ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပ

နေပြည်တော် ၆ နိုဝင်ဘာ 


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၏ သရက်-မင်းဘူးမီးရထား လမ်းပိုင်းအား ယခုထက်ပိုမိုတိုးတက်အောင် မည်ကဲ့သို့ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး က မြန်မာ့မီးရထားအနေဖြင့် မင်းဘူး-သရက် လမ်းပိုင်းတွင် မင်းဘူး(၁/၂)အဆန်၊ အစုန်ရထား ၂ စီးအား ၂၀၁၀ခုနှစ် စက်တင်ဘာလမှ စတင်၍ ယနေ့အချိန်အထိ (မင်းဘူးဘူတာမှ သရက်ဘူတာအထိ) ၂၆ ဘူတာပြေးဆွဲလျက်ရှိပါကြောင်း၊ အဆိုပါ ရထားလမ်းပိုင်း ဖွင့်လှစ်ခဲ့စဉ်က ကားလမ်းများမဖွံ့ဖြိုးသေးခြင်းကြောင့် ရထားကိုအဓိက စီးနင်းခဲ့ကြသော်လည်း ၂၀၁၁ ခုနှစ် နောက်ပိုင်းမှစ၍ နိုင်ငံတော်၏ စီမံကိန်းများကြောင့် ကားလမ်းများ၊ ကျေးရွာချင်းဆက်လမ်းများ ပိုမိုကောင်းမွန်လာခြင်းကြောင့် လည်းကောင်း၊ မော်တော်ယာဉ်မူဝါဒ ပြောင်းလဲခဲ့မှုကြောင့်လည်းကောင်း၊ ပြည်သူအများစုမှာ ကိုယ်ပိုင်ယာဉ်များ ဝယ်ယူသုံးစွဲမှု များပြားလာခြင်းကြောင့် လည်းကောင်း၊ ရထားစီးခရီးသည်များ လျော့နည်းကာ ဝင်ငွေများ ကျဆင်းလာခဲ့ပါကြောင်း၊ မင်းဘူး-သရက်လမ်းပိုင်း လျာထားချက် ကိန်းဂဏန်းများသည် နှစ် ၃၀ စီမံကိန်း ရည်မှန်းချက်အပေါ် ကြိုတင်လျာထား ရေးဆွဲခဲ့ခြင်းဖြစ်သဖြင့် အမှန်တကယ် စွမ်းဆောင်ချက်ဝင်ငွေသည် လျာထားချက်ဝင်ငွေထက် လျောနည်းခဲ့ရခြင်းဖြစ်ပါကြောင်း။


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သရက်-မင်းဘူးလမ်းပိုင်း တောင့်တင်းခိုင်မာရေးအတွက် နိမ့်ကျွံပြီး မျက်နှာပြင်ကျဉ်းသော ရထားလမ်းတာပေါင်များအား မြေပြန်ဖို့ခြင်း၊ တောင်ပြိုမြေများ ဖယ်ရှားခြင်းနှင့် ရထားလမ်းဘေး ရေမြောင်းများတူးခြင်း၊ ရေစားတာ ပေါင်များအား ရေကာတန်းများရိုက်ခြင်း၊ တံတား ၄ စင်း ရေထွက်ဘက်တွင် Stone Gabian ပြုလုပ်ခြင်း၊ တံတား ၁စင်းတွင် ရေလမ်းကြောင်း ထိန်းသိမ်းပေးခြင်း၊ မြေထိန်းနံရံများပြုလုပ်ခြင်း၊ ကွန်ကရစ်ဇလီဖား လဲလှယ်ခြင်းနှင့် လမ်းခင်းကျောက် ဖြည့်တင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်ရှိပြီး ခွင့်ပြုဘဏ္ဍာငွေ ရရှိမှုအပေါ် မူတည်၍ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ရထားကွန်ရက်တစ်ခုလုံးအတွက် အရေးပါသော ရန်ကုန်-မန္တလေးလမ်းပိုင်း၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းတို့ကို ဦးစားပေး ပြုပြင်မွမ်းမံလျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ လိုအပ်ချက်ဦးစားပေးအစီစဉ်အတိုင်း ဆောင်ရွက်သွား မည်ဖြစ်ရာ သရက်-မင်းဘူးလမ်းပိုင်းကို ရထားများ ဘေးအန္တရာယ်ကင်းစွာ ခုတ်မောင်းနိုင်ရေး အတွက်သာ ထိန်းသိမ်းဆောင်ရွက်နေပါကြောင်းနှင့် အဆင့်မြင့်ပြုပြင်နိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်း ဖြေကြားသည်။ 


မိုင်းပန်မဲဆန္ဒယ်မှ ဦးစိုင်းကျော်မိုး၏ မိုင်းပန်မြို့နယ် နောင်လုံအင်းတိမ်ကော ရေခမ်းခြောက်မှုအား တူးဖော်ပြုပြင်ထိန်းသိမ်းပေးနိုင်ရန်နှင့် ၎င်းအင်းအတွင်း စိုက်ပျိုးမြေများ ကျူးကျော်ချဲ့ ထွင်လာခြင်း အတွက် နောင်လုံအင်းရေဝေဧရိယာအား ယခင်အတိုင်း တိကျစွာ သတ်မှတ်တိုင်းတာပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့၏တောင်ဘက်တွင် တည်ရှိသော နောင်လုံအင်းမှာ ရှေးဟောင်းသမိုင်းဝင် နေရာတစ်ခုဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှုနှင့်အတူ နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ တိမ်ကောလာကာ ရေသိုလှောင်နိုင်မှု ပမာဏ လျော့ကျလာလျက်ရှိသဖြင့် ပြန်လည်ပြုပြင်တူးဖော်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ နောင်လုံအင်း အား တူးဖော်ပြုပြင်ပေးရန်နှင့် ရေဝေရေလဲ ဧရိယာအား ယခင်အတိုင်း တိကျစွာ သတ်မှတ်တိုင်းတာပေးရန်ကိစ္စနှင့် ပတ်သက်၍ နောင်လုံအင်းမှာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင် မရှိသဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင် စီမံခန့်ခွဲမှုဖြင့် သက်ဆိုင်သည့် ဌာနဆိုင်ရာများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါကြောင်း။


ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်တွင် နောင်လုံအင်းမြေနေရာသည် ကွင်းပြင်ပ အင်းအိုင်မြေဖြစ်ပြီး ၎င်းအင်းအား ပြန်လည်တိုင်းတာရန် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် များ၏ အကူအညီရယူ၍ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် တောင်သူလယ်သမား ကိုယ်စားလှယ်များဖြင့်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် နယ်နိမိတ်တိုင်းတာ သတ်မှတ် စေမည်ဖြစ်ပါကြောင်းနှင့် ပြီးစီးပါက နောင်လုံအင်း တူးဖော်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မူလခွင့် ပြုရန်ပုံငွေ တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။


ယင်းနောက် စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာဦးလှဦး၊ ပေါက်တောမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံနှင့် ဗန်းမောက်မဲဆန္ဒနယ်မှ ဦးကျော်စိုးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်တို့က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။


ဆက်လက်၍ ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်က သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တော များနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် လုပ်ပိုင်ခွင့် ခွင့်ပြုချက် အမျိုးမျိုးဖြင့် မြေ လက်ဝါးကြီးအုပ် ရယူထားမှုများ၌ ကာလအတန်ကြာလုပ်ကိုင်ခဲ့ကြသော မူလတောင်သူများနှင့် လုပ်ပိုင်ခွင့် ရထားသူများအကြား မြေယာအငြင်းပွားမှုများကို လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီများဖြင့် ပြန်လည်စိစစ်ဖြေရှင်းပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် သစ်တောနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာန အနေဖြင့် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများကို နိုင်ငံ၏ ၃၀ ရာခိုင်နှုန်းနှင့် သဘာဝနယ်မြေများကို နိုင်ငံ၏ ၁၀ ရာခိုင်နှုန်းအထိ တိုးချဲ့ဖွဲ့စည်းရန် ရည်မှန်းချက်ထား ဆောင်ရွက်နေသည်ဟု သိရပါကြောင်း၊ သဘာဝသစ်တောကြီးများ အမြန်ပျောက်ကွယ်ခဲ့ရမှုကို တောင်သူများ၏ ခုတ်ထွင် ရှင်းလင်းမှုကြောင့် ဆိုသည်မှာ တစိတ်တစ်ဒေသအားဖြင့် မှန်သော်လည်း နိုင်ငံတော်၏ သစ်တောကြီးများ အလျင်အမြန် ပျောက်ကွယ်ခဲ့ရခြင်း၏ အဓိကအကြောင်းမှာ တရားဝင်၊ တရားမဝင် သစ်ထုတ် ယူခွင့်ပေးခဲ့ကြခြင်းကြောင့် ဖြစ်ပါကြောင်း၊ မြေလွတ်၊ မြေလပ်မြေရိုင်းများတွင် မူလ လုပ်ကိုင်ခဲ့ကြသော တောင်သူများ၏ မြေများကို လုပ်ပိုင်ခွင့် ခွင့်ပြုချက်ဂရန် အမျိုးမျိုး ဖြင့် သိမ်းဆည်းထားကြသည့်သူများသည် ဝန်ကြီးဌာနများ၏ မူဝါဒများနှင့် ဥပဒေစည်း ကမ်းချက်များကို လိုက်နာမှုမရှိဘဲ မြေလက်ဝါးကြီးအုပ်၍ သစ်တောသယံဇာတ၊ သဘာဝသယံဇာတများကို စည်းကမ်းမဲ့ထုတ်ယူမှုများ ရှိနေခြင်းကြောင့်လည်းကောင်း၊ အချိန်ကာလကြာရှည်စွာ နစ်နာနေကြ သော တောင်သူများအတွက် နစ်နာမှုမရှိစေရေး ဖြေရှင်းပေးနိုင်ရန်အတွက်လည်းကောင်း၊ အမျိုးသား မြေအသုံးချမှု မူဝါဒအခန်း (၃) အခြေခံမူများ၏ အပိုဒ်(၈)တွင် မြေအသုံးချမှုနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အများပြည်သူ၏ အကျိုးစီးပွားနှင့် ပုဂ္ဂလိက ကုမ္ပဏီတို့၏ အကျိုးစီးပွားတို့ ယှဉ်ပြိုင်လာပါက အများပြည်သူအကျိုးစီးပွား ကို ဦးစားပေးရန်ဟု ဖော်ပြချက်များအရ လည်းကောင်း၊ သစ်တောမြေနှင့် မြေလွတ် မြေရိုင်းများပေါ်တွင် လုပ်ပိုင်ခွင့်ဂရန် ရရှိထားသူများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ မူဝါဒ၊ ညွှန်ကြားချက်များဖြင့် ဆောင်ရွက်နေမှုများသည် ၎င်းမြေပေါ်ရှိ သိမ်း ဆည်းခံမူလ တောင်သူများကို နစ်နာမှုများရှိနိုင်သည့်အပြင် လယ်ယာမြေနှင့် အခြား မြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ် များကို ထိခိုက်နိုင်ပါကြောင်း ဆွေးနွေးသည်။ ယင်းအဆိုနှင့် စပ်လျဉ်း၍ ကသာမဲဆန္ဒနယ်မှ ဦးမြင့်ကြည်က ထောက်ခံဆွေးနွေးသည်။ 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ လက်ခံဆွေးနွေး ရန်ဆုံးဖြတ်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။


ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တင်သွင်းသည့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်ဖြင့် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ဒသမနေ့ကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။


အေးအေးသန့်