နေပြည်တော် ၁၈ ဖေဖော်ဝါရီ 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင် မြဝတီမဲဆန္ဒနယ်မှ ဦးစိန်ဗိုလ်၏ မြန်မာနိုင်ငံအတွင်း ကျူးကျော်များအဖြစ် သတ်မှတ်ခံရသော နိုင်ငံသားမိသားစုများအား အိမ်ထောင်စုစာရင်း ထုတ်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် မရှိပါက ကျူးကျော်အဖြစ် သတ်မှတ်ခံရသော မြန်မာနိုင်ငံသား မိသားစုများအား အိမ်ထောင်စုစာရင်း ထုတ်ပေးနိုင်ရေး မည်သို့စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊  လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က  မြန်မာနိုင်ငံ အတွင်း အစိုးရဌာနပိုင်မြေ၊ သစ်တောကြိုးဝိုင်းမြေ၊ စည်ပင်ပိုင်မြေ၊ အဖွဲ့အစည်းပိုင်မြေ၊ ကုမ္ပဏီပိုင်မြေ၊ သာသနာ့နယ်မြေ၊ ပုဂ္ဂလိကပိုင်မြေ၊ မြေနုကျွန်း၊ မီးရထားလမ်းဘေး၊ ကားလမ်းဘေး စသည့် နေရာများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက ခွင့်ပြုချက်မရှိသော မြေနေရာများတွင် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်လျက်ရှိသော  ယာယီရွှေ့ ပြောင်းနေထိုင်သူများသည် ကျူးကျော်ဝင်ရောက် နေထိုင်သူများဖြစ်သောကြောင့် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများဖြင့် ညီညွှတ်မှုမရှိပါသဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေး၍မရပါကြောင်း၊ ယာယီရွှေ့ပြောင်းနေထိုင်သည့် ကျူးကျော် နေထိုင်သူများအနေဖြင့် နိုင်ငံတော်မှ ဥပဒေပြဋ္ဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ အကျုံးဝင်သည့်နေရာတွင် အခြေချနေထိုင်ခြင်းဖြင့် မိမိဝန်ကြီးဌာနမှ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးလျက်ရှိသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်တစ်မျိုးမျိုးရရှိရေးအတွက် စိစစ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

တွန်းဇံ မဲဆန္ဒနယ်မှ ဦးခမ်ခန့်ထန်၏  မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် လူဦးရေ၊ အိမ်နှင့်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသား လူမျိုးများစာရင်း (၁၃၅)မျိုးတွင် မပါဝင်သော တိုင်းရင်းသားလူမျိုးများ ကုဒ်နံပါတ် (၉၁၄) (အခြား) ခေါင်းစဉ်တွင် ရေးသွင်းဖော်ပြထားသော တိုင်းရင်းသားလူမျိုးအမည်များကို ဖော်ပြန်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က  တိုင်းရင်းသားလူမျိုးများ၏ တောင်းဆိုချက်များအရ တိုင်းရင်းသားလူမျိုးနွယ်စုများ၏ အမည်များ ပြင်ဆင်သတ်မှတ်ခြင်း၊ တိုင်းရင်းသားလူမျိုးနွယ်စုများ ပြန်လည်သတ်မှတ်ခြင်း စသည့် ကိစ္စရပ်များအတွက် လွှတ်တော်များနှင့် ပြည်ထောင်စုတိုင်းရင်းသားရေးရာ ကော်မတီဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များ၊ လူမှုအဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်သူများပါဝင်သော ဆွေးနွေးပွဲများ ပြုလုပ်ပေးရန် လိုအပ်ပါကြောင်း၊ ဆွေးနွေးပွဲများပြုလုပ်ရာတွင် မှန်ကန်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်များတွင် လူမျိုးစုအလိုက် ဆောင်ရွက်ပြီးမှသာ ပြည်ထောင်စုအဆင့်တွင် လူမျိုးစုညီလာခံကျင်းပ၍ ဆောင်ရွက်သင့်ပါကြောင်း။

သို့ပါ၍ အဆိုပါကိစ္စသည် ဝန်ကြီးဌာနတစ်ခုတည်းဖြင့် ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းရင်းသားလူမျိုးခေါင်းဆောင်များ၊ သမိုင်းပညာရှင်များ၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့တို့မှ လေ့လာစိစစ်တင်ပြပြီး ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူဆောင်ရွက်သင့်သောကိစ္စရပ်သာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဦးမြစိန်၏ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် မြေလွတ်၊ မြေလပ်များရှိနေသော်လည်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရုံး မရှိသေးသည်ကို တွေ့ရပါသဖြင့် ရုံးတစ်ရုံးအမြန်ဆုံးချထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က  အလုပ်သမားညွှန်ကြားမှုဦးစီး ဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင်  ရုံးဖွင့်လှစ်ရန်အတွက် ဖွဲ့စည်းပုံတွင် ခွင့်ပြုထားခြင်းမရှိပါသဖြင့် ရုံးဖွင့်လှစ်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၏ အလုပ်သမားရေးရာ ကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန(မြို့နယ်ရုံး) ဖြစ်သည့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဒီပဲယင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၏ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရဲစခန်းအား နယ်မြေရဲစခန်းကြီးအဖြစ် အဆင့်မြှင့်ပေးရန်နှင့် အဆင့်မီဝန်ထမ်းအိမ်ရာများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် စိုင်ပြင်ရဲကင်းစခန်းအား နယ်မြေရဲစခန်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ် နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း၊ ခွင့်ပြုချက်ရရှိပြီးမှသာ ရဲစခန်းရုံးနှင့် အိမ်ရာများ ဆောက်လုပ်ခွင့်ရရှိရေးတို့အတွက် ဘဏ္ဍာငွေတင်ပြတောင်းခံ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။ 

ဗိုလ်တထောင် မဲဆန္ဒနယ်မှ ဒေါ်မြင့်မြင့်စိုး (ခ) ဒေါ်မေစိုး၏ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပတ်သက်၍ အများပြည်သူများ အလွယ်တကူ သိရှိဆက်သွယ်ဆောင်နိုင်သော Complain Centre တစ်ခု ထူထောင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက  ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပတ်သက်သည့် တိုင်ကြားချက်များ လက်ခံသည့် တယ်လီဖုန်းများမှ သတင်းရယူ၍လည်းကောင်း၊ Myanmar Police Force Website တွင် ဖော်ပြတိုင်ကြားချက်များကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့မှ  Toolkit Account  များဖွင့်လှစ်၍  တစ်နိုင်ငံလုံးသို့ (DEO) Account (၃၃၃)ခုအား ထပ်မံခွဲထုတ်ပြီး သတင်းအချက်အလက်များရယူကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြည်သူများအပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် ပြည်သူများနှင့် တိုက်ရိုက်ဆက်သွယ်၍  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ ဗန်းမောက်မဲဆန္ဒနယ်မှ ဦးကျော်စိုး၏ ဗန်းမောက်မြို့နယ် မြို့မရဲစခန်းအတွင်း ဝန်ထမ်းအိမ်ရာအသစ် (၄)ယူနစ်ပါ (၄)ထပ်အိမ်ရာ ( RC) နှစ်လုံးကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ ရွှေတောင် မဲဆန္ဒနယ်မှ ဒေါ်မြခွာညိုဦး၏ ရွှေတောင်မြို့နယ်အတွင်း လိုအပ်လျက်ရှိသော တရုတ်မှော်တိုက်နယ်နှင့် ကျီးသဲတိုက်နယ် အရန်မီးသတ်စခန်းတို့အား နယ်မြေခံ မီးသတ်စခန်းအဖြစ် အဆင့်တိုးမြှင့်ပေးပြီး မယားမာန် နယ်မြေမီးသတ်စခန်းအား စခန်းအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ ချထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာ၏ အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာတွင် နယ်မြေခံမီးသတ် စခန်းတစ်ခုကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ထည့်သွင်းလျာထားဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ရှင်းလင်းဖြေကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ ဦးတင်ထွေးက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းပြီး အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီဝင် ဒေါ်မာမာခိုင်က ဖတ်ကြားရှင်းလင်းသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။ 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ဖေဖော်ဝါရီ (၂၀)ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)