နေပြည်တော် ၂၂ ဖေဖော်ဝါရီ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆)ရက် မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းသည်။

 

mdn

 

အစည်းအဝေးတွင်  မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၏ မင်းဘူး(စကု)မြို့နယ် တွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော အမှန်ကွင်းဆင်းကောက်ယူထားသည့် သီးနှံထိခိုက်မှု ပျက်စီးစာရင်းများအတိုင်း မည်သည့်အချိန်တွင် မည်သည့် နှုန်းထားဖြင့် ပံ့ပိုးထောက်ပံ့မှုများ ပေးသွားမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှလည်း အရေးပေါ်ရန်ပုံငွေမှ လွှဲပြောင်းသုံးစွဲခြင်းကိစ္စကို စိစစ် သဘောတူခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၈ ခုနှစ် ဇွန်လအတွင်း မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် မိုးများ၍ ရေကြီးနစ်မြုပ် ပျက်စီးသွားသည့်  သီးနှံ  ၁၉၇၀၃ ဧကတွင် မိုးနှမ်း၊ ပဲတီစိမ်း၊ ဆောင်းမြေပဲ တစ်ဧက ငွေကျပ် ငါးထောင် နှုန်း၊ ဟင်းသီးဟင်းရွက်၊ အစေ့ထုတ်ပြောင်း၊ ဖူးစား ပြောင်းသီးနှံများအတွက် တစ်ဧက ငွေကျပ် တစ်သောင်းနှုန်း၊ နွေနှမ်းတစ်ဧကလျှင် ငွေကျပ် ငါးသောင်းနှုန်း၊ မိုးမြေပဲ တစ်ဧကလျှင် ငွေကျပ် သုံးသောင်းနှုန်း၊ မိုးစပါးပျိုးခင်း တစ်ဧကငွေကျပ် တစ်သိန်းနှုန်း၊ နွေစပါးတစ်ဧက ငွေကျပ် နှစ်သိန်းငါးသောင်းနှုန်းဖြင့် သီးနှံပျက်စီးခဲ့သည့် တောင်သူများအား ဆောလျင်စွာ ထောက်ပံ့ပေးနိုင်ရေး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

 

mdn

 

စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ စေတုတ္တရာမြို့နယ်ရှိ မုန်းတမံတွင် နှစ်စဉ်အနည်အနှစ်များပို့ချမှုကြောင့် တဖြည်းဖြည်းကောလာကာ ရေဝပ်ဧရိယာ နည်းပါးလာပါသဖြင့် မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က မုန်းချောင်းရေလှောင်တမံ၏ ဒီဇိုင်းပြု သတ်မှတ်ထားသည့် ကန်ရေသတ်မှတ် RL-440 ပေ အောက်တွင်ရှိသည့် ရေသေ ရေလှောင် ပမာဏသည် ဧကပေ  ၁၁၄၁၀ဝ ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် တမံ ရေဝပ် ဧရိယာအတွင်း သဲနုန်းပို့ချမှုကို တိုင်းတာစစ်ဆေးခဲ့စဉ်က တမံသက်တမ်း ၁၂ နှစ်တာ ကာလအတွင်း သဲနုန်းထုထည်သည်  RL-368 ပေ ပမာဏအားဖြင့် ၂၁၆၀ဝ ဧက ပေခန့် ဝင်ရောက်လျက်ရှိကြောင်းကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ရေသေရေလှောင် ပမာဏ၏ ၁၉ ရာခိုင်နှုန်းခန့်သာ သဲနုန်းဝင်ရောက်မှုရှိသည့် အခြေအနေဖြစ်ပါကြောင်း။

ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့်လည်း ရေလှောင် တမံတွင်း သဲနုန်းပို့ချမှု၊ ရေရှည်တည်တံ့မှုတို့အတွက် လုပ်ထုံးလုပ်နည်း၊ သတ်မှတ်ချက် များနှင့်အညီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေအရ သဲနုန်းပို့ချမှု အတော်အသင့်ရှိသော်လည်း မူလဒီဇိုင်းပြု သတ်မှတ်ထားသည့် ကန်ရေသတ်မှတ်ချက်အောက်တွင်သာရှိသည့်အတွက်  ရေထုတ်ပြွန်ပေါက်မှ ရေထုတ်လွှတ်ပေးဝေမှုကို ထိခိုက်မှုမရှိသေးသည့် အခြေအနေဖြစ်ပါကြောင်း၊ မိုးစပါး၊ နွေစပါး စိုက်ပျိုးရေးနှင့် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း လုပ်ငန်းများအတွက်လည်း ထိခိုက်ခြင်း မရှိသေးသည့် အခြေအနေဖြစ်ပါကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့် ပေါင်းစပ်ဖြေကြားပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

mdn

 

ပေါက်ခေါင်း မဲဆန္ဒနယ်မှ ဒေါ်နီနီဒွန်း၏ ပေါက်ခေါင်းမြို့နယ်ရှိ တောင်နဝင်း ရေလှောင်တမံကြီး၏ ငလျင်ဒဏ်ကြောင့် တမံထိပ်ပြင်မြေသားနိမ့်ကျမှုနှင့် အက်ကွဲကြောင်းများ ဖြစ်ပေါ်မှုကို မိုးရာသီကာလမတိုင်မီနှင့် မိုးရာသီကာလတွင် မြို့နယ်သူ၊ မြို့နယ်သားများ လုံခြုံမှုရှိစေရန် မည်ကဲ့သို့ စီမံထားသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က တောင်နဝင်းရေလှောင်တမံ၏ ထိပ်ပြင်အပေါ်ပိုင်းတွင် ယခုကဲ့သို့ အက်ကြောင်းဖြစ်ပေါ်နေမှုနှင့်ပတ်သက်ပြီး ရေလှောင်တမံကြံ့ခိုင်မှုနှင့်  ဘေးကင်းလုံခြုံမှုအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်းများကို မိုးရာသီမတိုင်မီ ပြီးစီးအောင် စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည့် ဂျပန်ပညာရှင်များ၏ ညှိနှိုင်းဆက်သွယ်မှုအရ ဂျပန်ဆည်မြောင်းပညာရပ် နည်းပညာဆိုင်ရာ Technical Institute  of Rural Development Committee ၏ စူးစမ်းလေ့လာမှုစံနှုန်းသတ်မှတ်ချက်များနှင့်အညီ ထပ်မံစူးစမ်းလေ့လာ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။

ယခုဖြစ်ရပ်အပေါ် ဒေသနေပြည်သူများ၏ စိုးရိမ်ပူပန်မှုများ လျော့ပါးသွားစေမှုမှ ပူပင်သောကများကွယ်ပျောက်သွားပြီး မိမိတို့၏ဘဝ၊ အသက်အိုးအိမ်စည်းစိမ်များ၊ စိတ်ချလုံခြုံစေမည့် အခြေအနေများ ဖန်တီးဖြစ်ပေါ်လာနိုင်စေမည့် အနေအထားအထိ အထူးအလေးထား စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ကျောက်ကြီး မဲဆန္ဒနယ်မှ ဦးမြင့်ငွေ၏ စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် ကျောက်ကြီးမြို့နယ်၊ သောင်လယ်ကျေးရွာအုပ်စု၊ ဒိုးတန်းကျေးရွာနှင့် နွယ်တန်းကျေးရွာ ကမ်းပါးပြိုကျမှုများအား အကာအကွယ်ပေးရန် ၂၀၁၉ မိုးရာသီမတိုင်မီ ကမ်းထိန်းတန်းနှင့် ရေလွှဲကဒစ်တန်းများ တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးက နွယ်တန်းကျေးရွာသည် စစ်တောင်းမြစ်၏ မြစ်ကွေး အပြင်ဘက်ခြမ်းတွင် တည်ရှိပြီး ရေနက်ကြောင်းသည် ကမ်းရင်းမှ စီးဆင်းလျက်ရှိရာ တစ်ဘက်ကမ်းတွင် သဲသောင် ဖြစ်ထွန်းမှုကြောင့် နွယ်တန်းကျေးရွာ ဘက်ကမ်းတွင် အလျားမီတာ ၈၀ဝ ခန့် ကမ်းပြိုမှု ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါကြောင်း၊ နွယ်တန်းကျေးရွာ ကမ်းပြိုကာကွယ်ရေး အစီအမံများအနေဖြင့် နှစ်တန်းသွားမျောတိုင်တန်း ကျောက်ဖြည့် အခြေထိန်းရေကာ ၇၂၅ မီတာနှင့် မီတာ ၅၀ ရှိသော နှစ်တန်းသွား မျောတိုင်တန်း ရေလွှဲရေကာ ၁၀ ခုတို့ကို ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ်မှာ ငွေကျပ် သန်း ၅၃၀ ဖြစ်ပါကြောင်း။

ကမ်းပြိုကာကွယ်ရေး အစီအမံများအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေတွင် ပါဝင်ခြင်းမရှိပါသဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထွေထွေ ပိုလျှံရန်ပုံငွေတွင် တင်ပြတောင်းခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။

 

mdn

 

ဆက်လက်၍ တောင်ကုတ် မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်၊ မင်းတုန်း မဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနုနှင့် ထားဝယ် မဲဆန္ဒနယ်မှ ဦးအောင်စိန်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးတို့က ရှင်းလင်း ဖြေကြားကြသည်။

ထို့နောက် မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်း တင်သွင်းသည့် ရာသီဥတုဖောက်ပြန် သောဒဏ်ဖြေရှင်းနိုင်ရန် အရန်သီးနှံမျိုး၊ အရန်စပါး၊ အရန်ဆန်၊ အရန်ရိက္ခာ သိုလှောင်ထားရှိရန် ပြည်သူ့လွှတ်တော်မှ အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက ဆွေးနွေးကြသည်။

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး စံဝင်းနိုင်က မိမိတို့တိုင်းပြည်အတွင်း အရန်မျိုးရိက္ခာများသိုလှောင်ထားရှိခြင်းအားဖြင့် ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝဘေးဒဏ်များကြောင့် အရေးပေါ်မျိုးရိက္ခာလိုအပ်ချက်များအား စနစ်တကျကြိုတင် ကာကွယ်ပြင်ဆင်နိုင်သည့်အပြင် အခြားနိုင်ငံတချို့နှင့် ပြည်ပအဖွဲ့အစည်းတချို့တို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစွက်ဖက်မှုနှင့် အကျိုးသက်ရောက်မှုများအပေါ် တည်ငြိမ်စွာဖြင့် တန်ပြန်စီမံခန့်ခွဲသွားနိုင်မည်ဖြစ်သောကြောင့် တောင်သူလယ်သမားများနှင့် ပြည်သူတစ်ရပ်လုံးအတွက် ကြီးမားသော အကျိုးတရားများ ဖြစ်ထွန်းလာစေပြီး အမိနိုင်ငံတော်၏ ပုံရိပ်ကိုပါ ပိုမိုတောက်ပလာစေမည်ဖြစ်ပါကြောင်း၊ အရန်မျိုး ရိက္ခာရှိခြင်းသည် ပြည့်စုံကြွယ်ဝမှုဂုဏ်ဒြပ်ဖြစ်သကဲ့သို့ အရန်ရှိခြင်း(ထုရှိခြင်း)သည် အောင်မြင်ခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သောကြောင့် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

mdn

 

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး မင်းမင်းက  မိမိတို့နိုင်ငံသည် သဘာဝ ဘေးအန္တရာယ်ကျရောက်နိုင်မှုအများဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး ရာသီဥတု ဖောက်ပြန်မှုနှစ်စဉ်ခံစားနေရသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် လိုအပ်သော ပြင်ဆင်မှုများ၊ ကြိုတင်မျှော်တွေး စုဖွဲ့ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းချက်များ၊ ရည်ရွယ်ချက်များသည် တောင်သူလယ်သမားများအတွက် အမှန်တကယ် အကျိုးစီးပွားမြှင့်တင်ရာရောက်သောကြောင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် တင်ပြလိုပါကြောင်း။

ထို့အပြင် ဆန်စပါးကဏ္ဍထုတ်လုပ်မှုကျဆင်းနေခြင်းကို  ပြန်လည်သုံးသပ်ရန် နှင့် နိုင်ငံတော်အနေဖြင့် အရန်ဆန်၊ အရန်စပါး၊ အရန်မျိုးရိက္ခာများ ကြိုတင်စီမံထား ရှိမှုကို ပြည်သူများသို့ ပွင့်လင်းမြင်သာစွာ ရှင်းလင်းချပြရန် လိုအပ်ပါကြောင်း၊ Logistics ဟုခေါ်သည့်  အုပ်ချုပ်ထောက်ပံ့မှုသည် ပြည်သူများအပေါ်တွင် တိုက်ရိုက်အကျိုးသက် ရောက်မည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှု၊ နှလုံးစိတ်ဝမ်းအေး ချမ်းမှုကို ခံစားနိုင်မည်ဖြစ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။

ယင်းနောက် အဆိုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က နိုင်ငံတော်အနေဖြင့် အရန်ဆန်ထားရှိခြင်း၏ ရည်ရွယ်ချက်သည် ဆန်စပါးဈေးကွက် တည်ငြိမ်ပြီး စားသုံးသူပြည်သူများ အခက်အခဲများ မကြုံတွေ့စေရန်နှင့် ဈေးနှုန်းကျဆင်းမည်ဆိုပါကလည်း တောင်သူများ စိုက်ပျိုး ထုတ်လုပ်မှု  မထိခိုက် စေရေးနှင့် သဘာဝဘေးကြုံတွေ့မည်ဆိုပါကလည်း အဓိက စားနပ်ရိက္ခာဖြစ်သည့်  ဆန်ကို ထောက်ပံ့ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။

အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံအပေါင်း သုံးနိုင်ငံပါဝင်ပြီး လက်မှတ်ရေးထိုးထားသည့် ဒေသတွင်းအရေးပေါ် အရန်ဆန်ရိက္ခာအစီအစဉ်သည် ဒေသအတွင်းတွင် မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်ကျရောက်မှုအခြေအနေဖြစ်ပွားပါက ထောက်ပံ့ပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး အာဆီယံ ပဋိညာဉ်တစ်ရပ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အစီအစဉ်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်လည်း သဘာဝဘေးကြောင့် ထိခိုက်ခံစားရသူများအတွက် လတ်တလော စားဝတ်နေရေးအဆင်ပြေစေရန် ထောက်ပံ့ပေးနိုင်ရေး အစီအစဉ်များကို စနစ်တကျ ရေးဆွဲ၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားပါကြောင်း၊ ရေဘေးသင့်ပြည်သူများကို အချိန်မီထောက်ပံ့ပေးနိုင်ရန် အတွက် ကယ်ဆယ်ရေးပစ္စည်းများကို ဗဟိုသိုလှောင်ရုံများရှိသည့် ရန်ကုန်နှင့် မန္တလေး တိုင်းဒေသကြီးတို့ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင် မြို့နယ်သိုလှောင်ရုံများ အလိုက် အရန်သင့်သိုလှောင်  ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း။

ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်တိုက်တွန်းသည့် အဆိုပါ လုပ်ငန်းစဉ်များသည် နိုင်ငံတော်မှ လက်ရှိဆောင်ရွက်လျက်ရှိသည့် အမျိုးသားသဘာဝအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှု ကော်မတီက ချမှတ်ထားသည့် မူဝါဒလမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာ ကဏ္ဍအလိုက် အပြန်အလှန်ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း အစီအမံများဖြစ်ပါကြောင်း၊ သဘာဝဘေးကျရောက်လာသည့် အခြေအနေတွင် ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများကို လျင်မြန်စွာ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရေးအစီအမံများအရ အကောင်အထည် ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ ဖြစ်နေသည့်အတွက် အဆိုအား မှတ်တမ်းတင်ထားရှိနိုင်ပါရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဆိုရှင်၏ သဘောကွဲလွဲမှုရှိသောကြောင့် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ ဆန္ဒရယူရာ ထောက်ခံမဲ ၁၅၀ မဲ၊ ကန့်ကွက်မဲ ၂၀၁ မဲနှင့် ကြားနေမဲ ၃ မဲဖြစ်၍  ကန့်ကွက်မဲများသောကြောင့် အဆိုအား လွှတ်တော်မှ မှတ်တမ်းတင်မည် ဖြစ်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)