကပ်ထားပေးခြင်းနှင့် လက်ကမ်းစာစောင်များ ပေးပို့လာပါက ရုပ်ရှင်ကြည့်ပရိသတ်များကို ဖြန့်ဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း  ရှင်းလင်းသည်။

ကျောက်တံတားမဲဆန္ဒနယ်မှ ဦးနေမျိုးထက်၏ “လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု မရှိစေရန်နှင့် လုံလောက်စွာရရှိနိုင်ရေးအတွက် အရန်ပမာဏထားရှိနိုင်ရန်အထိ တိုးမြှင့်ထုတ်လုပ်ခြင်းကို စီမံကိန်း ချလုပ်ဆောင်ရန် အစီအစဉ် ရှိ၊ မရှိ ” မေးခွန်းနှင့်စပ်လျဉ်း၍  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က  အရန်ဓာတ်အားပမာဏ ထားရှိနိုင်ရန်အထိ ဆောင်ရွက်နိုင်ရေးအတွက် မိမိနိုင်ငံ၏ အမြင့်ဆုံးလျှပ်စစ်သုံးစွဲမှု ပမာဏထက် နောက်ထပ်အပို ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျှပ်စစ်ထပ်မံထုတ်လုပ်နိုင်အောင် စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊  Reserve Power ဟုဆိုရာတွင်   Spinning Reserve နှင့် Cold Reserve နှစ်မျိုးစလုံး လုံလောက်အောင် စီစဉ်ထားနိုင်ရန်လိုအပ်ပြီး နှစ်စဉ်တိုးတက်လိုအပ်လာမည့် လျှပ်စစ်လိုအပ်ချက်ကို ခန့်မှန်းတွက်ချက်ကာ အချိန်မီအောင် နှစ်ပေါင်းများစွာကတည်းက စီမံကိန်းများတည်ဆောက်နိုင်ရန် ကြိုတင်စီမံရခြင်းဖြစ်ပါကြောင်း။ 

Supply Side မှ လက်ရှိဓာတ်အားထုတ်လုပ်ပေးနိုင်မှုသည် (၃၆၀ဝ) မဂ္ဂါဝပ်ခန့်ရှိပြီး Demand side မှ ဓာတ်အားတိုးတက်သုံးစွဲမှုသည် နှစ်စဉ် ၁၃ ရာခိုင်နှုန်း တိုးတက်လာသည့် အတွက် ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံထားရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းများအရ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် (၄၇၇၄) မဂ္ဂါဝပ်၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် (၅၂၁၀) မဂ္ဂါဝပ်၊ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် (၅၆၄၆) မဂ္ဂါဝပ် စသည်ဖြင့်နှစ်အလိုက် ဓာတ်အားတိုးမြှင့် ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း အရန်ဓာတ်အားပမာဏအနေဖြင့် ဓာတ်အားထုတ်လုပ်နိုင်မှု၏ ၁၄ ရာခိုင်နှုန်းခန့်အထိ ရရှိ လာမည်ဖြစ်ပါကြောင်း ရှင်းလင်းသည်။

ဆက်လက်၍ မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေး၏ “မက်မန်းမြို့နယ်တွင် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနဖွင့်လှစ်ပေးရန် (၁၂၀×၉၀)ပေ အားကစားရုံနှင့် (၄၀ဝ×၃၀ဝ)ပေ အားကစားကွင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရှင်းလင်းသည်။
ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး၏ “ပျော်ဘွယ်မြို့နယ် မြောက်ပိုင်းရှိ လျှပ်စစ်မီးမရ ရှိသေးသော ကျေးရွာပေါင်း (၃၀) ခန့် လျှပ်စစ်မီးရရှိ သုံးစွဲနိုင်ရန်အတွက် ယင်းတော်ရွာတွင် 33/11KVA 3MVA ဓာတ်အားခွဲရုံ (၁)ရုံနှင့် ကျေးရွာများအတွက် 11KV ဓာတ်အားလိုင်း (၁၂) မိုင် ခန့်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ ”မေးခွန်း၊ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၏ “ကိုယ်ထူကိုယ်ထမီးလင်းရေးဖြင့် လျှပ်စစ်ဓာတ်အားရရှိထားသည့် ကျေးရွာများတွင် လျှပ်စစ်ဓာတ်အား ရရှိရန်အတွက် သတ်မှတ်ထားသော ကြီးမြင့်သည့် နှုန်းကိုမတတ်နိုင်သူများ၊ အများနည်းတူ လျှပ်စစ်မီးသုံးစွဲလိုသူများအတွက် လျှပ်စစ်ဓာတ်အား ရရှိရေးကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် ရေဖြူမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦး၏ “မြန်မာနိုင်ငံတောင်ပိုင်း လျှပ်စစ်ဓာတ်အားရရှိ ရေးအတွက် ရည်မှန်းတည်ဆောက်နေသော LNG ဓာတ်အားပေးစီမံကိန်း (ကံပေါက်)အား မည်ကဲ့သို့အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို သိလိုခြင်း” မေးခွန်းများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းသည်။

ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော “ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ အဆိုတင် သွင်းခြင်းနှင့် အတည်ပြုခြင်းတို့ကို  ဆောင်ရွက်သည်။

ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အမျိုးသားလွှတ်တော်တွင် စတင်တင်သွင်းပြီး ပြင်ဆင်ချက်ဖြင့် အတည်ပြု၍  ပြည်သူ့လွှတ်တော်သို့ ပေးပို့လာသည့် “ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း” တစ်ရပ်လုံးကို ပြင်ဆင်ထားသည့်အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာသည်။ 

ဆက်လက်၍ လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို တင်သွင်းသည့် “ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ဆေးရွက်ပါသည့် ကွမ်းယာသုံးစွဲမှု ထိန်းချုပ်လျှော့ချနိုင်ရန် ထိရောက်သည့် မူဝါဒချမှတ် အကောင်အထည်ဖော်ရေး အစိုးရအားတိုက်တွန်းကြောင်း”အဆိုကို ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။ 

ဖာပွန် မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်က ပြည်တွင်းတွင် ဘိုးဘွားစဉ်ဆက်သုံးစွဲလာခဲ့သည့် ကွမ်းယာ၊ ဆေးလိပ်များကို  ဥပဒေအရမတားမြစ်သင့်ပါကြောင်း၊ စာသင်ကျောင်း၊ တက္ကသိုလ်၊ ရုံးများ၊ ဘူတာရုံ၊ ကားဂိတ်များတွင်သာ ဆေးလိပ်၊ ကွမ်းယာမသုံးအောင် တားမြစ်သင့်ပါ ကြောင်း၊ ထို့ပြင် စည်ပင်ဧရိယာအတွင်း ကွမ်းယာဆိုင်များကိုလည်း ကြိုတင်စာရင်းကောက်ယူပြီး အထူးဈေးနှုန်းနှင့် အခွန်ကောက်သင့်ပါကြောင်း၊ သို့မဟုတ်ပါက ဆေးလိပ်၊ ကွမ်းယာသုံးစွဲမှုများ လာပြီး  မူးယစ်စွဲသူလူငယ်များ များပြားလာနိုင်ပါကြောင်း၊ ထို့ကြောင့် ဆေးလိပ်၊ ကွမ်းယာ သောက်သုံးမှုရပ်တန့်တားဆီးလျှော့ချရေး အဆိုကိုထောက်ခံပါကြောင်း ဆွေးနွေးသည်။

လှည်းကူးမဲဆန္ဒနယ်မှ ဦးသိန်းတန်က ကမ္ဘာပေါ်တွင် ဆေးရွက်ကြီးကို နိုင်ငံတိုင်းသုံးစွဲကြသော်လည်း အရှေ့တောင်အာရှဒေသသည် တစ်ကမ္ဘာလုံး သုံးစွဲမှု၏ ၈၉ ရာခိုင်နှုန်းရှိပါကြောင်း၊ ကွမ်းယာစားသုံးမှု အများဆုံးနိုင်ငံများသည် မြန်မာ၊ အန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ ထိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့ဖြစ်သည်ကို လေ့လာသိရှိရပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၁၈ ခုနှစ် စစ်တမ်းအရ ကွမ်းယာ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲရာမှ ဖြစ်ပေါ်လာသည့်ရောဂါကြောင့် သေဆုံးသူပေါင်း နှစ်စဉ် ၆၅၀ဝ၀ ခန့် ရှိနေပါကြောင်း၊ မြန်မာနိုင်ငံတွင် ဆေးလိပ်၊ စီးကရက် အလိပ်ရေ နှစ်စဉ် ၁၂ ဘီလီယံကျော်သုံးစွဲသည်ဟု သိရှိရပါကြောင်း။ 

ကွမ်းယာ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းအမျိုးမျိုးသုံးစွဲမှုကြောင့် ခံတွင်းကင်ဆာ၊ လျာကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အဆုပ်ကင်ဆာနှင့် နှလုံးသွေးကြောကျဉ်းရောဂါများ အစရှိသည့် မကူးစက်တတ်သော ရောဂါဖြစ်ပွားမှုနှုန်းနှင့် ယင်းရောဂါများကြောင့် အချိန်မတိုင်မီ သေဆုံးမှုနှုန်း မြင့်မားလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ ကျန်းမာရေးကို အန္တရာယ်ပြု ခြိမ်းချောက်လျက်ရှိနေသည့်အပြင် မူးယစ်ဆေးဝါးအစ ဆေးလိပ်၊ ကွမ်းယာက ဆိုသည့် အချက်ကို သတိပြုရမည်ဖြစ်ပါကြောင်း။

ယနေ့ရောင်းချလျက်ရှိသည့် စီကရက်ဘူးများတွင် ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီး သုံးစွဲခြင်း၊ ကွမ်းစားခြင်းကြောင့် လည်ချောင်းကင်ဆာဖြစ်နိုင်သည်ဟု ရေးထားသကဲ့သို့ ဆေးလိပ်၊ ကွမ်းယာရောင်းသည့် ဈေးဆိုင်တိုင်းတွင်လည်း အလားတူ အန္တရာယ်ဖြစ်နိုင်ကြောင်း သတိပေး ဗွီနိုင်းဆိုင်းဘုတ်များကို မဖြစ်နေချိတ်ဆွဲထားရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ်တွင် အခွန်တိုးမြှင့်ကောက်ခံသင့်ပါကြောင်း၊ တိုးမြင့် အခွန်ကြောင့် လူ့အသက်များကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း အကြံပြုဆွေးနွေးသည်။

ထို့အတူ စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူ၊ ကော့မှူးမဲဆန္ဒနယ်မှ ဦးကျော်ဆွေဝင်း၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ ဒလမဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေး၊ ထီးချိုင့်မဲဆန္ဒနယ်မှ ဦးမောင်မောင်နှင့် ပြင်ဦးလွင် မဲဆန္ဒနယ်မှ  ဒေါက်တာ ဦးအောင်ခင်တို့က ဆွေးနွေးကြသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေးက ယင်းအဆိုနှင့် ပတ်သက်၍ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ တင်ပြချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဥပဒေပါပြဋ္ဌာန်းချက်များ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ အလေးထား ဆောင်ရွက်လျက်ရှိသောကြောင့် အဆိုအား အတည်ပြုသင့်ပါကြောင်းပြောကြားရာ လွှတ်တော်က သဘောတူသည့်အတွက် ယင်းအဆိုကို အတည်ပြုခဲ့သည်။ 

သတင်း-မော်စီ၊ မွှေးကြူဇင်၊ ဓာတ်ပုံ-ထိုက်ကြီး