နေပြည်တော် ၈ ဖေဖော်ဝါရီ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ထီးချိုင့် မဲဆန္ဒနယ်မှ ဦးမောင်မောင်၏ နိုင်ငံကျော် စာရေးဆရာကြီး ရွှေဥဒေါင်းစာအုပ်များ ထုတ်ဝေမှု၊ စာမူများ ထိန်းသိမ်းထားမှု၊ စာမူခများ ရရှိမှု ပမာဏနှင့်  ရွှေဥဒေါင်းစာပေဆု ချီးမြှင့်ရန် မည်သို့စီမံဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍  ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက စာရေးဆရာကြီး ဦးဖေသိန်း(ကလောင်အမည် ရွှေဥဒေါင်း)သည် ၁၉၃၇ ခုနှစ်တွင် ကွယ်လွန်ခဲ့ပါကြောင်း၊ ကွယ်လွန်ပြီးနောက်  ဆရာကြီး၏ စာအုပ်စာပေများကို စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ဆရာကြီး ရွှေဥဒေါင်းစာမူ ထိန်းသိမ်းရေးကော်မတီက ဆောင်ရွက်နေ သည့်အကြောင်းကို သိရှိခဲ့ရပါကြောင်း၊  အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်သူတစ်ဦးဖြစ်သည့် ဆရာမကြီး လူထုဒေါ်အမာ၏သား ဦးငြိမ်းချမ်း (စာရေး ဆရာညီပုလေး)ကို ဆက်သွယ်မေးမြန်းသည့်အခါ ဆရာက  စာဖြင့် ယခုကဲ့သို့ ပြန်ကြားခဲ့ပါကြောင်း။

ဆရာကြီးရွှေဥဒေါင်း ကွယ်လွန်သည့်အခါ ဇနီးဖြစ်သူ ဒေါ်ကြီးစိုး ကျန်ရစ်ခဲ့ပါကြောင်း၊ ဒေါ်ကြီးစိုးက ဆရာကြီးရွှေဥဒေါင်း၏ စာမူများကို ထိန်းသိမ်းရန် ဒါရိုက်တာ စာရေးဆရာ ဦးသုခ၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ ဆရာသော်တာဆွေနှင့် ဟံသာဝတီ ဆရာဦးဝင်းတင်တို့ကို လွှဲအပ်တာဝန်ပေးခဲ့ပါကြောင်း၊ ဖော်ပြပါ ပုဂ္ဂိုလ်များ ထိန်းသိမ်းလာခဲ့ရာမှ တစ်ဦးပြီးတစ်ဦးကွယ်လွန်သွားခဲ့ကြပြီး နောက်ဆုံးကျန်ခဲ့သူ ဟံသာဝတီ ဦးဝင်းတင်က လူထုမိသားစုနှင့် ဆရာကြီးရွှေဥဒေါင်း၏ တူဖြစ်သူ ဆရာလူထုဦးစိန်ဝင်းသို့   ဆက်သွယ်လွှဲပြောင်းထိန်းသိမ်းစေခဲ့ပါကြောင်း။

ဆရာလူထုဦးစိန်ဝင်းကွယ်လွန်သည့်အခါ လူထုမိသားစုနှင့် ဆရာကြီး ရွှေဥဒေါင်း ၏မြေး ဦးသိန်းအေး(အင်ဂျင်နီယာ)နှင့် အထက်မြန်မာနိုင်ငံစာရေးဆရာအသင်းတို့ ဆရာကြီး၏စာမူများကို ဆက်လက်ထိန်းသိမ်းခဲ့ရာ ယနေ့ထက်တိုင်ဖြစ်ပါကြောင်း၊ ဆရာကြီး ရွှေဥဒေါင်း၏ စာမူခများမှာ ယခုအခါ ငွေကျပ် ၁၀၈၉ သိန်း ရှိပြီး မန္တလေးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်အမှတ်-၂၊ စာရင်းအုပ်စု SDA၊ စာရင်းအမျိုးအစား S၊ ငွေစာရင်းအမှတ် SC 004088 တွင် စာရင်းသွင်းစုဆောင်းထားပါကြောင်း။

ဖော်ပြပါ စုဆောင်းငွေများကို ဆရာကြီးရွှေဥဒေါင်း၏ ဇာတိ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် မန်ကျည်းတုံရွာရှိ ရွှေဥဒေါင်းစာကြည့်တိုက်နှင့် အခြေခံပညာအထက်တန်းကျောင်းသို့ လှူဒါန်းရန် ဆရာကြီးရွှေဥဒေါင်း ဆွေမျိုးများနှင့် ရွာမိရွာဖများပါဝင်သောအဖွဲ့ကို ပေးအပ်လှူဒါန်းရန် ပြောဆိုတိုင်ပင်ပြီးဖြစ်ပါကြောင်း။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် စာပေဗိမာန်မှ ထုတ်ဝေခဲ့သည့် မြန်မာဂန္ထဝင် အတွဲ ၁၀ဝ စာစဉ်၊ ဝတ္ထုရှည်စာစဉ်၊ အတွဲ(၂)တွင် ဆရာကြီး၏ ရတနာပုံဝတ္ထုကို ထည့်သွင်းထုတ်ဝေခဲ့ပြီး ယင်းအတွက် မူပိုင်ခွင့်တောင်းခံခဲ့ခြင်း၊ ဉာဏ်ပူဇော်ခချီးမြှင့်ခြင်းတို့ကို စာစဉ်ထုတ်ဝေရေးကော်မတီက ဆရာကြီးရွှေဥဒေါင်း စာမူထိန်းသိမ်းရေးကော်မတီမှ စာရေးဆရာညီပုလေးနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ရွှေဥဒေါင်းစာပေဆုချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဆရာကြီး ရွှေဥဒေါင်းစာမူထိန်းသိမ်းရေးကော်မတီတို့တွင် လောလောဆယ် အစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားသည်။

ထို့နောက် ဆက်စပ်မေးခွန်းအနေဖြင့် ထီးချိုင့် မဲဆန္ဒနယ်မှ ဦးမောင်မောင်က ဆရာကြီး၏ စာမူများကို နောက်ဆုံး ပိုင်ဆိုင်ခဲ့သူမှာ အဖွား ဒေါ်ကြီးစိုးဖြစ်ပါကြောင်း၊ အဖွားဒေါ်ကြီးစိုးက နောက်ဆုံးပေးအပ်ခဲ့သည့် တူမ ဒေါ်မြင့်မြင့်၏ ဆန္ဒသည် ရွှေဥဒေါင်းစာပေဆု ထာဝစဉ်တည်တံ့ရေးအတွက် ဆရာကြီး၏ စာမူအားလုံးကို နိုင်ငံတော်ကို အပြီးပြတ်လှူဒါန်းမည်ဟု ပြောကြားပါကြောင်း၊ တချိန်တွင် နိုင်ငံတော်မှတစ်ဆင့်  ဆုချီးမြှင့်သည့်အခါ စာရေးဆရာကြီးရွှေဥဒေါင်း၏ မျိုးဆက် ဆက်ခံသူ တစ်ယောက်အနေဖြင့် အဖွားဒေါ်ကြီးစိုး၏ ကိုယ်စား ဆုပေးပွဲများတွင် တက်ရောက်ဆုပေးခွင့်ပြုရန် တောင်းဆိုပါကြောင်း၊ ရွှေဥဒေါင်းစာပေဆု အတွက် ထိန်းသိမ်းရေးကော်မတီအဆင့်ဆင့်တွင် မည်သို့ချမှတ်မည်နှင့် ကာယကံရှင်၏ မေတ္တာရပ်ခံချက်ကို မည်သို့လက်ခံမည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ကိုယ်စားလှယ်၏ မေးခွန်းနှင့် ပတ်သက်၍ စာရေးဆရာကြီးရွှေဥဒေါင်း စာမူထိန်းသိမ်းရေးကော်မတီမှ စာရေးဆရာညီပုလေးနှင့် ဆက်သွယ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဗန်းမောက် မဲဆန္ဒနယ်မှ ဦးကျော်စိုး၏ ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးရွာ များ လျှပ်စစ်မီးလင်းစေရန် မည်သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဗန်းမောက်မြို့နယ်တွင် ကျေးရွာပေါင်း ၂၂၃ ရွာရှိသည့်အနက် ၁၂ ရွာတွင် ဓာတ်အားစနစ်ဖြင့် မီးလင်း ပြီးဖြစ်ပါကြောင်း၊ လက်ရှိ ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၂ မိုင်အတွင်းရှိ ကျေးရွာပေါင်း ၉ ရွာအား အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP ပထမအဆင့် အစီအစဉ် နှင့် ၂ မိုင်အထက်မှ ၅ မိုင်အတွင်းရှိ ကျေးရွာပေါင်း ၁၇ ရွာအား NEP ဒုတိယအဆင့် အစီအစဉ်အဖြစ် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

ကျန်ရှိသောကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ပတ်သက်၍ လက်ရှိ ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် လွန်စွာကွာဝေးလျက်ရှိသဖြင့် အဆိုပါကျေးရွာများ ဓာတ်အားရရှိရေးအတွက် ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်တွင် နားမော်ကျေးရွာ၌ ၃၃ ကေဗွီ ဓာတ်အားလိုင်း ၁၄ မိုင်နှင့် ၃၃/၁၁ ကေဗွီ ၃ အမ်ဗွီအေ ခွဲရုံ ၁ရုံ တည်ဆောက်ခြင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပန်းတောကျေးရွာ၌  ၃၃ကေဗွီ ဓာတ်အားလိုင်း ၁၅ မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅  အမ်ဗွီအေ ခွဲရုံ ၁ ရုံ တည်ဆောက်ခြင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပင်ပုံကျေးရွာ၌ ၃၃ ကေဗွီ ဓာတ်အားလိုင်း မိုင် ၂၀ ၊ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ခွဲရုံ၁ ရုံ တည်ဆောက်ခြင်းနှင့် ဟော်ယော်ကျေးရွာ၌ ၃၃ ကေဗွီဓာတ်အားလိုင်း မိုင် ၃၀ ၊ ၃၃/၁၁ ကေဗွီ  ၅ အမ်ဗွီ အေ ဓာတ်အားခွဲရုံ ၁ ရုံ တည်ဆောက်ခြင်းလုပ်ငန်းများအား ပြည်ထောင်စုရန်ပုံငွေဖြင့်  ဆောင်ရွက်မည့်လုပ်ငန်းများတွင် ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်း၊ ထပ်မံလိုအပ်နေသော ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၁၁/ဝ ဒသမ ၄ ကေဗွီ ထရန်စဖော်မာ တည်ဆောက်ခြင်းလုပ်ငန်းများနှင့်  အဆိုပါ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံများတည်ဆောက်သည့် ဘဏ္ဍာနှစ်များနှင့် လိုက်လျောညီထွေစွာဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရန်ပုံငွေတွင် ထည့်သွင်းလျာထားပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ်မှ ဦးစောတင်ဝင်း၏ ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကြိုးပမ်းဆောင်ရွက်ခဲ့သော မီဂါဝပ် (၁၂၈၀) ထွက်ရှိမည့် USC(Ultra Super Critical) နည်းပညာသုံး ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို  ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဝန်ကြီးဌာနသို့ တင်ပြလာသည့် စီမံကိန်းများကို စဉ်းစားဆောင်ရွက်ရာတွင် နိုင်ငံ့အကျိုးစီးပွား ထိခိုက်လာနိုင်ခြင်း ရှိ၊ မရှိ၊ တင်ပြလာသည့် စီမံကိန်း၏ သက်ဆိုင်ရာကဏ္ဍအလိုက် လောင်စာရင်းမြစ် ရရှိမှုပိုင်းဆိုင်ရာ၊ စက်ရုံပိုင်းဆိုင်ရာ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ ဒီဇိုင်း ပိုင်းဆိုင်ရာ၊ စက်မှုနှင့် လျှပ်စစ်တပ် ဆင်ရေးဆိုင်ရာကိစ္စ၊ စီမံကိန်းကုန်ကျ စရိတ်၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု လေ့လာဆန်းစစ်ခြင်းကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုရှိရေး၊ ဓာတ်အားစနစ် အတွင်းသို့ ထည့်သွင်းနိုင်သည့် ဓာတ်အားပေါင်း တို့ကို လေ့လာပြီးမှသာ ဆက်လက်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။

ကရင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာ သုံးစွဲရရှိနိုင်ရေး အတွက် ပြည်နယ်အတွင်း ၂၃၀ ကေဗွီ မော်လမြိုင်-မြဝတီ ဓာတ်အားလိုင်းနှင့် ၂၃၀ ကေဗွီ မြဝတီဓာတ်အားခွဲရုံကို တည်ဆောက်ဆောင်ရွက်ပေးလျက်ရှိရာ ယခုလာမည့် ဧပြီလတွင် ပြီးစီး၍ နိုင်ငံတော်၏ ဓာတ်အားစနစ် ကွန်ယက်မှ ကရင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားပိုမို တိုးချဲ့ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ထားရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

mdn

 

ဆက်လက်၍ ဖောင်းပြင် မဲဆန္ဒနယ်မှ ဦးထွန်းဝေ၊ မြန်အောင် မဲဆန္ဒနယ်မှ ဦးခင်မောင်လတ်၊ တနိုင်း မဲဆန္ဒနယ်မှ ဦးလင်းလင်းဦးနှင့် ရမည်းသင်း မဲဆန္ဒနယ်မှ ဦးထွန်းထွန်းဝင်းတို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက  ရှင်းလင်း ဖြေကြားသည်။

ထို့နောက် သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်းက မြန်မာ့လျှပ်စစ် ဖြန့်ဖြူးရေးကဏ္ဍတွင် လျှပ်စစ်မီးလင်းရေးကော်မတီများထံ ရင်းနှီးငွေ ထည့်ဝင်ရန် ဝန်ထုပ်ဝန်ပိုးဖြစ်နေရရှာသော ဆင်းရဲသား အများပြည်သူများလည်း ဝန်ထုပ်ဝန်ပိုး မဖြစ်ဘဲ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရန် နောင်အခါ ဖြန့်ဖြူးရေးတွင် ပြည်ထောင်စု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သင့်တင့်သော ဈေးနှုန်းသတ်မှတ်ပေးခြင်း၊ အရင်းကျေကာလနှင့် အကျိုးခံစားခွင့်ကာလ သတ်မှတ်ပေးခြင်းတို့ကို ခိုင်မာသော စာချုပ်ချုပ်ပြီး အများပိုင် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ဖြန့်ဖြူးစေသော စနစ်ကောင်းတစ်ရပ် ဖော်ထုတ်ပေးပါရန် အဆို တင်သွင်းရာတွင် လျှပ်စစ်ဆိုသည်မှာ နိုင်ငံတကာတွင် စိတ်ကြိုက်ရောင်းဝယ်လုပ်ကိုင် နေသည့် စီးပွားရေးတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့နှင့်ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများတွင် လျှပ်စစ်မီးသုံးလိုသူက ကုမ္ပဏီကို အကြောင်းကြားလိုက်သည်နှင့် ထုတ်လုပ်မှုမှ တာဝန်ယူ၍ သုံးစွဲသူက သုံးစွဲသည့် ယူနစ်အလိုက်သာ ပေးချေရသောကြောင့်  ဝန်ထုပ်ဝန်ပိုး ကင်းပါကြောင်း၊ ယင်းစနစ်ကို ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် ဆင်းရဲ၊ ချမ်းသာမရွေး သုံးစွဲခွင့်ရနိုင်မည်ဖြစ်ပါကြောင်း၊  အများပိုင်ကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံ ခွင့်ပေးရာတွင် မတရားဈေးမြှင့်ကောက်ခံခြင်းနှင့် စိန်ခေါ်မှုများ ရှိလာနိုင်ပါကြောင်း၊ ထို့ကြောင့် ဈေးနှုန်းအမှန် တွက်ချက်နိုင်သည့် ဝန်ကြီးဌာနက ဈေးနှုန်းသတ် မှတ်ပေးခြင်း၊ အရင်းကျေကာလသတ်မှတ်ပေးခြင်း၊ အကျိုးအမြတ်ကာလသတ်မှတ် ပေးခြင်းပြု ၍  ခိုင်မာသောစာချုပ်ဖြင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ပါကြောင်း။

ထို့အပြင်  အကျိုးအမြတ်ကာလ ပြည့်ပြီးပါက နိုင်ငံပိုင်အဖြစ် စာချုပ်ချုပ်ထား ခြင်းအားဖြင့် အချိန်ကာလတစ်ခုကို ခြိုးခြံရင်းနှီးပေးခြင်းအားဖြင့်  နောင်လာ နောင်သားများ လက်ထက်တွင် လျှပ်စစ်ဓာတ်အားကိုယ်ပိုင်ထုတ်လုပ်ဖြန့်ဖြူးနိုင်သည့် အဆင့်သို့ ရောက်ရှိမည်ဖြစ်ပါကြောင်း၊ ဤနည်းသည် ရန်ပုံငွေချို့တဲ့သော နိုင်ငံများအတွက် သူတစ်ပါး အရင်းအနှီးဖြင့် ဖွံ့ဖြိုးရေးတည်ဆောက်သည့် စနစ်တစ်ရပ် ဖြစ်ပါကြောင်း၊ ပြည်တွင်း အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းရှင်များကိုလည်း စီးပွားရေး ရင်းနှီးမြှုပ်နှံနိုင်ရန် လုပ်ငန်းဖော်ထုတ်ပေးနိုင်ခြင်းနှင့် နိုင်ငံသားများကိုလည်း လုပ်ငန်းလိုအပ်ချက်အရ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်ခြင်း အကျိုးရရှိစေမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍  ရွာငံမဲဆန္ဒနယ်မှ  ဦးအောင်စိုးလင်းက အဆိုအား လက်ခံ ဆွေးနွေးနိုင်ရန် ထောက်ခံတင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ  လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍  ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက် ဖြင့် အတည်ပြု၍ ပေးပို့လာသော တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံ ရရှိကြောင်းလွှတ်တော်သို့ အသိပေးပြီး အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်းသည် အစီရင်ခံစာကို ဥပေဒကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ဖတ်ကြားတင်သွင်းသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက် အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၁၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းသိရ သည်။

အေးအေးသန့်(သတင်းစဉ်)

 

mdn