နေပြည်တော် ၉ ဇွန်

 

“ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးများတွင် ကတိဖြစ်ခဲ့သော မေးခွန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုနှင့် ရှေ့လုပ်ငန်းစဉ်များ တင်ပြဆွေးနွေးသည့်” အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

mdn

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ကိုယ်စားလှယ်များ၏ ကြယ်ပွင့်ပြနှင့် ကြယ်ပွင့်မပြ မေးခွန်းများသည် ပြည်သူ့အသံများဖြစ်ပြီး ပြည်သူများအတွက် အလွန်အကျိုးရှိစေသည့် ကိစ္စရပ်များဖြစ်သဖြင့် ဝန်ကြီးဌာနမှ အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များ၌ သွားရောက်ဖြေကြားခြင်း (၂၂၂)ကြိမ်ရှိပြီး အခြားဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဖြေကြားခြင်း (၁၅၇)ကြိမ်နှင့် ကြယ်ပွင့်မပြမေးခွန်း (စာဖြင့်ပြန်လည်ဖြေကြားခြင်း) (၁၄၈၅) ခု ရှိခဲ့ပါကြောင်း၊ ယင်းတို့အနက်မှ ကတိကဝတ်အနေဖြင့် (၈၄၈) ခုရှိပြီး (၄၆၇) ခုအား ဆောင်ရွက်ပြီးစီးခဲ့ကာ ဆောင်ရွက်ဆဲ (၃၈၁)ခုရှိပါကြောင်း၊ မေးမြန်းမှုတွင် ပါဝင်သောကိစ္စရပ်များတွင် မိမိတို့ဝန်ကြီးဌာန တစ်ခုတည်းမှ လုပ်ဆောင်နိုင်သည့် ကိစ္စရပ်များ၊ နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များဟူ၍ ပါဝင်ပါကြောင်း၊ မိမိတို့အနေဖြင့် ရရှိထားသည့် ဘဏ္ဍာငွေ၊ အချိန်၊ လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာ စသည့် အရင်းအမြစ်များ အပေါ်မူတည်၍ ကတိဖြစ်ခဲ့သော မေးခွန်းများနှင့် စပ်လျဉ်း၍ တာဝန်တစ်ရပ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြီးစီးခဲ့ပြီးသည့်ကိစ္စရပ်များ၊ ဆောင်ရွက်ဆဲ ကိစ္စရပ်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာမှုရှိနေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ယခုအစည်းအဝေးတွင် ဆွေးနွေးကြမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကတိကဝတ်များ အားလုံးအား ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

မေးမြန်းမှုများ၌ ပါဝင်သောကိစ္စရပ်များတွင် အဓိကအားဖြင့် ဆေးရုံအဆင့်တိုးမြှင့်ရန်နှင့် ခုတင်တိုးမြှင့်တင်ပေးရန်၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်မြှင့်တင်ပေးရန်၊ ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် ဖွင့်လှစ်ပေးရန်၊ ဆေးနှင့် ဆေးပစ္စည်းများ ဖြည့်ဆည်းပေးရန်ကိစ္စရပ်များ၊ အားကစားကွင်း/ ရုံအသစ်ဆောက်လုပ်ပေးရန်နှင့် အဆင့်မြှင့်တင်ပေးရန်၊ ကျန်းမာရေးဝန်ထမ်းများ တာဝန်ချထားပေးရန်ကိစ္စရပ်များ၊ ဝန်ထမ်းအိမ်ရာနှင့် ကျန်းမာရေး အဆောက်အဦ ဆောက်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် လုပ်ငန်းဆောင်ရွက်မှု နည်းစနစ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ပါဝင်ပါကြောင်း၊ လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းများမေးမြန်း၍ တောင်းဆိုရခြင်း နည်းပါးစေရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာနမှူးများက မိမိတို့၏ဒေသအတွင်း အဆင့်မြှင့်တင်ပေးရန်သင့်သော ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် အားကစားကွင်း၊ အားကစားရုံများ၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ဆေးနှင့်ဆေးပစ္စည်း စသည်တို့၏ အခြေအနေများအား ဆန်းစစ်သုံးသပ်မှုများ ကြိုတင်ပြုလုပ်၍ ဗဟိုသို့ အချိန်နှင့် တစ်ပြေးညီအသိပေးစေလိုပါကြောင်း၊ သို့မှသာ ဗဟိုမှ ဝန်ကြီးဌာန၏ အရင်းအမြစ်များအခြေအနေ၊ မူဝါဒ၊ စည်းမျဉ်း စည်းကမ်းများနှင့်ကိုက်ညီ တိုက်ဆိုင်စိစစ်မှုများပြုလုပ်ပြီး စီမံကိန်းများချမှတ်ခြင်း၊ ဘဏ္ဍာငွေနှင့် လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များကို ကြိုတင်လျာထားဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုလက်ရှိတွင် လွှတ်တော် ကတိကဝတ်အရ ဆောင်ရွက်နေဆဲလုပ်ငန်းများ၏ အခြေအနေများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ တာဝန်ရှိသူများအနေဖြင့် အမြဲတမ်းစောင့်ကြည့် သုံးသပ်မှုများပြုလုပ်၍ ဗဟိုသို့ အချိန်နှင့် တစ်ပြေးညီတင်ပြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ရောက်ရှိသော မေးခွန်းများ၊ ဖြေကြားချက်အရ ကတိဖြစ်ပေါ်ခဲ့သော မေးခွန်းများ၊ ကတိကဝတ်စာရင်းမှပယ်ဖျက်ပြီး စုစုပေါင်း၊ ဆောင်ရွက်ပြီး စာရင်းမှမပယ်ဖျက်ရသေးသည့် မေးခွန်းများ၊ ဆောင်ရွက်ဆဲ ကိစ္စရပ်များနှင့် ပတ်သက်၍ အကျဉ်းချုံးပြောကြားသည်။

 

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကတိဖြစ်ပေါ်ခဲ့သော မေးခွန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများက ဆွေးနွေးမှုများ၊ အကြံပြုမှုများ ဆောင်ရွက်ကြသည်။

 

အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်