နေပြည်တော် ၁၈ မေ

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက်  ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ht1

 

အစည်းအဝေးတွင် ကတိသစ္စာမပြုရသးသည့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၄)ဦးက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ရှေ့မှောက်၌ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားရာတွင်  ယခု (၁၆)ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးများကို အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID 19 ကပ်ရောဂါ အခြေအနေကြောင့် လျာထားကာလထက် နောက်ကျ၍ ကျင်းပခဲ့ရခြင်းဖြစ်ပါကြောင်း၊ ယခု အစည်းအဝေးကာလအတွင်းတွင် မဖြစ်မနေ ဆောင်ရွက်ကြရမည့်  ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေ ကြမ်းအပါအဝင် သတ်မှတ်ကာလအတွင်း အချိန်မီဆုံးဖြတ်အတည်ပြုကြရမည့် လွှတ်တော်လုပ်ငန်း တာဝန်များကို အချိန်တိုအတွင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

 

ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ဆောင်ရွက်ရန်ရှိသည့် ဥပဒေကြမ်း၊ အဆို၊ မေးခွန်းများအနက် ဥပဒေကြမ်းများနှင့် ကြယ်ပွင့်ပြမေးခွန်းများကို သတ်မှတ်ချက်များအတိုင်း ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးကို အချိန်တိုကာလအတွင်း ဆောင်ရွက်ရန်လျာထားပြီး COVID 19ရောဂါ ကာကွယ်ရေးနည်းလမ်းများအတိုင်း ကိုယ်စားလှယ်များအတွက် အဆင်အပြေဆုံးဖြစ်စေရန် တတ်နိုင်သ၍ စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဝိုင်းမော် မဲဆန္ဒနယ်မှ ဦးလဂန်ဇယ်ဂျုံး၏ ဝိုင်းမော်မြို့နယ်အတွင်းရှိ မြစ်ကြီးနား-ဝိုင်းမော်-ဆဒုံး-ကန်ပိုင်တီမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကို ဆက်သွယ်ထားသော လမ်းမကြီးကို ပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက အဆိုပါလမ်းကို အပိုင်း (၂)ပိုင်းခွဲ၍  မြစ်ကြီးနားမှ ဝါရှောင်အထိ (၁၉ ဒသမ ၀၆) ကီလိုမီတာကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြစ်ကြီးနားခရိုင်၊ လမ်းဦးစီးဌာနမှ စီမံခန့်ခွဲ ပြုပြင်လျက်ရှိပြီး ဝါရှောင်မှ ကန်ပိုက်တီအထိ ၉၅ ကီလိုမီတာကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်မိန်ကုမ္ပဏီက ပြင်ဆင်ထိန်းသိမ်းလျက်ရှိပါကြောင်း၊ ၎င်းလမ်းပေါ်တွင် လမ်းအသုံးပြုခ ငွေကြေးကောက်ခံခြင်း မရှိပါကြောင်း။

 

ဆောက်လုပ်ရေးဝန်ကြီးဌာနက ထိန်းသိမ်းသည့် လမ်းအရှည် ၁၉ ကီလိုမီတာအတွင်း (၁ဒသမ ၆) ကီလိုမီတာကို အကျယ်ပေ (၅၀) လမ်းချဲ့ခြင်းလုပ် ငန်းများ ဆောင်ရွက်ထားပြီးဖြစ်၍ နောင်လာမည့် နှစ်များတွင် ရန်ပုံငွေတင်ပြတောင်းခံ၍ ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ လမ်းချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်မိန်ကုမ္ပဏီမှ ဆောင်ရွက်သော လမ်းပိုင်းပျက်စီးမှုများကို ပြုပြင်ခြင်းဆောင်ရွက်နိုင်ရန်အတွက် ထိန်မိန်ကုမ္ပဏီနှင့် ညှိနှိုင်းလျက်ရှိပြီး COVID 19 အလွန်ကာလများတွင် ပြန်လည်ပြင်ဆင်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

မြစ်သား မဲဆန္ဒနယ်မှ ဒေါက်တာလင်းလင်းကျော်၏ မြစ်သားမြို့နယ်တွင် အရေးပါသော ကူမဲ-ကဆွန်-သိမ်ကုန်း-အုန်းကုန်းလမ်းအား ရာသီမရွေးသွားလာနိုင်သော ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက အဆိုပါလမ်းသည် လမ်းအဆင့် သတ်မှတ်ချက် Class (A)၊ ဦးစားပေးအဆင့်(၁) လမ်းစာရင်းတွင် ပါဝင်သဖြင့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ ၌ ထည့်သွင်းလျာထားတင်ပြပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

နန်းယွန်းမဲဆန္ဒနယ်မှ ဦးဝမ်းလှ၏ နန်းယွန်းမြို့နယ်ရှိ ကျန်းမာရေးဌာနတွင် လိုအပ်လျက်ရှိသော ဆရာဝန်များနှင့် ဝန်ထမ်းများအား ဖွဲ့စည်းပုံအတိုင်း မည်သည့်အချိန်တွင် အပြည့်အဝ ခန့်ထားပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နန်းယွန်းမြို့နယ်တွင် ၂၅ ခုတင်ဆံ့ ဆေးရုံ တစ်ရုံ၊ ပန်ဆောင်တိုက်နယ်ဆေးရုံနှင့် ဒုံဟီးတိုက်နယ် ဆေးရုံ စုစုပေါင်း ဆေးရုံ ၃ ရုံ ရှိပါကြောင်း၊ မြို့နယ်ဆေးရုံ ခွင့်ပြုခန့်ထားတွင် ၅၄ ရာခိုင်နှုန်းခန့်အပ်ထားပါကြောင်း။

 

ပန်ဆောင်နှင့် ဒုံဟီး တိုက်နယ်ဆေးရုံတို့တွင် ဆရာဝန်မရှိပါကြောင်း၊ တစ်ပြည်လုံးတွင်ရှိသည့် တိုက်နယ်ဆေးရုံများတွင် ဆရာဝန်မရှိသည်မှာ အလွန်များသောကြောင့် မိမိတို့အနေဖြင့် အစိုးရအဖွဲ့သို့ စာတင်ပါကြောင်း၊ အစိုးရက သဘောတူညီချက်ဖြင့် ၁၃၀၃ ဦးကို တစ်ပြည်လုံးတွင် ခန့်အပ်ရန် စာပြန်လာပါကြောင်း၊ ဆရာဝန်ဦးရေ ၁၃၀၃ ဦးတွင် ပြည်နယ် ၇ ခုတွင် လျှောက်သည့် ဦးရေသည် အနည်းငယ်သာ ရှိပါကြောင်း၊ ဆက်လက်၍ တိုင်းဒေသကြီးများကိုလည်း ခေါ်ယူရန် အစိအစဉ်ရှိပါကြောင်း၊ အဆိုပါ ဆရာဝန် ၁၃၀၃ ဦးသည် ယခုနှစ် ဝင်မည်ဆိုပါက ဖောင်ကြီးသင်တန်းမတက်ခိုင်းဘဲ အင်တာဗျူးဖြေပြီး ချက်ချင်းခန့်အပ်မည်ဖြစ်ပါကြောင်း။

 

သူနာပြုများအနေဖြင့် သူနာပြုဦးရေ ၂၅၀၀ ကျော် အောင်စာရင်းထွက်လာပါက အကုန်ခန့်အပ်မည်ဖြစ်ပါကြောင်း၊ မကြာခင်ကာလတွင် သူနာပြုဦးရေ လုံလောက်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် လာမည့်နှစ်တွင် တစ်နှစ်လျှင် သူနာပြုဦးရေ ၄၅၀၀ ဦး ခေါ်ယူရန်အတွက်  စီစဉ်ပြီးဖြစ်ပါကြောင်း၊ ဆေးဘက်ကျွမ်းကျင်-၄ လစ်လပ်နေရာများ အနေဖြင့် သစ်လွင်ခန့်ထားသည့်အချိန် ၂၀၂၀ ပြည့်နှစ်အတွင်းတွင် ပန်ဆောင်တိုက်နယ်ဆေးရုံကိုပေးရန် ရည်ရွယ်ထားပါကြောင်း၊ ဓာတ်ခွဲကျွမ်းကျင်- ၃ ကို  သင်တန်းပြီး မြောက်ချိန် ၂၀၂ဝ ပြည့်နှစ် ဒီဇင်ဘာလတွင် နန်းယွန်းနှင့် ပန်ဆောင်တိုက် နယ်ဆေးရုံတို့ကို တစ်ဦးစီ ခန့်ထားရန် ရည်ရွယ်ထားပါကြောင်း၊ နန်းယွန်းတိုက်နယ် ဆေးရုံတွင် အငယ်တန်းဝန်ထမ်းနှင့် နေ့စားဝန်ထမ်းများကို လုံလောက်စွာ ခန့်ထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ကောလင်း မဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၏ ကောလင်းမြို့နယ်၊ တုံးတင်တပ်ကျေးရွာ၊ ဥမင်ကုန်းကျေးရွာ၊ ဖလဲကျေးရွာနှင့် ဥသျှစ်ပင်ကျေးရွာတို့အတွက် ကျေးလက်ကျန်းမာရေးဆေးပေးခန်းများ ချပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တုံးတင်တပ်ကျေးရွာသည် ကုက္ကိုကုန်း ကျေးလက်ကျန်းမာရေးဌာနနှင့် ၃ မိုင်ခွဲဝေးပါကြောင်း၊ ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် ၂၅ မိုင်ခွဲဝေးပါကြောင်း၊ ထို့ကြောင့် တုံးတင်တပ်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဆေးပေးခန်း ဖွင့်ပေးရန် သင့်၊ မသင့် ပြန်လည်သုံးသပ်သည့်အခါ တိုင်းဦးစီးမှူးအနေဖြင့်လည်း ဖွင့်သင့်ကြောင်း ထောက်ခံပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးသို့ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၇ ရက်က  အစိုးရအဖွဲ့၏ သဘောထားမှတ်ချက် မေးမြန်းထားပါကြောင်း၊ သဘောထားမှတ်ချက်တွင် သင့်တင့်သည်ဟု  စာပြန်ပါက ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း။

 

ဥမင်ကုန်းကျေးရွာသည် ချောင်းကွေ့ ကျေးလက်ကျန်းမာရေးဌာနခွဲအောက်တွင်ရှိပြီး ၂ မိုင်ခွဲသာ ဝေးပါကြောင်း၊ ကောလင်း မြို့နယ်ဆေးရုံနှင့် ၈ မိုင်ဝေးပါကြောင်း၊ ဥမင်ကုန်းကျေးရွာတွင် အမှန်တကယ် လိုအပ်မှု ရှိ၊ မရှိကို တိုင်းဦးစီးမှူးသို့ မေးမြန်းသည့်အခါ မထားသင့်ပါကြောင်းကို စာပြန်ပါကြောင်း၊ ကျေးလက်ကျန်းမာရေး ဌာနခွဲအသစ်တစ်ခု တည်ဆောက်မည်ဆိုပါက အချက် ၆ ချက်ရှိရမည်ဖြစ်ပြီး ယခုအခါ အချက် ၂ ချက်သာ ကိုက်ညီသည့်အတွက် ဥမင်ကုန်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ရန် မသင့်တော်ပါကြောင်း။

 

ဖလဲကျေးရွာသည်   ဆင်ကုန်း ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ၂ မိုင်သာဝေးပါကြောင်း၊ ခန့်သာ တိုက်နယ်ဆေးရုံနှင့် ၄ မိုင်ဝေးပါကြောင်း၊ ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် မိုင် ၂၀ ဝေးပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ပေးသင့်၊ မပေးသင့် တိုင်းကျန်းမာရေးမှူးကို မေးမြန်းသည့်အခါ လိုအပ်မှုမရှိသည်ကို အကြောင်းပြန်ပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု တည်ဆောက်မှုလိုအပ်သည့် မူ ၆ ချက် အနက် ၁ ချက်သာ ကိုက်ညီမှုရှိသောကြောင့် ဖွင့်လှစ်ရန် မသင့်တော်ပါကြောင်း။

 

ဥသျှစ်ပင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု တောင်းပါကြောင်း၊ အမှန်တကယ်တွင် ဥသျှစ်ပင်ကျေးရွာသည် ကျေးလက်ကျန်းမာရေးဌာနခွဲကို ၂၀၁၅ ခုနှစ် ဇူလိုင် ၇ ရက်တွင် ဖွဲ့စည်းပုံ ခွင့်ပြုမိန့်ရရှိခဲ့သော ကြို့ပင်ကျေးလက်ကျန်းမာ ရေးဌာနအောက်တွင် ရှိပါကြောင်း၊ သားဖွားဆရာမ တစ်ဦးဖြင့် ဝန်ဆောင်မှုပေးလျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ ဒိုက်ဦး မဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၏ ဒိုက်ဦးမြို့နယ်၊ မှော်အင်းကျေးရွာအုပ်စု၊ မှော်အင်းကျေးရွာ ရွာလယ်လမ်းမကြီး အရှည် (၁)မိုင်ခွဲခန့်ရှိသော မြေသားလမ်းအား ဂဝံလမ်းအဖြစ်သို့ ခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက လည်းကောင်း၊ ဒလမဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေး၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယသိပ္ပံကျောင်းများမှ သင်တန်းပြီးမြောက်သည့် သင်တန်းသား၊ သင်တန်းသူများကို ကျောင်းဆင်းပြီးနောက် အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများ အားကစားနှင့် ကာယပညာသင်ကြားနိုင်ရန်အတွက် အခြေခံဝန်ထမ်းနေရာ ခန့်ထားပေးခြင်းအား ပညာရေးဝန်ကြီးဌာနနှင့် စီမံဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် မင်းတပ်မဲဆန္ဒနယ်မှ  ဦးနေလင်းအောင်၏ ပြည်သူ့ဆေးရုံများတွင် ပြည်သူများ လာရောက်ဆေးကုသမှု ခံယူသောအခါ၌ ပြည်သူများအတွက် အခမဲ့ကုသခွင့်ပေးသည့် ဆေးနှင့် ဆေးပစ္စည်းများ ရှိ၊ မရှိနှင့် အခမဲ့အသုံးပြုခွင့် ပေးထားသောဆေးနှင့် ဆေးပစ္စည်းများကို ဆေးရုံများတွင် ပြည်သူများသိရှိစေရန် ရေးသားဖော်ပြထားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လည်းကောင်း ရှင်းလင်းဖြေကြားကြသည်။

 

ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေကြမ်းကို တင်သွင်းပြီး အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာဝေဖြိုးအောင်က အစီရင်ခံစာ ဖတ်ကြားရှင်းလင်းသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော  အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးနေမျိုးထွန်းက အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက် သဘောတူ အတည်ပြုသင့်သည့် အချက် ၁၁ ချက်၊ ဥပဒေကြမ်းကော်မတီ၏ ထပ်မံပြင်ဆင်ရန် အချက် ၁ ချက်၊ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း သဘောမတူဘဲ ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်းထားရှိမည့် အချက် ၄ ချက်တို့ကို တင်ပြရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ သဘောထားမေးမြန်း၍ လွှတ်တော်၏ ဆန္ဒရယူအတည်ပြုသည်။

 

ထို့နောက် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ သဘောကွဲလွဲမှုရှိသောကြောင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ၍ အဆုံးအဖြတ်ရယူသင့်ကြောင်း အဆိုတင်သွင်းသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ သဘောကွဲလွဲခြင်းကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို မေ ၁၉ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်