ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ

နေပြည်တော်  ၂၉  ဇူလိုင် 


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 


ယနေ့ အစည်းအဝေးတွင် ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်၏  “ပြည်ထဲရေးဝန်ကြီး ဌာနက သိမ်းယူထားသော ဘားအံမြို့နယ် လှာကဒေါင် ကျေးရွာအုပ်စု၊ လက္ခဏကျေးရွာ၊ ဝါဂွမ်း လှိုင်ထိပ်ကွင်း၊ ကွင်းအမှတ် (၁၁၂၅၊ ၁၁၂၆၊ ၁၁၂၈)ရှိ အမည်ပေါက် လယ်မြေများအား ပြန်လည် လုပ်ကိုင်ခွင့်ပြုရန် မည်ကဲ့သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက အကျဉ်းဦးစီးဌာနအနေဖြင့် လက္ခဏစိုက်ပျိုးမွေး မြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းကို အကျဉ်းသားများလုပ်အားဖြင့် ၎င်းတို့၏ သက်သာ ချောင်ချိရေးအတွက် အကျိုးဖြစ်ထွန်းစေသော စီမံကိန်းအဖြစ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ဒေသခံ ဦးစောခင်လှမြိုင်ပါ တောင်သူ ၈၄ ဦးအနေဖြင့် အကျဉ်းဦးစီးဌာနမှ  စွန့်လွှတ်အပ်နှံထားသော လယ်ယာမြေ ၉၁ ဒသမ ၁၀ ဧကကိုသာလျှင် လယ်ယာမြေပိုင်ဆိုင်ခွင့် လျောက်ထားရန်နှင့် အကျဉ်းဦးစီးဌာနမှ လက်ရှိလုပ်ကိုင်နေ သော ၈၁၁ ဒသမ ၉၉ ဧကမှ ထပ်မံစွန့် လွှတ်ပေးနိုင်ခြင်းမရှိပါကြောင်း ရှင်းလင်းပြောကြားသည်။


ရပ်စောက်မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၏ “မူးယစ်ဆေးဝါး သုံးစွဲသူများအတွက် လူမှုရေးပြစ် ဒဏ်အဖြစ် ချမှတ်သည့် ပြစ်ဒဏ်ပေးခြင်းကို နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိအချိန်တွင် လက်တွေ့ ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း”မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ၁၉၉၃ ခုနှစ် မူယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြင်ဆင်ခဲ့ပါ ကြောင်း၊ ပြင်ဆင်ခဲ့သောဥပဒေအရ ယခင် မူလဥပဒေပုဒ်မ ၁၅ တွင် ပြဋ္ဌာန်းထားသည့် မူးယစ် ဆေးဝါးသုံးစွဲမှုကို ပြစ်မှုအဖြစ် သတ်မှတ်ထားခြင်းကို ပယ်ဖျက်၍ မူးယစ်ဆေးဝါးသုံးစွဲမှုကို ကျန်းမာ ရေးနှင့်လူမှုရေးပြဿနာ တစ်ရပ်အဖြစ် ရှုမြင်သုံးသပ်ပြီး  လူမှုရေးပြစ်ဒဏ်အဖြစ်သာ  ချမှတ်နိုင်ရန် ဖြည့်စွက်ပြဋ္ဌာန်းခဲ့ပါကြောင်း။


၁၉၉၅ ခုနှစ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ နည်းဥပဒေများ အား ပြင်ဆင်ရေးဆွဲနိုင်ရေးကော်မတီကို  ဒုတိယရဲချုပ်အပါအဝင် ၂၈ ဦးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းတာဝန်ပေးအပ်၍  အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ နည်း ဥပဒေ(မူကြမ်း)ကို ရေးဆွဲပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ပေးပို့၍ သဘောထားမှတ်ချက် တောင်းခံ ထားပါကြောင်း၊ သို့ဖြစ်၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပြင်ဆင် သည့် နည်းဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးမှသာ ဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ 


 မင်္ဂလာဒုံ မဲဆန္ဒနယ်မှ ဦးအောင်လှိုင်ဝင်း၏ “မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာအုပ်စုအ တွင်းရှိ စံသမာဓိ၊ မြဲမြံအောင်နှင့် ဂုံညင်းနီရပ်ကွက်များရှိ ပြည်သူများအတွက် နေထိုင်မှုအထောက် အထား အခက်အခဲကြောင့် မှတ်ပုံတင်မရရှိခြင်းအား မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း” မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသိန်းဆွေက တည်ဆဲဥပဒေများနှင့်အညီသာ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။


 ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးစတီဖန်၏ “မိုင်းလားမြို့နယ်၊ ဝမ်နောင်လုံအုပ်စုအတွင်းရှိ ဝမ်နောင် လေးကျေးရွာ၊ ဝမ်လောက်ဖျားကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများကို မိုင်းခတ်မြို့နယ်အတွင်း ပြန်လည်ထည့်သွင်း ဖွဲ့စည်းပေးနိုင်ရန်နှင့် ၎င်းကျေးရွာသူ၊ ကျေးရွာသားများအတွက် အိမ်ထောင်စု စာရင်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ ” မေးခွန်းနှင့်စပ်လျဉ်း၍  အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ကျိုင်းတုံခရိုင် မိုင်းခတ်မြို့ ဝမ်းနောင်လုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၄) ရွာသည် အထူး ဒေသ-၄ မိုင်းလားဒေသအုပ်ချုပ်မှုအောက်တွင်ရှိခြင်း၊ လုံခြုံရေးအရ ကန့့်သတ်နယ်မြေဖြစ်ခြင်းတို့ ကြောင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အထူးဒေသ(၄) မိုင်းလားဒေသတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း  ရှင်းလင်းပြောကြားသည်။


ဒလမဲဆန္ဒနယ်မှ ဒေါက်တာဦးစိန်မြအေး၏ “ဒလ-တွံတေးကားလမ်းမကြီးဘေးရှိ အများပြည် သူ ကျန်းမာရေးနှင့် မြို့အင်္ဂါရပ်ကို ထိခိုက်နေသော အမှိုက်ပုံကြီးအား ပြောင်းရွှေ့ရန်နှင့်စပ်လျဉ်း၍ မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်း” မေးခွန်းနှင့်စပ်ချဉ်း၍  နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ ပြောင်းရွေ့ဆောင်ရွက်ရန်အတွက် မြေနေရာ ဧက ၂၀ ဝယ်ယူရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဘဏ္ဍာငွေလျာ ထားချက်၌ ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။


မရမ်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာမေဝင်းမြင့်၏ “မရမ်းကုန်းမြို့နယ်၊ (၂) ရပ်ကွက်၊ ဦးချစ်ထွန်း လမ်းနှင့် ကျောက်ပြားစက်ရုံလမ်းကြားရှိ အလျားပေ (၁၀ဝ)၊ အနံ (၈၅)ပေ ကျယ်ဝန်းသောမြေကွက် အား နိုင်ငံရေးပါတီတစ်ခုအမည်ဖြင့် ဂရန်ထုတ်ပေးထားခြင်း ကိုပယ်ဖျက်ပြီး မူလအတိုင်း ကလေး ကစားကွင်းအဖြစ် ပြန်လည်သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍  နေပြည်တော် ကောင်စီဝင် ဦးညီထွန်းက အဆိုပါမြေနေရာအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးမှတဆင့် အများပြည်သူ အကျိုးအလို့ငှာ အများပိုင် ကလေးကစားကွင်းအဖြစ် ဆောင်ရွက်ရန်ညှိနှိုင်းမှုအရ အဆိုပါမြေကွက်အား ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာန (ကလေးကစားကွင်း)၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဟု မြို့မြေစာရင်း (Town Land Roll)တွင် ပြင်ဆင် မှတ်သားဆောင်ရွက်နိုင်ရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးအတည် ပြုချက်ရယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ 


ကန်ပက်လက် မဲဆန္ဒနယ်မှ ဦးညွန့်ဝင်း၏ “ရဲလောင်းချောင်း ရေပေးစီမံကိန်းအတွက် လိုအပ်သော ရန်ပုံငွေ ခွဲဝေချထားပေးရန် အစီအစဉ် ရှိ၊ မရှိ ” မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင် ဦးညီထွန်းက ကန်ပက်လက်မြို့ သောက်သုံးရေဖူလုံနိုင်ရေးအတွက် ရဲလောင်းချောင်းမှ ၄ လက်မ  PVC ပိုက်ဖြင့် ရေသွယ်ယူခြင်းလုပ်ငန်း ၅ မိုင်အား ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးအဖွဲ့၏ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ရန် လျာထားတင်ပြထားပါကြောင်း၊ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။   


ထို့နောက် မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်က “ပြည်ပရောက် မြန်မာလုပ်သားများ Labour Right အပြည့်အဝရရှိစေရေးနှင့် အခက်အခဲများကြုံတွေ့ရသည့်အခါ ကူညီစောင့်ရှောက်ပေးနိုင်ရေးနှင့် ပြည်တွင်းတွင် Labour Intensive Industry များ အလုံးအရင်းနှင့် ပေါ်ပေါက်လာစေရေးအတွက် စီမံဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုတင်သွင်းသည်။


ယင်းအဆိုတင်သွင်းရာတွင် ဦးမောင်မြင့်က ၂၀၁၄ ခုနှစ် မှ  ၂၀၁၉ ခုနှစ်အထိ ဘန်ကောက် တွင် MOU စနစ်အရ သာမန်နိုင်ငံ ကူးလက်မှတ်ဖြင့်သွားသူများရှိသော်လည်း အထောက်အထား ခိုင်ခိုင် မာမာရှိသူ ၁ ဒသမ ၅သန်း မပြည့်ပါကြောင်း၊ စုစုပေါင်း ၃ ဒသမ ၅ သန်းရှိသည့်အနက် ၁ ဒသမ ၅ သန်းသာ အထောက်အထားရှိသည့်အတွက် ၂ သန်းကျော်သည်  တရားမဝင်အလုပ်သမား အဖြစ်ဖြင့် ရှိနေ သည်ဟု တွက်ဆနိုင်ပါကြောင်း၊  တရားဝင်အလုပ်သမားတစ်ယောက်သည်ပင်လျှင်  Labour Right ကို အပြည့်အဝရရန် အာမမခံနိုင်သည့် အခြေအနေတွင် ထိုင်းနိုင်ငံ၌ရှိသည့်  တရားမဝင် မြန်မာ လုပ်သား ၂ သန်းကျော်ကို တရားဝင်ဖြစ်ရန် C of I ထုတ်ပေးရေးလုပ်ငန်းသည် အလွန်အရေးကြီး နေပြီဖြစ်ပါကြောင်း။ 


မိမိအနေဖြင့် ထိုင်းနိုင်ငံရှိ စက်ရုံ ၁၀ဝ ကျော်ကို သွားရောက်လေ့လာခဲ့ဘူးပါကြောင်း၊ များ သောအားဖြင့် အဆောင်(Dormitory) ပါပေးသောကြောင့် အလုပ်သမားများအတွက် နေရေးစိတ်ပူ စရာမလိုတော့ပါကြောင်း၊ မိမိတို့နိုင်ငံတွင် FDI လာပါက Dormitory ကို ထည့်သွင်းပေးရန် မတောင်း ဆိုသည့်အတွက် လှိုင်သာယာ၊ ရွှေပြည်သာက အလုပ်သမားများသည် များသောအားဖြင့် ကျူးကျော် များ ဖြစ်ကုန်ပြီး Law Enforcement ကို ပါထိခိုက်စေပါကြောင်း၊ Dormitory မရှိ၍ Work Site ကို ကြို/ပို့ စီစဉ်ပေးရသောကြောင့် အလုပ်ချိန်ကို ထိခိုက်စေသည့်အပြင် မလိုလားအပ်သည့် အုပ်ချုပ်မှုကိစ္စများနှင့် ကုန်ကျစရိတ်များ တစ်ဆက်တည်း ဖြစ်ပေါ်လာပါကြောင်း။


 ထို့ကြောင့် နိုင်ငံတော်၏ လုပ်သားထုကြီးမှ ၅ သန်းခန့်သည် ပြည်ပနိုင်ငံများ၌ တရားဝင် အဖြစ်သော်လည်းကောင်း၊ တရားမဝင်အဖြစ် သော်လည်းကောင်း ရောက်ရှိနေပါကြောင်း၊ ၎င်းတို့ ရောက်ရှိနေသော နိုင်ငံများတွင် Labour Right အပြည့်အဝခံစားရခြင်းမရှိဘဲ တစ်ခါတစ်ရံအလုပ် ရှင်ကလည်းကောင်း၊ လူမိုက်များကလည်းကောင်း တရားမဲ့ညှဉ်းပမ်းနှိပ်စက်မှုခံကြရပါကြောင်း၊ အထက်ပါ အလုပ်သမားများကို သက်ဆိုင်ရာ နိုင်ငံအလိုက် လုံလောက်သည့် စောင့်ရှောက်မှုပေး နိုင်ရေး စီမံဆောင်ရွက်ပေးနိုင်ပါရန်နှင့် ပြည်ပရောက် မြန်မာများအတွက် မိမိတို့နိုင်ငံတွင်  လုပ်သား အခြေပြုလုပ်ငန်းများ အလုံးအရင်းနှင့် ပေါ်ပေါက်လာရန်အတွက် စီမံဆောင်ရွက်ရန် တိုက်တွန်းပါ ကြောင်းစသည်ဖြင့် ထည့်သွင်းဆွေးနွေးသည်။


ယင်းနောက် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးက  ယနေ့ကမ္ဘာ့အခြေအနေတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရွှေ့ပြောင်းအလုပ်သမားများ တစ်စတစ်စတိုးတက်များပြားလာသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပြည်ပသို့ တရားဝင်နှင့် တရားမဝင် သွား ရောက် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ဦးရေ ၂၀၂၁၉၁၀ ရှိသည်ဟု ILO စာရင်းတွင် ဖေါ်ပြ ထားပါကြောင်း၊  ယခုအချိန်တွင် ၅ သန်းခန့်ရှိနေပြီဖြစ်ကြောင်း သိရှိရသည့်အတွက် ၎င်းတို့၏ လူမှု ဘဝလုံခြုံရေးနှင့် လုပ်ခလစာ အခွင့်အရေးများ မှန်ကန်မျှတစွာ ရရှိခံစားခွင့်ရရှိရေးသည် စိတ်သော က ရောက်စရာဖြစ်ပါကြောင်း။ 


သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ချက်များနှင့် လေ့လာသူများ၍ ကိန်းဂဏန်းများအရ ပြည်ပ နိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသူ တရားဝင်အင်အားစာရင်း၊ ငွေလွှဲပို့သည့်ဦးရေ၊ လက်တွေ့ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် လုပ်သားအင်အားစသည့် မတူညီမှုများအပေါ်တွင် မှန်ကန်စွာ စိစစ်ထိန်းကျောင်းနိုင်သည့် ယန္တယားတစ်ရပ် လိုအပ်နေသည်ဟု သုံးသပ်လိုပါကြောင်း ဆွေးနွေးသည်။


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က“ပြည်ပရောက် မြန်မာလုပ်သားများ Labour Right အပြည့်အဝရရှိ စေရေးနှင့် အခက်အခဲများ ကြုံတွေ့ရသည့်အခါ ကူညီစောင့်ရှောက်ပေးနိုင်ရေးနှင့် ပြည်တွင်းတွင် Labour Intensive Industry များ အလုံးအရင်းနှင့် ပေါ်ပေါက်လာစေရေးအတွက် စီမံဆောင် ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် လက်ခံဆွေးနွေးရန်ဆုံးဖြတ်ကြောင်းနှင့် ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။


ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူးက “တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း” ကိုတင်သွင်းပြီး ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဒေါ်မာမာခိုင်က ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များပါဝင်သော အစီရင်ခံစာကို ဖတ်ကြားသည်။


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက် ရေးကော်မတီက တင်သွင်းသည့် “တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။


သတင်း- မော်စီ၊ မွှေးကြူဇင်

 

2