နေပြည်တော် ၂၈ ဇူလိုင်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၏ သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ ကွင်းအမှတ်(၉၂)၊ ဦးပိုင်အမှတ် (လ/၁၄၊ လ/၁၅၊ လ/၄၁) မြေဧရိယာ ၄ ဒသမ ၅ ဧက ယာမြေနေရာကို ၂၀၀၅ခုနှစ် ရှေ့ပိုင်းက စယ်အူရဲကင်းခစန်း တည်ဆောက်ရန် မြေဟူ၍ သိမ်းယူခဲ့ရာ ယခုအခါ မြေကိုမူလ ပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရန်အတွက် စိစစ်ရန် အချက် ၅၂ ချက်နှင့်အညီ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် သိန္နီမြို့နယ် စယ်အူရဲကင်းမြေနေရာအား တောင်သူ ၄ ဦး၏ တင်ပြချက်နှင့်ပတ်သက်၍ မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ လုပ်ငန်းစဉ် မူဝါဒ ၅၂ ချက်နှင့်အညီ စိစစ်ချက်ကို ခရိုင်၊ ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်မှ စိစစ်၍ ပြည်ထဲရေးဝန်ကြီးဌာနသို့ သဘောထားမှတ်ချက် တောင်းခံလာပါက ပြန်လည်စွန့်လွှတ်ပေးရန် မရှိသည့် သိမ်းဆည်းမြေများနှင့်ပတ်သက်၍ စိစစ်ရန် အချက် ၅ ချက်နှင့်အညီ ပြန်လည်စိစစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ စိစစ်တွေ့ရှိချက်ကို ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီသို့ အကြောင်းပြန် ကြားချက်အပေါ် အဆိုပါ ပြည်နယ်ကော်မတီ၏ ဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြးသည်။

 

ကျောက်တံတား မဲဆန္ဒနယ်မှ ဦးနေမျိုးထက်၏ ပြည်သူများ သုံးစွဲခဲ့သည့် လျှပ်စစ်မီတာခများ တိကျစေရန်နှင့် မီတာဖတ်စာရေးများ မှန်မှန်ကန်ကန်ဖတ်ပြီး စာရင်းရေးသွင်းနိုင်ရန် မည်သို့စီစဉ်ဆောင်ရွက်နေသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက တစ်လအတွင်း သုံးစွဲခဲ့သော လျှပ်စစ်မီးသုံးစွဲယူနစ်များ ဖတ်ယူခြင်းကို လူကိုယ်တိုင်မီတာတစ်လုံးစီ ဖတ်ရှုမှတ်တမ်းတင်ခြင်း၊ အဝေးဖတ်ကိရိယာ Hand Held Unit (HHU) ဖြင့် အလိုအလျောက် ဖတ်ယူမှတ်တမ်းတင်ခြင်းနှင့် ဌာန၏ ထိန်းချုပ်ခန်းရှိ ကွန်ပျူတာစနစ် အသုံးပြု၍ တစ်မြို့နယ်လုံးရှိ မီတာများကို အချိန်တိုအတွင်း ဖတ်ရှုမှတ်တမ်းတင်ခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း။

 

အဝေးဖတ်ကိရိယာ (HHU) ဖြင့် ဖတ်ရှုမှတ်တမ်းတင်ရသော Smart မီတာများ ပိုမိုကျယ်ပြန့်စွာ ဝယ်ယူတပ်ဆင်နိုင်ရေးအတွက် Meter Specification ရေးဆွဲနေပါကြောင်း၊ တစ်ရက်လျှင် (HHU) ဖြင့်အသုံးပြု၍ မီတာအလုံး ၃၀၀၀ ကျော် အလိုအလျောက် ဖတ်ရှုမှတ်တမ်းတင်နိုင်သောကြောင့် အချိန်ကုန်သက်သာပြီး မီတာဖတ်စာရေးများ၏ လွဲမှားမှုကြောင့် ဖြစ်ပေါ်လာသည့် အမှားများကိုလည်း ပယ်ဖျက်နိုင်မည်ဖြစ်ပါကြောင်း၊ Smart မီတာများ ဝယ်ယူရေးအတွက် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။

 

Smart Meter များ မပြည့်စုံသေးသည့်အချိန်တွင် မီတာစာရေးများကို လုပ်ငန်းလိုအပ်ချက်အရ လိုအပ်သလို တိုးမြှင့်ခန့်ထားပြီး စနစ်တကျဖတ်ရှုရေးအတွက် ဌာနမှ ကြီးကြပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဌာန၏ထိန်းချုပ်ခန်းမှ တစ်မြို့နယ်လုံးရှိ မီတာအားလုံးကို အချိန်တိုအတွင်း မီတာဖတ်ရှုနိုင်သော Advanced Metering Infrastructure (AMI) စနစ်သည် မိမိသုံးစွဲနေသော လက်ကိုင်စမတ်ဖုန်းများဖြင့် လျှပ်စစ်မီးသုံးစွဲနေမှု အခြေအနေတို့ကို အချိန်မရွေးကြည့်ရှုနိုင်ပါကြောင်း၊  AMI စနစ်အတွက် Specification ကိုလည်း နိုင်ငံတော်နှင့်ကိုက်ညီမည့် အခြေအနေရရှိရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ပြုစုနေပါကြောင်း၊ ပြီးစီးပါက ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တစ်ဆင့်ချင်း ဆောင်ရွက်ရန်အတွက် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဒလမဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေး၏ ဒလမြို့ရှိ ကျန်းမာရေးဝန်ထမ်းများ လက်ရှိနေထိုင်သော မြေနေရာအား ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေအဖြစ်သတ်မှတ်၍ ရန်ကုန်မြို့တော်နယ်နိမိတ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအတွက် အထပ်မြင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဒလမြို့နယ် ဆာဖာချောင် ရပ်ကွက်မြေဧရိယာ ၃၆ ဧကသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ အမည်ပေါက်မြေများဖြစ်သော်လည်း ကျန်းမာရေးဝန်ထမ်းအိမ်ရာများ ခွင့်ပြုဆောက်လုပ် နေထိုင်လျက်ရှိခြင်းကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးနိုင်ပါကြောင်း ပြန်ကြားချက်အရ လည်းကောင်း၊ မြေစီမံခန့်ခွဲမှု လုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်လျက်ရှိခြင်းအရ လည်းကောင်း၊ ယခုအခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဌာနပိုင်အမည်ပေါက် ရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် လုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်များအရ ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ဒလမြို့နယ် ကျန်းမာရေးဝန်ထမ်းအိမ်ရာကို  ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရန်အတွက် ဘဏ္ဍာနှစ်ခွင့်ပြုမှုအရ အထပ်မြင့်ဝန်ထမ်း အိမ်ရာဆောက်လုပ်လျက်ရှိပါကြောင်းနှင့် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

အလားတူ တာမွေမဲဆန္ဒနယ် ဦးတိုးဝင်း၏ တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက်၊ ယာဉ်ထိန်းရဲရိပ်သာဝင်းရှိ သစ်သားလိုင်းခန်းသည် ဆွေးမြည့်ပျက်စီးနေပြီဖြစ်ရာ လိုင်းခန်းအသစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် ယင်းရဲရိပ်သာဝင်းအတွင်းရှိ လုပ်ငန်းသုံးမော်တော်ယာဉ် အပျက်များအား မည်ကဲ့သို့ စီမံဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က လည်းကောင်း၊ ဝမ်းတွင်းမဲဆန္ဒနယ်မှ ဦးခင်မောင်စိုး၏ ဝမ်းတွင်းမြို့နယ်၏ မြို့နယ်(၆) ရပ်ကွက်အတွင်း လိုအပ်နေသည့် (၄၀၀)ဗို့အားလိုင်းနှင့် ကွန်ကရစ်တိုင်များအား မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် သဲတော-ဝမ်းတွင်းအမှတ်(၁) လမ်းမဘေးမှ မီးတိုင်၊ ထရန်စဖော်မာများအား မည်သည့်အချိန်တွင် ပြောင်းရွှေ့ပေးမည်ကို သိလိုခြင်း မေးခွန်း၊ လှိုင်သာယာ မဲဆန္ဒနယ်မှ ဦးဝင်းမင်း၏ လှိုင်သာယာမြို့နယ်ရှိ အဓိကလမ်းမကြီးပေါ်ရှိ လျှပ်စစ်မီးတိုင်များ အမြန်ဆုံး ပြောင်းရွှေ့ပေးရန်နှင့် လျှပ်စစ်မီးတိုင်များ၊ ထရန်စဖော်မာများ ထပ်မံတည်ဆောက်ပေးခြင်း၊ ရှုပ်ထွေးမီးကြိုးများ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးနိုင်၏ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ပြည်ထောင်စုလမ်းမကြီး၊ လှော်ကားလမ်းမကြီးများပေါ်ရှိ ဓာတ်တိုင်များကို အမြန်ဆုံးပြောင်းရွှေ့ပေးရန်၊ အန္တရာယ်ရှို ဓာတ်တိုင် (၁၀၀၀) ခန့်အား အမြန်ဆုံး လဲလှယ်ပေးရန်နှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအတွက် လိုအပ်လျက်ရှိသော ထရန်စဖော်မာ (၄၀)လုံးအား အမြန်ဆုံးချထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းကလည်းကောင်း ရှင်းလင်းဖြေကြားကြသည်။

 

ဆက်လက်၍ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ဦးလမာနော်အောင်၏ အင်ဂျန်းယန်မြို့ရှိ ပြည်သူ့ဆေးရုံတွင် လိုအပ်လျက်ရှိသော Microscope (အဏုကြည့်မှန်ပြောင်း)ကို အသုံးပြုနိုင်ရန် မည်သည့်အချိန်တွင် တပ်ဆင်ပေးနိုင်မည်နည်း၊ ဓာတ်မှန်ရိုက်စက်ပစ္စည်း ကိရိယာကို မည်သည့်အချိန် ချထားတပ်ဆင်ပေးမည်နည်း၊ လိုအပ်နေသည့် ဆရာဝန်တစ်ဦးကို ခန့်ထားပေးနိုင်ခြင်းရှိ၊ မရှိနှင့် လူနာတင်ယာဉ် (Ambulance) တစ်စီးချပေးနိုင်ခြင်း ရှိ၊ မရှိ ကိုသိလိုခြင်းမေးခွန်း၊ ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၏ ကျောက်တန်းမြို့နယ် ကျုံကန်တိုက်နယ်ဆေးရုံ တည်ဆောက်ခြင်းလုပ်ငန်း ပြီးဆုံးအောင် ဆောင်ရွက်ခြင်းမရှိဘဲ ငွေအပြည့်ထုတ်ပေးခဲ့သော နိုင်ငံ့ဝန်ထမ်းများကို စိစစ်အရေးယူပေးပါရန် တိုင်ကြားထားသည့် ကိစ္စနှင့်စပ်လျဉ်း၍ အခြေအနေမှန်ကို သိလိုခြင်း မေးခွန်းနှင့် အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချို၏ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲဆေးရုံအား (၁၆)ခုတင်ဆံ့ ဆေးရုံမှ (၂၅)ခုတင်ဆံ့ ဆေးရုံအဖြစ်သို့ အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တင်သွင်းသည့် တရားမကျင့် ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတင်ပြချက်အတိုင်း ပြင်ဆင်ချက်မရှိအတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ဥပဒေကြမ်းကို တင်သွင်းပြီး ဥပဒေကြမ်း ကော်မတီဝင် ဦးနေမျိုးထွန်းက အစီရင်ခံစာဖတ်ကြားရှင်းလင်းသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဒေါက်တာခင်ဆောင်က ပဋိဇီ၀ဆေးများ ဝယ်ယူထောက်ပံ့ဖြန့်ဖြူးရေး စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ စုံစမ်းလေ့လာမှု အစီရင်ခံစာတင်ပြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာစံရွှေဝင်း တင်သွင်းသည့် အသစ်ထွက်ပေါ်လာသော ဆေးရွက်ကြီးအသုံးပြုမှုနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် e-cigarettes (Electronic  Nicotine Delivery System) ဆေးရွက်ထွက်ပစ္စည်းကို အပူပေးပြီး အငွေ့ရှူသောပစ္စည်း (Heated Tobacco Product or Heat-not-burn-product)နှင့် ဆေးရွက်ကြီးနှင့် ဆက်စပ်ပစ္စည်းများကို ရောနှောထည့်သွင်းရှူသုံးရသည့် ရေပြောင်း (Water Pipe) များကို ထိန်းချုပ်တားဆီးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

အင်းတော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံးက မိမိတို့နိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးပစ္စည်းများ ထိန်းချုပ်ရန် ဥပဒေများ၊ မူဝါဒများကို စနစ်တကျလိုက်နာ ဆောင်ရွက်ခြင်းမရှိခဲ့သည့်အတွက် ယခုအခါ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း လျှော့ချရေးလုပ်ဆောင်ရာတွင် ခက်ခဲလျက်ရှိပါကြောင်း၊ ထို့အတူ တစ်စထက်တစ်စ ကျယ်ပြန့်လာနေသည့် e-စီးကရက်သုံးစွဲမှုကို ယခုကတည်းက မူဝါဒများချမှတ်ပြီး စနစ်တကျဆောင်ရွက်မည်ဆိုပါက e-စီးကရက် ထွက်ကုန်ကို ထိန်းချုပ်နိုင်မည် ဖြစ်သည့်အတွက် ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

အဆိုနှင့်စပ်လျဉ်း၍ ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာအေဇင်လတ်၊ သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ညောင်လေးပင် မဲဆန္ဒနယ်မှ ဒေါက်တာမြင့်သိန်း၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာခင်စည်သူ၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းနှင့် ဒေးဒရဲမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညိုတို့က ဆွေးနွေးကြသည်။

 

ယင်းအဆိုနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ပတ်သက်၍ ထိန်းချုပ်သည့်ကိစ္စများ၊ ညှိနှိုင်းအစည်းအဝေးပွဲများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အဆက်မပြတ် ကျင်းပနေပါကြောင်း၊ ဗီဒီယိုကလစ်များ ရိုက်ကူးပြီး e-စီးကရက်နှင့် ပတ်သက်မှုများကို ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း၊ အသိပေးစာစောင်များလည်း ထွက်ရှိနေပါကြောင်း၊ ရောင်းအားမြှင့်တင်ခြင်းအတွက် အထောက်အကူပြုနှင့် ပတ်သက်ပြီး ဥပဒေပါ ပြဋ္ဌာန်းချက်များ ဖောက်ဖျက်ကျူးလွန်ခြင်းတွေ့ရှိပါက စစ်ဆေးအရေးယူ ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများကို ညွှန်ကြားချက်ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း။

 

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများကိုလည်း ညှိနှိုင်းစာများပေးပို့ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲဖြတ်တောက်ခြင်းနှင့် ပတ်သက်ပြီး ပြည်သူများ လိုက်နာဆောင်ရွက်ရန်နှင့် နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း၊ အခြေခံပညာရှင်များထံ အချက်အလက်များကို Mobile Tablet ဖြင့် သင်တန်းမှတစ်ဆင့် ဖြန့်ဖြူးပေး လျက်ရှိပါကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှုထိန်းချုပ်ရေးလုပ်ငန်းနှင့် နှီးနွယ်ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် အများပြည်သူများမှတစ်ဆင့် ကာကွယ်နိုင်ရေးအတွက် တာဝန်ရှိသူများကို သင်တန်းများ ပို့ချနေပါကြောင်း၊ အနာဂတ်မျိုးဆက်သစ်များ ကာကွယ်ရန်အတွက် WHO အဖွဲ့ဝင်နိုင်ငံ ၁၈၂ နိုင်ငံမှ ကာကွယ်ရေးလုပ်ငန်းများကို အပြင်းအထန်ဆောင်ရွက်နေသည့်အတွက် ယခုအဆို အားဝန်ကြီးဌာနအဖြင့် အတည်ပြုပေးနိုင်ရန် တင်ပြအပ်ပါကြောင်းနှင့် ထိန်းချုပ်ရေးနှင့်ဆိုင်သော ဥပဒေများ၊ နည်းဥပဒေများကို ချမှတ်ပြီး ဝန်ကြီးဌာနများအားလုံးနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံလိုပါကြောင်း ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားမေးမြန်းရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို  ဇူလိုင် ၃၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)

 

mdn