နေပြည်တော် ၁၉ မေ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တောင်ကုတ်မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်၏ တောင်ကုတ်မြို့နယ်၊ နတ်မော်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအား ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက တောင်ကုတ်မြို့နယ် နတ်မော်ကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းတွင် ပေ (၁၂၀×၃၀) RCC တစ်ထပ်ဆောင်အသစ် ဆောက်လုပ်ရန်အတွက် လိုအပ်သော ရန်ပုံငွေကို လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်း၊ ခွင့်ပြုချက်ရရှိပါက ဆောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ပူတာအို မဲဆန္ဒနယ်မှ ဦးမိုးရွှေ၏ ပူတာအိုမြို့နယ်ရှိ နမ်ထွမ်ခူးအုပ်စု၊ နမ်ထွမ်ခူး အခြေခံပညာ အလယ်တန်းကျောင်းအား ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) အဖြစ် အဆင့်တိုးမြှင့် ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပူတာအိုမြို့နယ် နမ်ထွမ်ခူး အခြေခံပညာ အလယ်တန်း ကျောင်း၏ ကျောင်းသက်တမ်းသည် ၅ နှစ်ရှိပြီဖြစ်ပါကြောင်း၊ ကျောင်းသားဦးရေသည် သတ်မှတ်ကျောင်းသားဦးရေ ပြည့်မီခြင်း မရှိပါကြောင်း၊ သို့သော် အနီးဆုံး အထက်တန်းအဆင့် စာသင်ကျောင်းဖြစ်သည့် ပူတာအို အခြေခံပညာ အထက်တန်းကျောင်းနှင့် ၁၅ မိုင် ကွာဝေးနေသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကျောင်းအဆင့်တိုး မြှင့်ခြင်းအတွက် လျာထားဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၏ BOT စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုထားသော ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းများ အတွက် ပဋိညာဉ် စာချုပ်ချုပ်ဆိုမှုများအရ စီမံကိန်းလုပ်ငန်းအားလုံး နိုင်ငံတော်သို့ လွှဲပြောင်းအပ်နှံရမည့် ကာလအား ပြန်လည်ပြင်ဆင် ညှိနှိုင်းချုပ်ဆိုရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက နိုင်ငံပိုင်မြေ အသုံးပြုမှုအပေါ် မြေငှားရမ်းခနှင့် ပရိမီယံကြေး ပေးသွင်းမှုအနေဖြင့် သောက်ရေခပ် (၂) စီမံကိန်း၏ မြေငှားခ၊ ပရီမီယံကြေး ငွေကျပ်သိန်း ၁၀၀၀ ကို ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ ၂၄ ရက် နှင့် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်တို့တွင် နှစ်ကြိမ်ခွဲ၍ ရရှိပြီးဖြစ်ပါကြောင်း။
ဘီလူးချောင်း (၃) စီမံကိန်း၏ မြေငှားရမ်းခ၊ ပရီမီယံကြေး ငွေကျပ်သိန်း ၅၀၀ ကို ၂၀၁၀ ပြည့်နှစ် ဇူလိုင် ၂၇ ရက် နှင့် ၂၀၁၄ ခုနှစ် မေ ၂၃ ရက်တို့တွင် နှစ်ကြိမ်ခွဲ၍ ရရှိပြီး ဖြစ်ပါကြောင်း၊ အထက်ဘီလူးချောင်း၊ မိုင်း၀ နှင့် နမ့်ပေါ်စီမံကိန်း တို့သည် တည်ဆောက်ဆဲများဖြစ်၍ ငွေကျပ်သိန်း ၅၀၀ စီပေးဆောင်ရမည်ဖြစ်ပါကြောင်း၊ ထိုစီမံကိန်း ၃ ခု သည် ပထမအရစ် ငွေကျပ် သိန်း ၂၅၀ စီကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်၊ ၂၀၁၆ ခုနှစ် မတ် ၂၂ ရက်နှင့် မတ် ၂၄ ရက် တို့တွင် စီမံကိန်းအလိုက် ပေးသွင်းပြီးဖြစ်ပါကြောင်း။
BOT စနစ်အရ တည်ဆောက်၊ လည်ပတ်လုပ်ငန်း လွှဲပြောင်းခြင်းကာလ နှစ်ပေါင်း ၅၀ (+၅+၅) အဖြစ် သတ်မှတ်၊ ခွင့်ပြုချက်များသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်၊ ယခင် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်များအရ သတ်မှတ်ခွင့်ပြုထားခြင်း ဖြစ်ပါကြောင်း၊ ပဋိညာဉ် စာချုပ်များ သက်တမ်းကုန်ဆုံး၍ နိုင်ငံတော်သို့ ပြန်လည်လွှဲအပ်ရမည့်အချိန်တွင် စာချုပ်ပါမြေနှင့် ရင်းနှီးမြှုပ်နှံထားသော စက်ကိရိယာများ၊ အဆောက်အဦများကို လုပ်ငန်းလုပ်ကိုင်သူက ကောင်းမွန်စွာ ထိန်းသိမ်းထားသော အနေအထားအတိုင်း အဖိုးစားနားမပါဘဲ လွှဲပြောင်းပေးအပ်ရမည်ဟု ပါရှိပါသောကြောင့် ပြန်လည်လက်ခံရရှိရမည့် အချိန်တွင် ကောင်းမွန်သော အနေအထားအတိုင်း ပြန်လည်ရရှိမည် ဖြစ်ပါကြောင်းနှင့် BOT ကာလကို ပြန်လည် ပြင်ဆင်ရန် မရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆင်ပေါင်ဝဲ မဲဆန္ဒနယ်မှ ဦးနေထက်ဝင်း၏ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အမျိုးသားလျှပ်စစ်စီမံကိန်း (NEP) စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေး ကြန့်ကြာနေမှုအား အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေး သွားရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက တင်ဒါအောင်မြင်ခဲ့သော အိန္ဒိယနိုင်ငံမှ Ganges International Pvt.Ltd ကုမ္ပဏီနှင့် ၂၀၂ဝ ပြည့်နှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် စာချုပ်ချုပ်ဆိုပြီး ဖြစ်ပါကြောင်း၊ တင်ဒါပါ Schedule အရ ပစ္စည်းများအားလုံးကို ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်တွင် အရောက် ပေးသွင်းရမည် ဖြစ်သော်လည်း ကမ္ဘာ့ကပ်ရောဂါ COVID 19 ကြောင့် အိန္ဒိယနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် မတ် ၂၅ ရက်မှစ၍ ၂၀၂၀ ပြည့်နှစ် မေ ၁၇ ရက် အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် Lockdown ချကြောင်း ကြေညာခဲ့သဖြင့် ထုတ်လုပ်မှုများ ယာယီရပ်ဆိုင်းခဲ့ရပါကြောင်း။
ကုမ္ပဏီဖြင့် စာချုပ်ချုပ်ဆိုထားသည့် သံလက်တန်းနှင့် ဆက်စပ်ပစ္စည်းများမှာ စုစုပေါင်း တန်ချိန် ၂၀၀၇၇ တန်ဖြစ်ပြီး၊ ကျေးရွာပေါင်း ၆၇၃၇ ရွာ အတွက် ဖြစ်ပါကြောင်း၊ Lockdown ကာလမတိုင်မီ ထုတ်လုပ်ပြီးသော ပစ္စည်းအမျိုး အစားအလိုက် ပေးပို့ရာတွင် ရန်ကုန်ဆိပ်ကမ်းသို့ ၂၀၂၀ ပြည့်နှစ် မတ် ၂၆ ရက်တွင် ကွန်တိန်နာ ၂ လုံး၊ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၀ ရက်တွင် ကွန်တိန်နာ ၄ လုံး၊ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၇ ရက်တွင် ကွန်တိန်နာ ၂ လုံးတို့ဖြင့် စုစုပေါင်း တန်ချိန် ၂၂၄ ဒသမ ၇ တန် ရောက်ရှိပြီး ဖြစ်ပါကြောင်း၊ စက်ရုံပြန်လည် လည်ပတ်နိုင်မှုကြောင့် ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၉ ရက်တွင် ကွန်တိန်နာ ၁၁ လုံးနှင့် ၂၀၂၀ ပြည့်နှစ် မေ ၅ ရက်တွင် ကွန်တိန်နာ ၁၃ လုံး သင်္ဘောဖြင့် ပို့ဆောင်နေပြီဖြစ်ပါကြောင်း၊ သို့သော် ပစ္စည်းများအားလုံး ပြည့်စုံစွာ ရောက်ရှိရန်အတွက် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လဆန်းမှသာ ရောက်ရှိမည် ဖြစ်ပါကြောင်း။
သို့ပါ၍ ဆင်ပေါင်ဝဲ မြို့နယ်အတွင်းရှိ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်း(NEP) ဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် သံလက်တန်းနှင့် ဆက်စပ်ပစ္စည်းများ ပြည့်စုံစွာ ရောက်ရှိပြီးသည့် အချိန်တွင် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ခေါင်လန်ဖူး မဲဆန္ဒနယ်မှ ဦးအာမိုးဆီ၏ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ အ.မ.က (ခွဲ) ကျီးဒူနှင့် အ.မ.က(ခွဲ) ဇာလင်းကျော် (၃)ကျောင်းအတွက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဆရာ၊ ဆရာမများ ခန့်ထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် သပိတ်ကျင်းမဲဆန္ဒနယ်မှ ဒေါက်တာအောင်နိုင်၏ သပိတ်ကျင်းမြို့နယ်တွင် အစိုးရနည်းပညာ အထက်တန်း ကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လည်းကောင်း၊ မိုင်းရှူး မဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအေး၏ ပင်လောင်းမြို့နယ်အတွင်းရှိ တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသည် ပြဋ္ဌာန်းထားသာ ဥပဒေ၊ နည်းဥပဒေများနှင့် ညွှန်ကြားချက်များကို လေးစားလိုက်နာ၍ အကောင်အထည်ဖော်ခြင်းရှိ၊ မရှိ နှင့်စက်ရုံလည်ပတ်ခွင့်ကို သုံးနှစ်အထိ သက်တမ်းတိုးပေးခဲ့ခြင်းကို ပြန်လည်သုံးသပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ တို့ကို သိရှိလိုခြင်းမေးခွန်း၊ ကျောက်တံတား မဲဆန္ဒနယ်မှ ဦးနေမျိုးထက်၏ ၂၀၂၀ ခုနှစ် နွေရာသီ ကာလတွင် လျှပ်စစ်ကောင်းမွန်စေရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တင်ဒါခေါ်ထားသော LNG စီမံကိန်း များ၏ တည်ဆောက်ပြီးစီးမှု အခြေအနေကို သိလိုခြင်းမေးခွန်းနှင့် ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးစတီဖန်၏ ကျိုင်းတုံမြို့နယ် နှင့် မိုင်းပျဉ်းမြို့နယ်တို့တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ရရှိခြင်း မရှိသေးပါသဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းကလည်းကောင်း ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက တိုက်ရိုက်ရောင်းချခြင်း ဥပဒေကြမ်းကို တင်သွင်းပြီး အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးဇော်ဝင်းက အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်း လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို မေ ၂၀ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်