နေပြည်တော် ၇ ဒီဇင်ဘာ 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင်  ကြယ်ပွင့်ပြမေးခွန်းများနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းဖြေကြားသည်။

 

ဒီပဲယင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၏ ဒီပဲယင်းမြို့နယ်၊ သရက်ကန်ကျေးရွာရှိ တောင်သူလယ်သမားများသည် ပြီးခဲ့သည့် နွေစပါးစိုက်ပျိုးရာတွင် Great Wall Tomorrow Hi-Tech Agriculture Co.Ltd ၏ (GW-1 Hybrid Pearl Rice Seed) စပ်မျိုးစပါး၊ မျိုးစေ့ကိုယူပြီး ပျိုးထောင်စိုက်ပျိုးခဲ့ရာ မျိုးစေ့မှန်ကန်မှုမရှိ၍ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရပါသောကြောင့် ကုမ္ပဏီကို မည်သို့အရေးယူဆောင်ရွက်ပြီး တောင်သူလယ်သမားများ၏ နစ်နာဆုံးရှုံးမှုကို မည်သို့ကုစားပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက မျိုးစေ့ထုတ်ပိုးအိတ်များပေါ်တွင် ကုမ္ပဏီအမည် ရိုက်နှိပ်မှုနှင့် စပ်လျဉ်း၍  စိစစ်တွေ့ချက်အရ ကုမ္ပဏီသည် တစ်ခုတည်းဖြစ်ပြီး Great Wall Tomorrow Hitech Agriculture Co.,Ltd. အမည်နှင့်  မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်ရန် လိုင်စင်ယူထားသည့် ကုမ္ပဏီဖြစ်ပါကြောင်း၊ သို့သော် တောင်သူများအား မျိုးစေ့ဖြန့်ဖြူးမှုတွင် ယင်းကုမ္ပဏီက လိုင်စင်ယူထားသည့် အမည်ကိုသာ Great Wall အမည်ပါဝင်စေပြီး စာတန်းအမျိုးအစား ကွဲပြားစွာ ရိုက်နှိပ်၍ မျိုးစေ့ဖြန့်ဖြူးမှုကို ဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်း။

 

အထွက်နှုန်းနည်းခဲ့သည့် စိုက်ပျိုးဧရိယာ ၁၄၀၄ ဒသမ ၆၉ ဧကကို နစ်နာကြေးအဖြစ် တစ်ဧက ငွေကျပ် ၁ သိန်းနှုန်းပေးရန်၊ အဆိုပါ ဧရိယာများသို့ ဖြန့်ဖြူးခဲ့သည့် မျိုးစေ့တန်ဖိုးများကို တောင်သူမှ ပေးချေပြီးပါက ပြန်လည်ထုတ်ပေးရန်နှင့် ပေးချေရခြင်း မရှိသေးပါက တောင်သူမှ ကုမ္ပဏီသို့ ပေးချေခြင်းမပြုတော့ရန် ညှိနှိုင်းရရှိခဲ့ပါကြောင်း၊ ညှိနှိုင်းချက်အတိုင်း တောင်သူများသို့ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် ဒီပဲယင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း။

 

မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဥပဒေနှင့်အညီ ထိန်းကျောင်း ဆောင်ရွက်ရာတွင်  မျိုးစေ့ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မခွဲ(ဃ)တွင် တိကျစွာ ပြဋ္ဌာန်းထားသော်လည်း ကုမ္ပဏီအနေဖြင့် ယင်းပြဋ္ဌာန်းချက်ကို ချိုးဖောက်သည့်အတွက် မျိုးစေ့ဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းများအရ ဒဏ်ကြေးငွေ ငွေကျပ် ၁၀ သိန်းကို  ပေးဆောင်စေရန်နှင့် ပြင်းထန်စွာ သတိပေးပြီးဖြစ်သည့်အပြင် မျိုးစေ့ထုတ်လုပ် ဖြန့်ဖြူးမှု အပိုင်းကိုလည်း ဌာန၏ စစ်ဆေးမှုခံယူပြီးသည်အထိ ရပ်ဆိုင်းထားရန် ပြစ်ဒဏ်ပေး ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း။

 

ယင်းဖြစ်စဉ် ပေါ်ပေါက်ပြီးနောက် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ယင်းကုမ္ပဏီ၏ မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သည့် စိုက်ကွင်းများသို့ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ခဲ့ပါကြောင်း၊ စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်း၊ သန့်စင်၊ သိုလှောင်၊  ဖြန့်ဖြူးမှုအဆင့်ဆင့်အထိ လိုအပ်ချက်များကို စစ်ဆေးပြုပြင်စေခဲ့ပါကြောင်း၊ ကြီးကြပ်မှုဆိုင်ရာ အားနည်းမှုအတွက် စစ်ဆေးနိုင်မည့် ပညာရှင် တိုးချဲ့ခန့်ထားရေး ကိစ္စများကို ဆောင်ရွက်စေခဲ့ပါကြောင်း၊  ယင်းအချက်များအပေါ် လိုက်နာဆောင်ရွက်ပြီး ထုတ်လုပ်ထွက်ရှိလာသည့် မျိုးစေ့များကိုဌာန၏ မျိုးစေ့အရည်အသွေး စစ်ဆေးသည့် ဓာတ်ခွဲခန်းတွင် စစ်ဆေး တည်ပြုပြီးမှသာ မျိုးစေ့ထုတ်လုပ်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက် စေမည်ဖြစ်ပါကြောင်း၊ မျိုးစေ့ထုတ် ကုမ္ပဏီများအနေဖြင့် အရည်အသွေးပြည့်မီသော မျိုးစေ့များ ထုတ်လုပ်ရေး၊ အရည်အသွေးပြည့်မီမှုရှိ၊ မရှိ စစ်ဆေးအတည်ပြုချက်ရရှိမှသာ ဖြန့်ဖြူးရောင်းချရေးကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် မျိုးစေ့ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဘုတလင် မဲဆန္ဒနယ်မှ ဦးမြင့်ဟန်ထွန်း၏ ဈေးကွက်အတွင်းရှိ တောင်သူလယ် သမားများ၏ သွင်းအားစုများဖြစ်သော  ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မျိုးစေ့နှင့် မြေဆီအမျိုးမျိုးတို့၏ အရည်အသွေးကို  မည်သို့စစ်ဆေးခွင့် ပြုနေသည်ကို သိလိုခြင်းနှင့် ဈေးကွက်အတွင်းရှိ သံသယရှိသော သွင်းအားစုများကို စစ်ဆေးပေးစေ လိုပါက မည်သို့ တာဝန်ယူဆောင်ရွက်ပေးသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက သီးနှံမျိုးစေ့နှင့် စပ်လျဉ်း၍ မျိုးစေ့လုပ်ငန်း လုပ်ကိုင်လိုသော၊ လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်း၊ ကုမ္ပဏီ၊ လုပ်ငန်းရှင်များသည် ဆောင်ရွက်လိုသည့် သီးနှံအတွက် မျိုးသစ် အသိအမှတ်ပြု လက်မှတ်ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အသိအမှတ်ပြု လက်မှတ်ရရှိပြီးသည့် မျိုးကိုသာ မျိုးစေ့လုပ်ငန်းလုပ်ကိုင် ခွင့်လိုင်စင် ဆက်လက်လျှောက်ထားရယူနိုင်မည် ဖြစ်ပါကြောင်း၊ မျိုးသစ် အသိအမှတ်ပြုလက်မှတ်နှင့် မျိုးစေ့လုပ်ငန်း လိုင်စင်ရရှိပြီးသော မျိုးများကိုသာ မျိုးစေ့ဥပဒေနှင့်အညီ ထုတ်လုပ်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခွင့် ရရှိနိုင်မည် ဖြစ်ပါကြောင်း။

 

ပိုးသတ်ဆေးများအား ပြည်ပမှ တင်သွင်းနိုင်ရေးအတွက် ဦးစွာပိုးသတ်ဆေး မှတ်ပုံတင်နိုင်ရန် မှတ်ပုံတင်အဖွဲ့သို့ သတ်မှတ်ပုံစံဖြင့် အရည်အသွေး စစ်ဆေးရန်  နမူနာပူးတွဲပြီး လျှောက်ထားရမည်ဖြစ်ပါကြောင်း၊ မှတ်ပုံတင်အဖွဲ့မှ နည်းပညာ အချက်အလက်များကို စိစစ်ခြင်းနှင့် အရည်အသွေးမှန်၊ မမှန်ကို ဓာတ်ခွဲစစ်ဆေးခြင်းများကို စနစ်တကျ စိစစ်ဆောင်ရွက်ပြီးမှသာ မှတ်ပုံတင်ခွင့် ပြုပါကြောင်း၊ မှတ်ပုံတင်ရရှိပြီးနောက် စိုက်ပျိုးရေးဦးစီးဌာနမှ တင်သွင်းခွင့် ထောက်ခံချက်ဖြင့် ပြည်ပမှတင်သွင်းလာသည့် ပိုးသတ်ဆေးများကို မှတ်ပုံတင် လျှောက်ထားစဉ်ကတင်ပြသည့် ပါဝင်ရာခိုင်နှုန်း၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိ၊ မရှိ စိစစ်ပြီး အရည်အသွေး ထိန်းချုပ်နိုင်ရန် ပြည်ပမှ တင်သွင်းလာသည့် အချိန်တွင် နမူနာ ရယူစစ်ဆေးပြီး ကိုက်ညီမှုရှိမှသာ ဆိပ်ကမ်းမှ ထုတ်ယူတင်သွင်းခွင့်ပြုပြီး ဈေးကွက်တွင် ရောင်းချနိုင်ပါကြောင်း။

 

တောင်သူလယ်သမားများမှ ဈေးကွက်အတွင်းရှိ သံသယရှိသော သွင်းအားစုများကို အရည်အသွေးပြည့်မီမှု ရှိ၊ မရှိ စစ်ဆေးပေးစေလိုပါက သက်ဆိုင်ရာ စိုက်ပျိုးရေး ဦးစီးဌာန၊ စစ်ဆေးရေးအဖွဲ့များနှင့် သတ်မှတ်ထားသည့် ပုံစံ၊ နည်းလမ်းများအတိုင်း နမူနာရယူ၍ စိုက်ပျိုးရေးဦးစီးဌာန သက်ဆိုင်ရာ ဓာတ်ခွဲခန်းများသို့ ပေးပို့စစ် ဆေးရပါကြောင်း၊ စစ်ဆေးရရှိသော အဖြေသည် မူလစံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိပါက သက်ဆိုင်ရာ ကော်မတီများသို့ တင်ပြ၍ အရေးယူမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မျိုးစေ့၊ မြေသြဇာ၊ ပိုးသတ်ဆေးအရောင်းဆိုင် ပိုင်ရှင်များကိုလည်း စနစ်တကျ အန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်ရန် နည်းပညာပေးခြင်း၊ သင်တန်းပေးခြင်းများ ဆောင်ရွက်ပေးလျက်နည်းတူ ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားနိုင်ရေး၊ ပညာပေးနည်းများ၊ စီမံခန့်ခွဲရေး နည်းလမ်းများနှင့် ထိန်းကျောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ကျုံပျော် မဲဆန္ဒနယ်မှ ဦးစိုင်းအောင်နိုင်၏ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေချိုအင်းများ၏ အင်းနယ်နိမိတ် သတ်မှတ်ချက်မြေပုံများကို တိကျမှန်ကန်စွာ ဖော်ထုတ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ဒုတိယဝန်ကြီးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အင်းနယ်နမိတ် တိုင်းတာခြင်းလုပ်ငန်းအတွက် လျာထားဘဏ္ဍာရန်ပုံငွေ တောင်းခံထားခြင်း မရှိသည့်အတွက် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသော်လည်း လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံပြီး ဘဏ္ဍာရန်ပုံငွေ ရရှိမှုအပေါ် မြေတိုင်းစီမံချက်ရေးဆွဲ ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

 

ဆက်လက်၍ လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦး၊ မြစ်သားမဲဆန္ဒနယ်မှ ဒေါက်တာ ဦးလင်းလင်းကျော်၊ သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်းနှင့် ကော့သောင်း မဲဆန္ဒနယ်မှ ဦးခင်ဇော်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍   ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ၏ အစီရင်ခံစာ  သုံးသပ်အကြံပြုချက်ကို ကော်မတီအတွင်းရေးမှူး ဦးခမ်ခန့်ထန်က  ဖတ်ကြားရာတွင် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနအသီးသီး၏ လုပ်ဆောင်ချက်များကို ပြည်သူ့လွှတ်တော်ပညာရေး မြှင့်တင်မှုကော်မတီသို့ အသိပေးထားမည်ဆိုပါက ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို ယခုထက်ပိုမို၍ လုပ်ကိုင်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ပညာရေးမြှင့်တင်မှု ကော်မတီသို့ ပေးပို့လာသော တင်ပြစာများကို ပညာရေးဝန်ကြီးဌာနသို့ ဖြေရှင်းနိုင်ရန် ပေးပို့ရာတွင် ဝန်ကြီးဌာနအနေဖြင့် မည်သို့ဖြေရှင်းပေးခဲ့သည်ကို ကော်မတီသို့ ပြည့်ပြည့်စုံစုံ ပြန်ကြားသင့်ပါကြောင်း။

 

ပြည်သူများနှင့် အဓိကထိတွေ့နိုင်သော လွှတ်တော်ကိုယ်စားလှယ်များကတစ်ဆင့် ပြည်သူများ၏ ပညာရေးလိုအပ်ချက်များကို ဖော်ထုတ်ပြီး သက်ဆိုင်ရာဌာနများသို့ တင်ပြခြင်း၊ အကြံပေးခြင်း၊ အမျိုးသားပညာရေးနှင့် ဆက်စပ်သော ဆင့်ပွားဥပဒေများ ပေါ်ပေါက်ရေးတွင်ပါဝင်ပူးပေါင်းပြီး လက်တွေ့ကျကျ ဆောင်ရွက်ခြင်းဖြင့် ပြည်သူတို့၏ ပညာရေးကို မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာပ ညာရေးအဖွဲ့အစည်းများ၊ ပညာရှင်များ၊ ပါမောက္ခများနှင့် လက်ခံတွေ့ဆုံ၍ အတွေ့အကြုံဖလှယ်ခြင်းဖြင့် ရေရှည်တည်တံ့၍ နိုင်ငံတကာ အဆင့်မီသော ပညာရေးစနစ်တစ်ခု ပေါ်ပေါက်ရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ၏ အစီရင်ခံစာကို သထုံ မဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်၊ ပုသိမ်ကြီး မဲဆန္ဒနယ်မှ ဦးသောင်းဌေးလင်းနှင့် ဆွမ်ပရာဘွမ် မဲဆန္ဒနယ်မှ ဦးလုံဂျုံဆန်မိုင်တို့က ဆွေးနွေးကြသည်။

 

ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍  လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့်က  ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ယင်းအစီရင်ခံစာကို သဘောတူလက်ခံရန် ကော်မတီဥက္ကဋ္ဌ ဦကျော်မြင့်က အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ  ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစတီဖန်က အစီရင်ခံစာ တင်သွင်းသည်။

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်း အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့်  လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်းက ရာသီဥတု ဖောက်ပြန်သောဒဏ် ဖြေရှင်းနိုင်ရန် အရန်သီးနှံမျိုး၊ အရန်စပါး၊ အရန်ဆန်၊ အရန်ရိက္ခာ သိုလှောင်ထားရှိရန် ပြည်သူ့လွှတ်တော်မှ အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် ရေကြီးနစ်မြှပ်ခြင်း၊ မိုးခေါင်ခြင်း၊ မြေငလျင်လှုပ်ခြင်းစသည့် ရာသီဥတုဖောက်ပြန်မှုနှင့် လူလုပ် ပဋိပက္ခများကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးသွားပါက ဒေသနှင့် ကိုက်ညီသည့် သီးနှံမျိုးစေ့၊ မျိုးဆန်များ၊ မျိုးသန့်မျိုးမှန်များ အချိန်မှီ ပြန်လည် ဖြည့်ဆည်း စိုက်ပျိုးနိုင်စေရန်၊ နိုင်ငံတော်အနေဖြင့်  အရန်စပါး စနစ်တကျ သိုလှောင်ထားခြင်းဖြင့် ဈေးနှုန်း၊ ဈေးကွက်၊ တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခြင်း၊ နိုင်ငံခြားသို့ အချိန်မီ တင်ပို့နိုင်ခြင်း၊ ပြည်တွင်း၊ ပြည်ပဈေးနှုန်းဈေးကွက်များကို လိုအပ်သလို ထိန်းညှိဆောင်ရွက်နိုင်ခြင်းအပြင်  နိုင်ငံတော်အတွက် အကျိုးအမြတ် ရရှိနိုင်စေရန်နှင့် နိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးကို အခြေခံထားပြီး ရာသီဥတုဖောက်ပြန် ပျက်စီးမှု ထိခိုက်လွယ်သဖြင့်  ရာသီဥတု ဖောက်ပြန်မှုဒဏ်၏ နောက်ဆက်တွဲ စားနပ်ရိက္ခာ ပြတ်လပ်မှုကို ကာကွယ်ထိန်းချုပ်စီမံဆောင်ရွက် နိုင်စေရန်တို့အတွက် အဆိုကို တင်သွင်းရခြင်း ဖြစ်ပါကြောင်း။

 

အရန်သီးနှံမျိုးဆိုသည်မှာ စိုက်ပျိုးရေးနှင့် ပတ်သက်၍ လက်ရှိစိုက်ပျိုးနေသော သီးနှံအလိုက်မျိုးများကို  လိုအပ်ချက် ပမာဏထက် အရန်အပိုဆောင်း၍ စနစ်တကျ သိုလှောင်ထားရှိရန် ဆိုလိုခြင်းဖြစ်ပါကြောင်း၊  ထိုသို့ စနစ်တကျ သိုလှောင်ထားရှိပြီး ရုတ်တရက် ပျက်စီးပါက အခြေအနေ ကိုက်ညီသော နည်းစနစ်ကို အသုံးပြု၍ အမြန်အစားထိုး စိုက်ပျိုးနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

 

စားနပ်ရိက္ခာဖူလုံရေး စနစ်တကျ ကြိုတင်စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ရန် လိုအပ်ပြီး အရန်သီးနှံမျိုးများကို စနစ်တခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အရန်မျိုး၊ အရန်စပါး၊ အရန်ဆန်၊ အရန်ရိက္ခာ သိုလှောင်စီမံခန့်ခွဲ ဖြန့်ဖြူးရေးဗဟို တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်အဆင့်အလိုက် လုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ ဆောင်းထွက်သီးနှံမှစ၍ ဝယ်ယူကာ စတင်ဆောင် ရွက်ထားရန် လိုအပ်ပါကြောင်း စသည်ဖြင့် ရှင်းလင်းတင်ပြသည်။

 

ယင်းအဆိုနှင့်စပ်လျဉ်း၍  ဘူးသီးတောင် မဲဆန္ဒနယ်မှ ဦးအောင်သောင်းရွှေ က ထောက်ခံ တင်ပြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့် စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ ကို ဒီဇင်ဘာ ၁၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)