နေပြည်တော် ၅ ဒီဇင်ဘာ 
 
 
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 
 
အစည်းအဝေးတွင် တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း၏ ရန်ကုန်မြို့ ငါးထပ်ကြီးဘုရားအနီး ပတ်ဝန်းကျင်တွင် ရှိနေသော ကုန်းဘောင်ခေတ် ဘုရင့်ဆွေတော်မျိုးတော်များ၏ အုတ်ဂူသင်္ချိုင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်ရန် အစီအစဉ်ရှိ၊ မရှိ  မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ကုန်းဘောင်ခေတ် ဘုရင့်ဆွေတော် မျိုးတော်များ၏ အုတ်ဂူသင်္ချိုင်းတွင် အုတ်ဂူပေါင်း အလုံး ၂၀ ရှိပြီး၊ ပြည်ထဲရေးဝန်ကြီးဟောင်း ဆာဦးသာ၏ အုတ်ဂူအပါအဝင် ဆွေတော်မျိုးတော်များ၏ အုတ်ဂူ ၆ လုံးနှင့် ကျန်အုတ်ဂူများမှာ ပြင်ပပုဂ္ဂိုလ်များ၏ အုတ်ဂူများဖြစ်ပါကြောင်း၊ ဆွေတော်မျိုးတော်များ၏ အုတ်ဂူ ၆ လုံးအနက် မင်းတုန်းမင်းတရားကြီး၏ သမီးတော် မင်းတပ်ထိပ်ခေါင်တင်၏ အုတ်ဂူသည် ဘုံဆင့်ကနုတ်ပန်းပါ အုတ်ပြဿဒ်ဂူဖြစ်ပြီး ကျန်အုတ်ဂူများမှာ မည်သည့်လက်ရာမှ မပါသည့် ရိုးရိုးအုတ်ဂူများဖြစ်ပါကြောင်း။
 
 
ဘုရင့်ဆွေတော်မျိုးတော်များ၏ အုတ်ဂူ ၆ လုံံးအား လွန်ခဲ့သော ၁၈ နှစ်ခန့်က မည်သူမှလာရောက်ပြုပြင်မှုများ မရှိသော်လည်း ယခုနှစ် သီတင်းကျွတ်လပြည့်နေ့ မတိုင်မီ လွန်ခဲ့သော ၁ လခန့်က အောက်မြန်မာပြည် ဆွေတော်မျိုးတော်များအသင်းမှ လာရောက်၍ ယိမ်းယိုင်နေသော အုတ်ဂူများတည့်မတ်ခြင်း၊ ဆေးဖြူသုတ်ခြင်း စသည့် ထိန်းသိမ်းပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊  သို့ဖြစ်ပါ၍ ဘုရင့်ဆွေတော်မျိုးတော်များ၏ အုတ်ဂူများထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ ဆွေတော်မျိုးတော်များအသင်းမှ ဆောင်ရွက်ခြင်းမှာ သင့်လျော်ပါကြောင်းနှင့် ဌာနအနေဖြင့်မူ ဗိသုကာတန်ဖိုး၊ သမိုင်းတန်ဖိုး၊ အနုပညာလက်ရာတန်ဖိုး၊ ခေတ်ကာလတန်ဖိုးမြင့်မားသည့် ရှေးဟောင်းအဆောက်အအုံများကို ဦးစားပေး ထိန်းသိမ်းနေရသဖြင့် ဆွေတော်မျိုးတော်များ၏ အုတ်ဂူများအား ထိန်းသိမ်းရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားသည်။
 
 
ဟုမ္မလင်း မဲဆန္ဒနယ်မှ ဦးမျိုးညွန့်၏ ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသော  မူလတန်းကျောင်းများရှိ ဘွဲ့ရအထွေထွေလုပ်သားများသည် မူလတန်းပြအဖြစ် ရာထူးတိုးပေးရန် သို့မဟုတ် ပညာရေးကောလိပ်သို့ တက်ရောက်ခွင့်ပြုပြီး မူလတန်းပြဆရာအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဘွဲ့ရအထွေထွေ လုပ်သားများအား မူလတန်းပြအဖြစ်သို့ တိုးမြှင့်ခန့်ထားပေးခြင်းများကို ဆက်လက် ဆောင်ရွက်ခြင်းမရှိတော့ဘဲ သင်ကြားရေးဆရာ၊ ဆရာမများ၏ အရည်အသွေး တိုးတက်မြင့်မားစေရန်အတွက် သင်တန်းဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်များအရ လည်းကောင်း၊ ရာထူးတိုးမြှင့်ရေးဆိုင်ရာ သတ်မှတ်မူများအရလည်းကောင်း သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီသူများကိုသာ ဆရာအတတ်သင် သင်တန်းတက်ရောက်စေပြီး မူလတန်းပြအဖြစ် ခန့်ထားဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် ဘွဲ့ရအထွေထွေ လုပ်သားဝန်ထမ်းများအား မူလတန်းပြဆရာဖြစ် သင်တန်းတက်ရောက်ခွင့်ရရှိရေးအတွက် ပြင်ပဘွဲ့ရများနည်းတူ ယှဉ်ပြိုင်စာမေးပွဲဖြေဆိုရန် အခွင့်အလမ်းရှိပါကြောင်း၊  ဌာနတွင်း ဦးစားပေးအချိုးအစား တစ်ခုအနေဖြင့် သတ်မှတ်ပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
 
 
မင်းလှ မဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းအောင်စိုး၏ မြန်မာနိုင်ငံတွင် ဖွင့်လှစ်သင်ကြားနေသော ပြည်တွင်းကျောင်းများ ပြည်ပနိုင်ငံဆက်နွယ်ကျောင်းများ စစ်မှန်မှုနှင့် ခွင့်ပြုသက်တမ်းရှိ၊ မရှိကို မည်သည့်ဌာနမှ စိစစ်ခွင့်ပြုပေးပါသနည်း၊ ကောလိပ်၊ စင်တာ၊ သင်တန်း၊ Training, Institute School,Programme ဘွဲ့ကြိုသင်တန်း စသည့် အဆင့်သတ်မှတ်ချက်များကို မည်သို့ထားရှိပါသနည်း၊ ကျောင်းအဆင့်အတန်းနှင့် ၎င်းတို့ပေးသော ဘွဲ့လက်မှတ်များ Certificate ဘွဲ့၊ ဒီပလိုမာများကိုလည်း မည်သည့်ဌာနမှ အဆင့်အတန်းပြည့်မီမှု ရှိ၊ မရှိ စိစစ်ပေးပါသနည်း၊ ပြည်ပနိုင်ငံ ဆက်သွယ်ကျောင်းများမှ ပေးသောဘွဲ့ကို ၎င်းနိုင်ငံရှိ ပင်မကျောင်း၊ တက္ကသိုလ်၊ ကောလိပ်များမှ အသိအမှတ်ပြုပေးခြင်းရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာနရှိ တက္ကသိုလ်များတွင် ဖွင့်လှစ်သော သင်တန်းများနှင့် အခြားဝန်ကြီးဌာနများနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ သင်ကြားပေးအပ်လျက်ရှိသော ဒီပလိုမာ၊ ဒီဂရီ၊ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့လက်မှတ်များ၏ မှန်ကန်ခိုင်မာမှုနှင့် အရည်အသွေး ပြည့်မီမှုတို့နှင့်စပ်လျဉ်း၍ ဖွင့်လှစ်သည့် သင်တန်းများတွင် သင်ကြားမည့် သင်ရိုးမာတိကာနှင့် သင်ရိုးညွှန်းတမ်းများကို သက်ဆိုင်ရာတက္ကသိုလ်များမှ  ပညာရေးအဖွဲ့၏ ထောက်ခံချက်၊ ဘာသာရပ်ဆိုင်ရာ သင်ကြားရေးအဖွဲ့တို့၏ ထောက်ခံချက်များဖြင့် ပါမောက္ခချုပ်မှ တာဝန်ခံတင်ပြရပြီး အမျိုးသားပညာရေး မူဝါဒကော်မရှင်နှင့် အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီ၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ရေးကော်မတီနှင့် ပါမောက္ခချုပ်များ ကော်မတီတို့၏ သဘောတူညီမှုဖြင့် ဆုံးဖြတ်ဆောင်ရွက်ကြခြင်း ဖြစ်ပါကြောင်း။
 
 
ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော အခြေခံပညာသင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများပါ ဘာသာရပ်များအတိုင်းဖြစ်စေ၊ သင်ခန်းစာများ ထပ်ဆောင်း၍ဖြစ်စေ လေ့ကျင့်သင်ကြားပေးသော ပုဂ္ဂလိကတည်ထောင်ဖွင့်လှစ်သည့် အခြေခံပညာကျောင်းများကို ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖွင့်လှစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း။
 
 
လက်ရှိဖွင့်လှစ်ထားသော ပုဂ္ဂလိကသင်တန်းကျောင်းများ၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများနှင့် ပြည်ပတက္ကသိုလ် သို့မဟုတ် ပညာရေးဆိုင်ရာအဖွဲ့အစည်းများသည် ပညာရေးဝန်ကြီးဌာနနှင့်  သက်ဆိုင်သည့် ဥပဒေများအရ  ခွင့်ပြုထားခြင်းမျိုးမဟုတ်ဘဲ  ကုမ္ပဏီမှတ်ပုံတင်ဥပဒေနှင့် နည်းဥပဒေအရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ပညာရေးဝန်ဆောင်မှု လုပ်ငန်းကုမ္ပဏီအဖြစ် မှတ်ပုံတင်၍ ဖွင့်လှစ်ခွင့်ပြုထားသည့် ကျောင်းများဖြစ်ပါကြောင်း၊  ထိုသို့ ဖွင့်လှစ်ထားသည့် ကျောင်းများဖြစ်ပါက ပညာရေးဝန်ကြီးဌာနအနေဖြင့် ယင်းကျောင်းများမှ ပေးအပ်နေသော ဒီပလိုမာ၊ ဒီဂရီ၊ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့လက်မှတ်များကို မှန်ကန်ခိုင်မာမှုနှင့် အရည်အသွေးပြည့်မီမှုတို့ကို စိစစ်နိုင်ရန် အမျိုးသားပညာရေးဥပဒေနှင့် ပြင်ဆင်သည့် ဥပဒေအရ စိစစ်ဆောက်ရွက်ရန် အခက်အခဲရှိပါကြောင်း။
 
 
ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကကျောင်းဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး အဆိုပါဥပဒေပြဋ္ဌာန်းနိုင်ခြင်း မရှိသေးမီ ပညာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား ဆောင်ရွက်ခွင့်ပြုရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှတစ်ဆင့်  ပေးပို့လျှောက်ထားလာသော ကိစ္စရပ်များအပေါ် စိစစ်ပေးခြင်း၊ အကြံပြုချက်ပေးခြင်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။ 
 
 
လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူ၏ မြန်မာနိုင်ငံတွင် ခေတ်မီအဆင့်မီ စာကြည့်တိုက် အမျိုးမျိုးထူထောင်ရန်အတွက် အဆင့်မီကျွမ်းကျင်သော အရည်အချင်းရှိ စာကြည့်တိုက်မှူးနှင့် ဝန်ထမ်းများဖြစ်လာအောင် ဆောင်ရွက်ပေးရန်၊ ကျောင်းစာကြည့်တိုက်များတွင် ကျွမ်းကျင်အရည်အချင်းရှိ စာကြည့်တိုက်မှူးများ ခန့်ထားပေးရန်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများအတွက်  ယခုထက် အကျိုးရှိအောင် ပြည်ထောင်စုအစိုးရမှ စီမံဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း စုစုပေါင်း  ၄၇၀ဝ၅ ကျောင်း ရှိပါကြောင်း၊ ထိုကျောင်းများအနက်မှ ကျောင်းစာကြည့်တိုက်ရှိသည့် ကျောင်းပေါင်း ၂၆၂၁၂ ကျောင်း ရှိပါကြောင်း၊  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စာကြည့်တိုက်မရှိသည့် အခြေခံကျောင်းများတွင် စာအုပ်စင်များ၊ ဗီရိုများဖြင့် စာကြည့်တိုက်စာအုပ်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အခြေခံပညာဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းစာကြည့်တိုက် ဖွင့်လှစ်ထားရှိသော  အခြေခံပညာကျောင်းများတွင် သင်ကြားရေးဆရာ၊ ဆရာမများမှတစ်ဦးကို စာကြည့်တိုက်တာဝန်ခံအဖြစ် လည်းကောင်း၊ သင်ကြားရေး၊ ဆရာ၊ ဆရာမများနှင့်  ကျောင်းကောင်စီအဖွဲ့မှ အသင်းခေါင်းဆောင်များထဲမှ အဖွဲ့ဝင်အဖြစ် လည်းကောင်းထားရှိပြီး ကျောင်းစာကြည့်တိုက်အဖွဲ့ ဖွဲ့စည်းထားရှိ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းအဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများ စာအုပ်၊ စာပေလေ့လာ ဖတ်ရှုခြင်း၊ ငှားရမ်းဖတ်ရှုခြင်းများ အဆင်ပြေစေရန်အတွက် နေ့စဉ်အလှည့်ကျတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
 
 
အခြေခံပညာကျောင်းများရှိ ကျောင်းစာကြည့်တိုက်များတွင် စာကြည့်တိုက်မှူးများ ခန့်ထားပေးရန် ခွဲဝေရာထူးသတ်မှတ်ထားခြင်း မရှိသေးပါကြောင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် စာကြည့်တိုက်အသုံးပြုမှုနှင့် ပတ်သက်၍ ပိုမိုအကျိုးရှိလာစေရန်နှင့် နည်းစနစ်မှန်ကန်စေရန်အတွက် စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို အခြေခံပညာဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံစာကြည့်တိုက်အသင်း၊ မြန်မာနိုင်ငံစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ပရဟိတအဖွဲ့ (MBAPE)၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ဂျပန်နိုင်ငံအခြေစိုက် ရှန်တီ စေတနာ့ ဝန်ထမ်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
 
 
အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် စာကြည့်တိုက်လုပ်ငန်းများ တိုးတက်ရန်အတွက် စာကြည့်တိုက်နှင့် သုတေသနဘာသာရပ်ကို ရိုးရိုးတန်း၊ မဟာဘွဲ့သင်တန်းနှင့် ပါရဂူဘွဲ့သင်တန်းများအထိ ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်း၊ စာကြည့်တိုက်ဝန်ထမ်းများ စာကြည့်တိုက်လုပ်ငန်းခွင် အတွေ့အကြုံများ ရရှိစေရန်အတွက် စာကြည့်တိုက်နှင့် သုတပညာ ဒီပလိုမာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိခြင်း၊ စာကြည့်တိုက်များတွင် လက်တွေ့သင်တန်းဆင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
 
 
ဆက်လက်၍ မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးနှင့်  မြန်အောင် မဲဆန္ဒနယ်မှ ဦးခင်မောင်လတ်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းတို့က ရှင်းလင်းဖြေကြားကြသည်။
 
 
ထို့နောက် ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် ဒေါက်တာအောင်ထွန်းခိုင်က ဖတ်ကြားတင်ပြသည်။
 
 
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်နိုင်ကြောင်း ကြေညာသည်။
 
 
ထို့နောက် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် ကော်မတီဝင် ဦးရဲလွင်က အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက  လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။
 
 
ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ ပြင်ဆင်သည့်ဥပဒေကြမ်းကို အဆိုတင်သွင်းသည်။
 
 
အဆိုပါဥဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးပါထန်းက လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြပြီး ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
 
 
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမ ပုံံမှန်အစည်းအဝေး ၁၁ ရက်မြောက် နေ့ကို ဒီဇင်ဘာ ၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
 
 
အေးအေးသန့်(သတင်းစဉ်)