ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး  စတုတ္ထနေ့ အစီအစဉ်ကျင်းပ

နေပြည်တော် ၂၅ ဇူလိုင် 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၏ “ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသော School Bus အမျိုးအစား သတ်မှတ်ချက် (၁၂)ချက်အနက်မှ လက်ရှိ School Bus အများစု ဆက်လက်ပြေးဆွဲနိုင်ရေးအတွက် အချက် (၁)ချက်အား နှစ်ကာလ အကန့်အသတ်ဖြင့် ဖြေလျှော့ပေးရန် အစီအစဉ်ရှိ၊မရှိ’’ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုးက School Bus ယာဉ်များ စနစ်တကျရှိ စေရေး၊ လက်ယာကပ် မောင်းစနစ်နှင့်ကိုက်ညီသော ဘယ်မောင်းစနစ်များဖြစ်စေရေး၊ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းလျက် လုံခြုံစိတ်ချစွာ စီးနင်းနိုင်စေရေး၊ ယာဉ်ကြောပိတ်ဆို့မှု များလျှော့ချနိုင်ရေးတို့အတွက် ကျောင်းကားများလိုက်နာရန် စံသတ်မှတ်ချက် (၁၂)ချက်ကို သတ်မှတ်ခဲ့ရခြင်းဖြစ်ပါကြောင်း။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း အဆိုပါသတ် မှတ်ချက်(၁၂)ချက်နှင့် ညီညွတ်ပြည့်စုံနိုင်သော ယာဉ်အမျိုးအစားများ အလုံအလောက်ရှိနေသည့်အတွက် လည်းကောင်း၊ အဆိုပါသတ်မှတ်ထား သောစံနှုန်း(၁၂)ချက်သည် နိုင်ငံတကာတွင်လိုက်နာကျင့်သုံးရသည့် သတ်မှတ်ချက်များထက် များစွာလျော့နည်းနေသေး၍လည်းကောင်း၊ ညွန်ကြားချက်(၁၈/၁၇) ထုတ်ပြန်ပြီးနောက် သက်ဆိုင်ရာဒေသ အစိုးရက ဒေသအခြေအနေပေါ်မူတည်၍ ယာယီဖြေလျှော့ခွင့်ပြုခြင်းများ ဆောင်ရွက်ပြီးဖြစ်၍ လည်းကောင်း၊ ကျောင်းသား ကျောင်းသူများ၏ ယာဉ်တိုက်မှုအန္တရာယ်ကို ကြိုတင်ကာကွယ်သင့်ခြင်းကြောင့်လည်းကောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဖြင့်  ညွှန်ကြားချက်ပါ သတ်မှတ်ချက် အမှတ်စဉ်(ဂ)ကို ဖြေလျှော့ပေးရန် အစီအစဉ်မရှိပါကြောင်း။ 

 

လက်ရှိအခြေအနေတွင် ဒေသတွင်း ကျောင်းကြို၊ ကျောင်းပို့ယာဉ်များ၏ အခြေအနေ၊ ကျောင်းသား ကျောင်းသူအင်အားနှင့် ယာဉ်လိုအပ်ချက်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းမှု အခြေ အနေတို့အပေါ်မူတည်၍ School Bus ကိစ္စရပ်များအား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ကြီးကြပ်ထိန်းသိမ်းဆောင်ရွက်မှုများအတိုင်း လိုက်နာဆောင်ရွက်ရန်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ရမ်းဗြဲ မဲဆန္ဒနယ်မှ ဦးကျော်ရွှေ၏ “ရမ်းဗြဲမြို့နယ်မှ စစ်တွေမြို့နှင့် တောင်ကုတ်မြို့သို့ ရေ ကြောင်းခရီးဖြင့် စရိတ်သက်သာစွာ သွားလာနိုင်ရေးအတွက် ရမ်းဗြဲမြို့ ဒေါရထဆိပ်ကမ်းနှင့် ကျောက်နီမော်၊ ဟုံးဝဆိပ်ကမ်းတို့တွင် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးပိုင် သင်္ဘောများ ဆိုက်ကပ်ပို့ဆောင်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးပိုင် “ကစ္ဆပနဒီ” ရေယာဉ်များသည် ခရီးသည်သီးသန့်တင် ရေယာဉ်များဖြစ်၍ ကုန်စည်တင်ဆောင်နိုင်မှုမရှိခြင်း၊ ရေယာဉ်များ၏ ရေစူးနှင့်အမြန်နှုန်းကြောင့် ဆီစားနှုန်းများပြားခြင်းတို့ကြောင့် ရမ်းဗြဲမြို့နယ်မှ စစ်တွေမြို့နှင့် တောင်ကုတ်မြို့များသို့ စရိတ်သက်သာစွာ သွားလာဆက် သွယ်နိုင်ရေးအတွက် ရမ်းဗြဲမြို့ ဒေါရထဆိပ်ကမ်းနှင့် ကျောက်နီမော် ဟုံဝဆိပ်ကမ်းတို့တွင် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးသင်္ဘောများ ဆိုက်ကပ်ပို့ဆောင်ပေးရန် လတ်တလောတွင် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းပြောကြားသည်။

 

တိုက်ကြီး မဲဆန္ဒနယ်မှ ဦးကျော်မြင့်၏ “ဓားမဦးချ ပြေစာပေါက်လယ်မြေများကိုသိမ်းယူပြီး ငါးကန်များတူးဖော်ခြင်း၊ ဂရန်အင်းနယ်မြေများကို ရေနက်ကွင်း၊ ရေမြုပ်ငါးကန်အဖြစ်တူးဖော်ပြီး ငါးရိုင်းများသွင်း၍ လုပ်စားနေသူနှင့် လေလံအောင် အင်းသမားတို့ အငြင်းပွားနေမှုတွင် နစ်နာသူများက တိုင်ကြားလာခြင်းကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်း၊ ညောင်တုန်းမဲဆန္ဒနယ်မှ ဦးအုန်းလွင်၏ “လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇) ပြုလုပ်ရာတွင် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း အမည်ပြောင်းလဲရန် ခက်ခဲနေခြင်းကိစ္စအား မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း”မေးခွန်း၊ ဖြူးမဲဆန္ဒနယ်မှ ဦးသန်းညွန့်၏ “ဖြူးမြို့နယ်ရှိ နွေစပါးစိုက် တောင်သူလယ်သမားများ၏ လိုလားချက်များကို ဖြည့်ဆည်းပေးရန်နှင့် ဆည်ရေသောက်စီမံကိန်းကို လာမည့်နှစ်တွင် ဘတ်ဂျက် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ ”မေးခွန်းနှင့် ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ “ကနီမြို့နယ်၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်နိုင်မည့်နေရာ လမ်းကြောင်းများသတ်မှတ်၍ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းများနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းပြောကြားသည်။

 

ထို့အတူ မင်းဘူး မဲဆန္ဒနယ်မှ ဦးဝင်းဝင်း၏ “သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အမှန်တကယ်လိုအပ်နေသော မန်းချောင်းတံတား အထက်ပိုင်း သောင်တူးပေးရန်နှင့် စကုမြို့သို့ ဦးတည်တိုက်စားနေသောနေရာတွင် ရေကာတာပြုလုပ်ပေးရန် အစီအစဉ် ရှိ၊မရှိ’’ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဦးမြင့်သိန်း၊ ဝက်လက် မဲဆန္ဒနယ်က “စိုက်ပျိုးရေးထုတ်ကုန်အစားအစာများ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ဂေဟစနစ်မပျက်စီးရေးအတွက် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ စနစ်တကျ သုံးစွဲတတ်အောင် လေ့ကျင့် သင်ကြားပေးရန်နှင့် အပြင်းစားဆေးများ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းကို စိစစ်ကြပ်မတ်တားဆီးပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်တင့်က ထောက်ခံဆွေးနွေးသည်။

 

ယင်းအဆိုတွင် မိမိတို့နေ့စဉ်စားသုံးနေသည့် ဟင်းသီးဟင်းရွက် အသီးအနှံအားလုံးသည် ဓာတုဆေးဝါးများနှင့်မကင်းဘဲ စနစ်တကျအသုံးပြုထားခြင်း မရှိသည့်အတွက် စားသုံးရန်မသင့်လျော်ကြောင်း၊ ယုံကြည်စိတ်ချရမှုမရှိကြောင်း၊ လူအများစုက သိရှိနေသော်လည်း ရွေးချယ်စရာမရှိ၍ ရရာကို ဝယ်ယူစားသုံးနေကြရသည့်အတွက် ရောဂါမျိုးစုံဖြစ်ပွားခြင်း၊ အစာအဆိပ်သင့်ခြင်းစသည့် မလိုလားအပ်သော ဆိုးကျိုးများကို ခံစားနေကြရပါကြောင်း၊ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများတွင်လည်း ဓာတုဓာတ်ကြွင်းများ ပိုမိုများပြားလာသကဲ့သို့ သဘာဝပတ်ဝန်းကျင် အရင်းအမြစ်ကိုလည်း ပိုမိုထိခိုက်နေပါကြောင်း။

 

ယခုလိုခြေအနေဆိုးများကို ကျော်လွှားနိုင်ရန် ဓာတုပိုးသတ်ဆေးသုံးစွဲမှု ကန့်သတ်ရေး၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကာကွယ်ရေးများကို လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ပြီး အလေးအနက်ထား ဆောင်ရွက်စေရန်ဖြစ်ပါကြောင်း။

 

စီးပွားရေးလုပ်ငန်းရှင်အချို့သည် မိမိတို့၏ အကျိုးစီးပွားတိုးတက်ရေးကိုသာ ရှေးရှုပြီး ဘယ်သူသေသေ ငတေမာပြီးရောဟူသည့် စိတ်ဓာတ်များဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများကို ဥပေက္ခာ ပြုပြီးထုတ်လုပ်လာနေမှုများကြောင့် စားသုံးသူပြည်သူများ ဒုက္ခရောက်နေကြပါကြောင်း၊ ထိုအချက်သည် တိုင်းပြည်ကို အလွန်နစ်နာစေသည့် အချက်လည်းဖြစ်ပါကြောင်း၊ ဓာတုဆေးသုံး အစားအသောက်များကြောင့် လူထုကျန်းမာရေးဖောက်ပြားလာမှုသည် အစိုးရကို ဝန်ပိုပိစေပါကြောင်း၊ တိုင်းပြည်၏ လူ့စွမ်းအားရင်းမြစ်များကိုလည်း ဆုံးရှုံးလာစေပါကြောင်း၊  

 

ဓာတုသုံးပိုးသတ်ဆေးနှင့် မြေသြဇာထုတ်လုပ်သူများ၊ တင်သွင်းသူများနှင့် စိုက်ပျိုးထုတ်လုပ်သူများသည် မိမိဘဝတို့ရှင်သန်ရပ်တည်နိုင်ရေး ထုတ်လုပ်နေကြသကဲ့သို့ စားသုံးသူများ၏အသက်နှင့် ကျန်းမာရေးအတွက်လည်း တာဝန်ခံနိုင်စေရန်ဖြစ် ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ပြီး ထုတ်လုပ်ပြီး ဟင်းသီးဟင်းရွက်နှင့် သီးနှံများသည် စားသုံးသူအတွက် ဘေးဥပါဒ်အန္တရာယ်မရှိစေရေး၊ ကျန်းမာရေးအထောက်အကူဖြစ်စေရေးတို့ကို တာဝန်ယူဆောင်ရွက်သွားနိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။

 

မြန်မာလယ်ယာကဏ္ဍမြင့်မားလာရေးအတွက် ဓာတုသုံးပိုးသတ်ဆေးများ၊ ဓာတ်မြေသြဇာများတင်သွင်းခြင်း၊ ထုတ်လုပ်ခြင်းများကို နိုင်ငံတော်အစိုးရက စိစစ်ကြပ်မတ်ပေးရန်လိုအပ်ပြီး ဥပဒေနှင့်တားမြစ်ထားသည့် စိုက်ပျိုးရေးသုံးဓာတုဆေးများ တင်သွင်းခြင်းကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူခြင်း၊ ခွင့်ပြုထားသော ဓာတုပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာများကို တောင်သူဦးကြီးများက နည်းမှန်လမ်းမှန်ဖြင့် သုံးစွဲတတ်အောင် ဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း စသည့်အချက်များ ပါဝင်သည်။

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ လက်ခံဆွေးနွေးရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် လက်ခံဆွေးနွေးရန်ဆုံးဖြတ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီဝင် တင်သွင်းသည့် “မြန်မာနိုင်ငံ ဘူမိသိပ္ပံကောင်စီ ဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ ဥပေဒကြမ်းကော်မတီဝင် ဦးဝေလှိုင်ထွန်းက ကော်မတီ၏ ပြင်ဆင်ချက် ၉၃ ချက်ကို တင်သွင်းရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်များ အတိုင်း ဤဥပဒေကြမ်း၏ အစိတ်အပိုင်းဖြစ်ကြောင်း အတည်ပြုကြေညာသည်။

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အထက်ပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ ပြင်ဆင်အတည်ပြုချက်များကြောင့် ပြောင်းလဲသွားသည့် အပိုဒ်၊ အပိုဒ်ခွဲ အမှတ်စဉ်များနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် ယင်းဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုကြောင်းနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။ 

 

သတင်း-မော်စီ၊ မွှေးကြူဇင်
ဓာတ်ပုံ-ထန်းဖုန်