နေပြည်တော် ၂၀ မေ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပွင့်ဖြူ မဲဆန္ဒနယ်မှ ဦးထွန်းထွန်း၏ ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု မည်မျှတိုးတက်လာသည်နှင့် အနာဂတ်ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်များအား သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်မှု အခြေအနေနှင့် စပ်လျဉ်း၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် လုပ်ငန်း ၁၃၈ ခု အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၅ဝ ဘီလီယံ စိစစ်ခွင့်ပြုနိုင်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် လုပ်ငန်း ၂၂၂ ခု အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၁၈ ဘီလီယံ ခွင့်ပြုပေးခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ် (ဧပြီမှ စက်တင်ဘာ အထိ) ၆ လတာ ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈၅ ခု အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၆၅ ဘီလီယံအထိ ခွင့်ပြုနိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၈၂ ခု အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၅၈ ဘီလီယံ ခွင့်ပြုပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၉-၂၀၂၀ (အောက်တိုဘာမှ ဒီဇင်ဘာအထိ) ၃ လတာကာလတွင် လုပ်ငန်း ၇၂ ခု အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၆၄ ဘီလီယံ ခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု စီးဝင်မှုအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၅၂ခု တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ငွေကျပ် ၁၆၀၄ ဒသမ ၄၆ ဘီလီယံ စိစစ်ခွင့်ပြုနိုင်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် လုပ်ငန်း ၁၁၉ ခုတွင် ငွေကျပ် ၃၉၇၈ ဒသမ ၀၉၇ ဘီလီယံ ခွင့်ပြုပေးခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ် (ဧပြီမှ စက်တင်ဘာအထိ ) ၆ လတာ ကာလအတွင်း လုပ်ငန်း ၁၀၅ ခုတွင် ငွေကျပ် ၉၉၅ ဒသမ ၄၀၂ ဘီလီယံ ခွင့်ပြုနိုင်ခဲ့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လုပ်ငန်း ၁၆၉ ခုတွင် ငွေကျပ် ၁၆၉၁ ဒသမ ၃၃၂ ဘီလီယံ ခွင့်ပြုပေးခဲ့ပါကြောင်း၊ ၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ် (အောက်တိုဘာမှ ဒီဇင်ဘာအထိ)၃ လတာကာလအတွင်း လုပ်ငန်း ၂၈ ခု ငွေကျပ် ၆၄၄ ဒသမ ၉၀၀ ဘီလီယံ ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ကျင့်သုံး၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၂၄(ဆ) အရ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ဆောင်ရွက် ပြီးစီးမှုနှင့် တိုးတက်ဖြစ်ပေါ်မှု အခြေအနေများ၊ ခွင့်ပြုပြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးမှုများ၊ တစ်နှစ်တာအတွင်း ထုတ်ပြန်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကြေငြာချက်များ၊ အမိန့်ကြော်ငြာစာများ၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆောင်ရွက်ခဲ့မှု များစသည်တို့ ပါဝင်သည့် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို အစိုးရအဖွဲ့မှ တစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ နှစ်စဉ်အစီရင်ခံ တင်ပြလျက်ရှိပါကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက်အကူပြုမည့် လုပ်ငန်းများနှင့် အရည်အသွေးပြည့်၀ပြီး တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖြစ်စေရေးအတွက် စိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားသည်။
လယ်ဝေး မဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦး၏ လယ်ဝေးမြို့နယ်အတွင်းရှိ အေလာ ကျေးရွာအုပ်စုကို ပယ်ဖျက်ပြီး အေလာမြို့အဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က လယ်ဝေးမြို့နယ်အတွင်းရှိ အေလာကျေးရွာအုပ်စုအား မြို့အဖြစ် အဆင့်တိုးမြှင့်ပေးရန် အေလာကျေးရွာ မြို့ဖြစ်မြောက်ရေးကော်မတီမှ တင်ပြလာမှုအပေါ် မြို့အင်္ဂါရပ် ၂၁ ချက်နှင့်အညီ ကိုက်ညီမှုရှိ၊ မရှိ စိစစ်ခဲ့ပြီး မြို့များတိုးချဲ့ပြင်ဆင်ဖွဲ့စည်းပါက မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များကိုပါ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဘဏ္ဍာငွေအသုံး စရိတ်များ (ဝန်ထမ်းဖွဲ့စည်းပုံနှင့် အဆောက်အဦလိုအပ်ချက်များအလိုက်) ပိုမိုလာမည် ဖြစ်ကြောင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်ထံတင်ပြ၍ အတည်ပြုချက်ရရှိပြီးမှသာ မြို့တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းကို ဆောင်ရွက်ရမည်ဖြစ်သဖြင့် ၂၀၁၉ ခုနှစ် ဩဂုတ် ၃၀ ရက်တွင် နေပြည်တော်ကောင်စီသို့ တင်ပြခဲ့ပါကြောင်း။
အဆိုပါ တင်ပြချက်အရ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၁ ရက်၌ ကျင်းပပြုလုပ်သည့် နေပြည်တော်ကောင်စီ အစည်းအဝေးဆုံးဖြတ်ချက် ၁၈ အရ တင်ပြချက်အတိုင်း ကြိုတင်ဆောင်ရွက်ခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ ခွင့်ပြုချက်အရ မြို့အဖြစ်ပြင်ဆင်ဖွဲ့စည်းမည့် မြို့နယ်နိမိတ်၊ ၎င်းမြို့ဧရိယာအတွင်းရှိ ရပ်ကွက်တစ်ခုချင်းစီ၏ နယ်နိမိတ်များကို တိုင်းတာသတ်မှတ်ပေးရန် နယ်နိမိတ်တိုင်းတာ ပိုင်းခြားသတ်မှတ်ရေး ဥပဒေအရ နယ်နိမိတ်ကြပ်မတ်ရေးအရာရှိနှင့် နယ်နိမိတ်သတ်မှတ်ရေးအရာရှိ ခန့်အပ်တာဝန်ပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ပါကြောင်းနှင့် နယ်နိမိတ်ကြပ်မတ်ရေးအရာရှိနှင့် နယ်နိမိတ်သတ် မှတ်ရေးအရာရှိများ ခန့်အပ်တာဝန်ပေးအပ်ပြီးပါက သက်ဆိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာပြင်ဆင်ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းနှင့်အညီ မြို့အဖြစ် တရားဝင်အဆင့် တိုးမြှင့်ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ကန်ပက်လက် မဲဆန္ဒနယ်မှ ဦးညွန့်ဝင်း၏ ကန်ပက်လက်မြို့ဟောင်းမြေနေရာတွင် တရားမဝင်ကျူးကျော်နေထိုင်သူများအား ဥပဒေအရ ဖယ်ရှားပေးရန်နှင့် မြို့မြေဧရိ ယာအတွင်းဆောက်လုပ်ထားသော ဟိုတယ်ဇုန်မြေနေရာများအား ပိုင်ဆိုင်မှုဧရိယာ အထောက်အထားအတိုင်း မြေယာစိစစ်တိုင်းတာမှုများ တိတိကျကျ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးလှကျော်က ကန်ပက်လက်မြို့ မြို့မြေဧရိယာအတွင်း လူနေထိုင်သည့် မြေများနှင့်ပတ်သက်၍ အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ မြေတန်ဖိုးမြင့် တက်လာမှုကြောင့် နယ်နိမိတ် အငြင်းပွားမှုပြဿနာများ ရှိလာနိုင်သည့် အခြေအနေဖြစ်ပါကြောင်း၊ ထို့ကြောင့် နယ်နိမိတ် တိကျမှုရှိစေရေးအတွက် မြို့မြေတိုင်းတာ ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ပြည်နယ် အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ နယ်နိမိတ်သတ်မှတ်ရေးအရာရှိနှင့် နယ်နမိတ်ကြပ်မတ်ရေးအရာရှိတို့အား ခန့်အပ်ပြီးဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာငွေလျာထား ချက်တွင်လည်း ထည့်သွင်းလျာထား ပြီးဖြစ်ပါကြောင်း၊ သို့ပါ၍ ဘဏ္ဍာငွေခွင့်ပြုမိန့်ရရှိပါက မြို့မြေတိုင်း တာရေးလုပ်ငန်းများကို ရေးဆွဲထားသည့် စီမံချက်ပါအတိုင်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။
အလားတူ ဒီပဲယင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၏ ရွှေဘို၊ ဝက်လက်နှင့် ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ရှိ စပါးဂိုဒေါင်များကို မည်သည့်အချိန်တွင် တာဝန်ယူဖျက်သိမ်းမည်ကို သိလိုခြင်း မေးခွန်းနှင့် အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချို၏ လယ်ယာစိုက်ပျိုးရေးမှ ထွက်ရှိလာသော သီးနှံများ ဈေးနှုန်းတည်ငြိမ်မှုရှိရန်အတွက် သီးနှံထွက်ရှိချိန်တွင် ဝယ်ယူသိုလှောင်ထားရန် လိုအပ်သော ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ သိုလှောင်ရုံ တည်ဆောက်မှုတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ မိမိတို့ နိုင်ငံအတွက် အကျိုးရှိစေမည့် မူဝါဒများချမှတ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှု၊ ပြည်ပချေးငွေများကို ဖိတ်ခေါ်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက လည်းကောင်း၊ တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာစောနိုင်၏ ငမိုးရိပ်ရေသန့်စက်ရုံတွင် ရေတွန်းစက်များသုံးစွဲ၍ ရေပေးဝေနေခြင်းအပြင် လျှပ်စစ်ဓာတ်အားလျှော့ချနိုင်မည့် Gravity နည်းစနစ်ပါ သုံးစွဲ၍ ရေပေးဝေနိုင်ရန် ရေရှည်စီမံကိန်းချမှတ်၍ ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိနှင့် ငမိုးရိပ်ရေသန့်စက်ရုံရှိ ရေတွန်းစက်များသည် မီးတစ်ကြိမ်ပျက်လျှင် အပြည့်အဝ စွမ်းရည်ပြည့် ပြန်လည်အလုပ်လုပ်ရန်မှာ (၂)နာရီခန့် အချိန်ယူရသဖြင့် တချို့ရေတွန်းစက်များကို မီးစက်ဖြင့် သုံးစွဲနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် ကော့မှူး မဲဆန္ဒနယ်မှ ဦးကျော်ဆွေဝင်း(ခ) ဦးအာလူး၏ ကော့မှူးမြို့နယ်၊ မြို့မ ဈေးအား အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက လည်းကောင်း ရှင်းလင်းဖြေကြားကြသည်။
ဆက်လက်၍ ထီးလင်း မဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၏ ထီးလင်းမြို့နယ်ရှိ ဆင်စွယ်ကျေးရွာတွင် စိုက်ပျိုးရေ၊ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် သင့်တော်သော နေရာတွင် တစ်ဖက်ရပ်ဆည် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ ကနီ မဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ ကနီမြို့နယ်ရှိ ယင်း-ကုန်းသာ ရေတားတမံ ပြုပြင်နိုင်ရန် တာတမံမူလဧရိယာအား ကျူး၍ (ပုံစံ-၇) ရယူထားမှုများအား ပယ်ဖျက်ပေးရန်နှင့် တာတမံပြုပြင်ရာတွင် ရေဘေးအန္တရာယ်ကင်းဝေးနိုင်မည့် ဒီဇိုင်းများဖြင့် ရေးဆွဲဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် မယ်စဲ့ မဲဆန္ဒနယ်မှ ဦးသန်းလင်းလင်း၏ မယ်စဲ့မြို့နယ်၊ ဟိုစဲ့ကျေးရွာနှင့် နန့်မန်းကျေးရွာ၌ ရာသီမရွေးသောက်သုံးရေ ရရှိနိုင်ရန်အတွက် ချောင်းရေတင်စနစ်ဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းဖြေကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာ ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြပြီး ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်းအေးက အစီရင်ခံစာဖတ်ကြား တင်သွင်းသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို မေ ၂၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်