နေပြည်တော် ၁၄ ဒီဇင်ဘာ 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာ ၂ ခုဖတ်ကြား တင်ပြခြင်းနှင့် အဆို ၁ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

 

အစည်းအဝေးတွင် ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၏ ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်ဆည် ရေဝပ်ဧရိယာတွင် ပါဝင်သိမ်းဆည်းခံခဲ့ရသော တောင်သူများအား အခြားတောင်သူများနည်းတူ နိုင်ငံတော်မှ လယ်ယာမြေထောက်ပံ့ကြေးနှင့် သီးနှံလျော်ကြေးများပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က ရန်အောင်မြင်ရေလှောင်တမံ  ရေဝပ်ဧရိယာအတွင်း ပါဝင်သော ကြိုးဝိုင်းတောမြေဧရိယာ ကြေးတိုင်စိုက်ကွင်းဧရိယာနှင့် တောင်သူ တစ်ဦးချင်းမှ လုပ်ကိုင်ခဲ့သော မြေအမျိုးအစားနှင့် မြေဧကများကို စိစစ်ပြီးပါက လယ်ယာမြေများအတွက် လယ်ယာမြေလျော်ကြေး၊ သစ်တောကျူး စိုက်ပျိုးမြေများအတွက် ထောက်ပံ့ကြေးများကိုတွက်ချက်ပြီး ရေလှာင်တမံကို တာဝန်ယူ တည်ဆောက်ခဲ့သော ဝန်ကြီးဌာန(သို့မဟုတ်) လက်ရှိရေလှောင်တမံ အသုံးပြုလျက်ရှိသော နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့မှ ပေးလျော်ထောက်ပံ့နိုင်ရေး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

 

ကျောက်ကြီး မဲဆန္ဒနယ်မှ ဦးမြင့်ငွေ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့၌ရှိသော ကန်သာယာ (အုတ်ဖိုအင်း) အား ကန်သာယာကန်ပတ်လမ်းနှင့် ကန်သာယာ၏ အရှေ့ဘက်ကမ်းပါးတွင် မြို့နယ်ခန်းမ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း နှင့် စပ်လျဉ်း၍  နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက အဆိုပါ လုပ်ငန်းဆောင်ရွက်နိုင်ရန် ကွင်းဆင်းစစ်ဆေး တွက်ချက်မှုစာရင်းအရ ကျောက်ကြီးမြို့နယ်ခန်းမ ဆောက်လုပ်ခြင်းအတွက် (သံကူကွန်ကရစ်) အလျား ပေ ၁၀ဝ၊ အနံ ၆၈ပေ၊ အမြင့် ၁၄ ပေ ဖြစ်ပြီး ခန့်မှန်းကျငွေ ငွေကျပ် ၂၀၄သန်း၊ ကန်ပတ်လမ်း ဖောက်လုပ်ခြင်းအတွက် မြေသား အလျား ပေ ၂၂၀ဝ၊ အကျယ် (အကျဉ်းဆုံးနေရာတွင် ၁၈ ပေ၊ အကျယ်ဆုံး နေရာတွင် ၂၄ပေ) အမြင့်ထု ၆ပေ ဖြစ်ပြီး ခန့်မှန်း ကုန်ကျငွေ ငွေကျပ်  ၁၅သန်း၊ ကန်ပတ်လမ်းပေါ်တွင် တံတား ၂ စင်း ဆောက်လုပ်ခြင်းအတွက် (သံကူကွန်ကရစ်) အကျယ် ၁၂ ပေ၊ အလျား ၂၄ပေ၊ အမြင့်ထု ၆ပေ ဖြစ်ပြီး  ခန့်မှန်းကုန်ကျငွေ ငွေကျပ် ၂၅ သန်း စုစုပေါင်း ခန့်မှန်းကုန်ကျ ငွေ ငွေကျပ် ၂၄၄ သန်း ကုန်ကျမည်ဖြစ်ကြောင်း။

 

 

သို့ဖြစ်ပါ၍ ကျောက်ကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အဆိုပါလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် ဘတ်ဂျက်ရန်ပုံငွေ လုံလောက်မှု မရှိပါသဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် သီးခြားထောက်ပံ့ရန်ပုံငွေ ရရှိရေး တင်ပြတောင်းခံသွားမည်ဖြစ်ကြောင်းနှင့် တောင်းခံရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ဦးရွှေလှ (ခ) ဦးရွှေလှဝင်း၏ ငမိုးရိပ်ချောင်း ရေတိုက်စားမှုကြောင့် ကမ်းပြိုမှု အန္တရာယ်နှင့် ရင်ဆိုင်နေရသော သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန် သစ် (၃၀) ရပ်ကွက်၊ သပြေလမ်း ပတ်ဝန်းကျင်အား ကျောက်သားမြေထိန်းနံရံ (Retaining Wall) အမြန်ဆုံးတည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသော အဆိုပါနေရာသည်  အမှန်တကယ် ဆောင်ရွက်ပေးရန် လိုအပ်နေသော်လည်း ယခုဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ပါဝင်ခြင်းမရှိသောကြောင့်  လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေတွင် လျာထားတင်ပြ တောင်းခံသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ ကော့သောင်း မဲဆန္ဒနယ်မှ ဦးခင်ဇော်၊ ပွင့်ဖြူ မဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊ လှိုင်သာယာ မဲဆန္ဒနယ်မှ ဦးဝင်းမင်းနှင့် မင်းတပ် မဲဆန္ဒနယ်မှ ဦးနေလင်းအောင် တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရှေ့နေ့ချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး တို့က ရှင်းလင်းဖြေကြားကြသည်။

 

 

ထို့နောက် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် ဒေါ်အေးမြမြမျိုးက ရှင်းလင်းတင်ပြပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အစီရင်ခံစာကို ကော်မတီအတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်က ရှင်းလင်းတင်ပြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွမ်ပရာဘွမ် မဲဆန္ဒနယ်မှ ဦးလုံဂျုံဆန်မိုင်နှင့် ထီးလင်း မဲဆန္ဒနယ်မှ ဦးမြတ်လေးဦးတို့က ဆွေးနွေးကြသည်။

 

ယင်းနောက် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ  ဦးရန်လင်းက ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်အပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

 

 

အဆိုပါ အစီရင်ခံစာအား သဘောတူ လက်ခံရန် ကော်မတီဝင် ဒေါက်တာ တင်ဌေးအောင်က အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

 

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာနက တင်သွင်းသည့်  မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုအား ကော်မတီဝင် ဦးဇော်ဝင်းက ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။ 

 

ယင်းနောက် လေးမျက်နှာ မဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်း တင်သွင်းသည့် တစ်နေ့တခြား များပြားလာသည့် ယာဉ်တိုက်ခိုက်မှုများကြောင့် နိုင်ငံတော်အား အကျိုးပြုမည့် လူသားအရင်းအမြစ်များ ထိခိုက်သေဆုံးမှု လျှော့ချနိုင်ရန် နိုင်ငံတော်အဆင့် အမျိုးသား ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ (NRSC) ဖွဲ့စည်းပြီး ဆောင်ရွက် နေသော်လည်း ပြည်သူများလိုက်နာ ကျင့်သုံးဆောင်ရွက်မှု ရလဒ်ကောင်းများရရှိမှု အားနည်းသည့်အပေါ် လက်တွေ့ကျသည့် လုပ်ဆောင်ချက်၊ လိုအပ်ချက်များ ဖြည့်ဆည်းကာ ပိုမိုအရှိန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ရွှေကျင် မဲဆန္ဒနယ်မှ ဦးစောသလေးစောက အစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝကို အကာအကွယ်ပေးရာတွင် အဆိုရှင်တင်ပြသည့် ကြိုတင်ကာကွယ်ခြင်း၊ တားဆီးခြင်းများသည် မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့အပြင်  မမျှော်မှန်းနိုင်သည့် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာသည့်အခါ  ပြည်သူများအတွက် ငွေကြေးဆိုင်ရာအခက်အခဲများ မဖြစ်ပေါ်စေရန်ကိုလည်း ဆောင်ရွက်ပေးသင့်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်သည့်အခါတွင်  ပြဋ္ဌာန်းထားပြီးသောဥပဒေ၊ နည်းဥပဒေများနှင့်  ထိထိရောက်ရောက် အကောင်အထည်ဖော်ပြီး လူမှုစီးပွားဘဝများကို အကာအကွယ် ပေးသင့်ပါကြောင်း အကြံပြု ဆွေးနွေးသည်။

 

မင်းတုန်း မဲဆန္ဒနယ်နမှ ဒေါ်ခင်သန်းနုက  အစိုးရအနေဖြင့် (NRSC) ဖွဲ့စည်းပြီး ဆောင်ရွက်နေသော်လည်း ပြည်သူများက လိုက်နာကျင့်သုံး ဆောင်ရွက်မှု အားနည်းနေသည့်အတွက် ထိရောက်ပြီး လက်တွေ့ကျသည့် အသိပညာပေးမှုများနှင့် ပြည်သူများ လိုက်နာနိုင်မည့် နည်းလမ်းကောင်းများကို ပိုမိုအကောင်အထည်ဖော် ဆောင်ပြီး နိုင်ငံတော်မှ အားထားရသည့် နိုင်ငံအရင်းအမြစ်ဖြစ်သည့် လူ့စွမ်းအားများ မဆုံးရှုံးစေရန်အတွက်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

 

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးနိုင်လင်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများသည် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြည်သူများ လိုက်နာဆောင်ရွက်ရေး ပူးပေါင်းဆောင်ရွက်သွားကြရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသူများ အားလုံးကို ပြစ်မှုဖြစ်ပွားလာပါက ကျောသားရင်သား မခွဲခြားဘဲ ထိထိရောက်ရောက် အရေးယူရန်၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းကို စတင်လျှောက်လှမ်းနေသော နိုင်ငံဖြစ်သည်နှင့်အညီ စည်းကမ်းစနစ်တကျ ဖြစ်စေရေးသည် ပိုမိုအရေးကြီးသည့်အတွက် (Rule of Law) ဆိုသည့် တရားဥပဒေ စိုးမိုးမှုရရှိစေရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ သိသင့်သိထိုက်သော စည်းကမ်းများကို နိုင်ငံတော်မှ ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ပါက ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား တိုးချဲ့ဖွဲ့စည်းရန် အကြံပြုအပ်ပါကြောင်း။

 

ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် စည်းကမ်း၊ ဥပဒေများကို လက်တွေ့လိုက်နာ ကျင့်သုံးနိုင်မည်ဆိုပါက ယာဉ်အန္တရာယ်ဖြစ်ပွားမှုများ လျော့နည်းလာမည်ဖြစ်ကြောင်းနှင့် နိုင်ငံအားအကျိုးပြုမည့် လူသားအရင်းအမြစ်များ ထိခိုက်သေဆုံးမှု လျှော့ချနိုင်မည်ဖြစ်ကြောင်း အကြံပြုဆွေးနွေးသည်။

 

 

ယင်းအဆိုနှင့်စပ်လျဉ်း၍ စဉ့်ကိုင် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ကြည်မို့မို့လွင်၊ စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ ကြို့ပင်ကောက် မဲဆန္ဒနယ်မှ ဦးဌေးမင်းသိန်း၊ ရေကြည် မဲဆန္ဒနယ်မှ ဒေါက်တာဦးစံရွှေဝင်း၊ သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၊ တောင်သာ မဲဆန္ဒနယ်မှ ဦးစစ်အေးနှင့် ကမာရွတ် မဲဆန္ဒနယ်မှ ဦးကျော်မင်းတို့က ဆက်လက် ဆွေးနွေးကြသည်။

 

ဆက်လက်၍ အဆိုနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ယခုလက်ရှိတွင် ရည်မှန်းသလောက် ခရီးပေါက်အောင်မြင်မှု မရှိသေးသည့်အတွက် လက်ရှိ လုပ်အားနှုန်းထက် အဆများစွာ ပိုမိုကြိုးပမ်းစွမ်း ဆောင်ကြရန် အားလုံး၌ တာဝန်ရှိပါကြောင်း၊ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ အဖွဲ့အစည်းတစ်ခု၏ ကောင်းကျိုးအတွက် မဟုတ်ဘဲ ပြည်သူအားလုံး၏ နေ့စဉ်ဖြတ်သန်းနေသည့် လူမှုစီးပွားဘဝများအတွက် လုံခြုံမှုပေးနိုင်အောင် ဆောင်ရွက်ရသည့် ကိစ္စရပ်ဖြစ်သောကြောင့် NRSC ဆပ်ကော်မတီများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီများနှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများသာမက ပြည်သူအားလုံးကပါ Road Safely ကို နိုင်ငံ့အရေး၊ ပြည်သူ့ အရေးဟု အလေးအနက်ခံယူပြီး တက်တက်ကြွကြွ ဝိုင်းဝန်းပူးပေါင်း လက်တွဲဆောင်ရွက်ကြမှသာ အဓိကရည်မှန်းချက်သို့ ရောက်ရှိအောင်မြင်နိုင်မည်ဖြစ် ပါကြောင်း၊ သို့ဖြစ်ပါ၍ NRSC အနေဖြင့် လက်တွေ့ကျသည့် လုပ်ဆောင်ချက်၊ မြေပြင်လိုအပ်ချက်များကို အခြေခံလျက် ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပညာပေး၊ စစ်ဆေး၊ အရေးယူခြင်းများကို ထပ်တိုး၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ ဆန္ဒရယူရာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၇ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)