နေပြည်တော် ၅ မတ် 

 


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးလိုသည့် ဦးညွှန့်စိန်၊ ဦးသက်ထွန်း၊ ဦးမြင့်အောင်၊ ဦးစောဒယ်နီရယ်ကြည်၊ ဦးအောင်စိုးဝင်း၊ ဦးသန်းအောင်၊ ဦးမင်းဆွေ၊ ဦးဆွေတင့်လွင်တို့၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြသည်။

 


ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

df

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေအား ဖြည့်ဆည်းရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။

 


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဝန်ကြီးဌာနအနေဖြင့် အစိုးရ၏ ပြည်တွင်း၊ ပြည်ပ ကြွေးမြီလက်ကျန်အခြေအနေများကို ပြည်သူ့ကြွေးမြီ စိီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၇ နှင့်အညီ ပုံမှန်အစီရင်ခံ တင်ပြလျက်ရှိပါကြောင်း၊ အစိုးရအနေဖြင့် ကြွေးမြီစီမံခန့်ခွဲမှု စွမ်းဆောင်ရည်ကို တိုးမြှင့်အောင် လုပ်ဆောင်လျက်ရှိပြီး နိုင်ငံ၏ကြွေးမြီခံနိုင်ရည်ရှိမှု အခြေအနေကိုလည်း သင့်တင့််သည့် အခြေအနေတွင်သာရှိရန် ထိန်းသိမ်းဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့၏ ကြွေးမြီခံနိုင်ရည်ရှိမှု ဆန်းစစ်ချက် (Debt Sustainability Analysis) အရ မြန်မာနိုင်ငံသည် ဆုံးရှုံးနိုင်ခြေနည်းပါးသည့် (Low Risk) အဆင့်တွင်သာ ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ အစိုးရငွေ တိုက်လက်မှတ်များ အာမခံပေး၍ ချေးငွေရယူရန် ငွေကျပ် ၁၀၁၆ ဒသမ ၈၁၈ ဘီလီယံ လျာထားမှုအပေါ် လွှတ်တော်က အတည်ပြုပေးပါရန် နာယကကြီးမှတစ်ဆင့် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 


ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 


ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ကျောင်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းနှင့်အဖွဲ့ တင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေးပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအား ဖတ်ကြားတင်ပြရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက ပြင်ဆင်ရန် တင်သွင်းထားသည့် ဥပဒေမူကြမ်းအပေါ် စိစစ်သုံးသပ်ရာတွင် ပုဒ်မ ၂၆၁ ကို ပြင်ဆင်မည်ဆိုပါက ဆက်နွှယ်နေသော ပုဒ်မများကိုပါ ထည့်သွင်းစိစစ်ရန် လိုအပ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် ၂၁ ရာစုပင်လုံညီလာခံမှ အတည်ပြုပြီးဖြစ်သည့် ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း(၁)တွင် အရေးအကြီးဆုံးဖြစ်သည့် “နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်” ဟူသည့် အချက်နှင့် ကိုက်ညီမှုရှိစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်အခြေခံမူများမှ စတင်ပြင်ဆင်မှသာ ယခု ပြင်ဆင်ရန် တင်သွင်းလာသည့် ပုဒ်မ ၂၆၁ ပြင်ဆင်ချက်နှင့် ရှေ့နောက်ညီညွတ်မှုရှိမည် ဖြစ်သည်ကို လေ့လာတွေ့ ရှိရပါကြောင်း။

 


ထိုသို့ဆီလျော်ညီညွတ်မှုရှိစေရန် ပြင်ဆင်ရန် လိုအပ်သည့်အတွက် ပုဒ်မတစ်ခုချင်းစီကို ပြင်ဆင်လျှင် ပြင်ဆင်သည့် ဥပဒေကြမ်းများ လွှတ်တော်သို့ အကြိမ်ကြိမ်  တင်သွင်းဆောင်ရွက်ရန် လိုအပ်သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီမှ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်လုံးအပေါ် သုံးသပ်ပြင်ဆင်သည့်အခါတွင်လည်း ယခုပြင်ဆင်ချက်တင်သွင်းခဲ့သည့် ပုဒ်မ ၂၆၁ ကိုလည်း လေ့လာသုံးသပ်နိုင်မည့် အခြေအနေရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း။

 


အဆိုပါ ပူးပေါင်းကော်မတီ၏ အဆုံးသတ်တာဝန်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ပုဒ်မ ၂၆၁ အပါအဝင် ချိတ်ဆက်နေသည့် ပြင်ဆင်ချက်များ ပါဝင်လာနိုင်မည့်အပြင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၅ အရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ နှစ်ရပ်စလုံး ပူးပေါင်းပါဝင်ဖွဲ့စည်းရမည့် အလားတူ လေ့လာစိစစ်ရေးကော်မတီက စိစစ်လေ့လာရမည်ဖြစ်သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ အထက်ဖော်ပြပါအချက်များအရ ပုဒ်မ ၂၆၁ တစ်ခုတည်းကို ပြင်ဆင်သည့် ဥပဒေတစ်ရပ်အဖြစ် လွှတ်တော်သို့ သီးခြားတင်သွင်းသည့် ဥပဒေကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဆောင်ရွက်မည့် ပြင်ဆင်ရေးလုပ်ငန်းများတွင် ထည့်သွင်းဆောင်ရွက်ခြင်းက စနစ်ကျနမှုရှိသည့်အပြင် ထိုသို့ပိုမိုပြည့်စုံစွာ စိစစ်ခြင်းက သင့်မြတ်လျော် ကန်မည်ဖြစ်သည်ကို ကော်မတီဝင်အများစုမှ သဘောထားရရှိခဲ့ပါကြောင်း။

 


ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၅၊ နည်းဥပဒေခွဲ(င)အရ ပူးပေါင်းကော်မတီဝင်များ ဖြစ်သည့် ဒေါ်နန်းနီနီအေး၊ ဦးဘရှိန်၊ ဦးကျော်ကျော်၊ ဗိုလ်မှူးချုပ် တင့်လွင်နှင့် ဗိုလ်မှူးချုပ်မောင်မောင်တို့က လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဤဥပဒေကြမ်းကို လွှတ်တော်တွင် ဆက်လက်ဆွေးနွေးအတည်ပြု ဆောင်ရွက်သင့်သည်ကို အဆိုပြု တင်ပြခဲ့ကြပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီဝင် အများစုက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းသည် ပုဒ်မ ၂၆၁ တစ်ခုတည်းကိုသာ သီးခြားပြင်ဆင်ရန် တင်ပြလာခြင်းဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံတစ်နိုင်ငံ၏ အဓိကပင်မရေသောက်မြစ် ဥပဒေတစ်ရပ်ဖြစ်သဖြင့် နိဒါန်းမှစ၍ နောက်ဆက်တွဲဇယားများအထိ ပြဋ္ဌာန်းချက်များသည် တစ်ခုနှင့်တစ်ခု အစီအစဉ်တကျ တွဲဖက်ဖွဲ့စည်းထားခြင်း ဖြစ်ပါ၍ ပုဒ်မတစ်ခုချင်းစီကို သီးခြားတင်သွင်းပြင်ဆင်ရန် သင့်မြတ်မှုမရှိခြင်းကြောင့် လွှတ်တော်က အတည်ပြုဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီးဖြစ်သည့် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ”၏ လုပ်ငန်းစဉ်များတွင် တစ်ပါတည်း ထည့်သွင်းဆောင်ရွက်သင့်ကြောင်းနှင့် ပူးပေါင်းကော်မတီဝင် (၅)ဦးက လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဤဥပဒေကြမ်းကို လွှတ်တော်တွင် ဆက်လက်ဆွေးနွေး အတည်ပြုဆောင်ရွက်သင့်ကြောင်း တင်ပြခဲ့ကြသည်ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၉၊ ၁၃၅ တို့နှင့်အညီ အစီရင်ခံ တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

dfs

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ အစီရင်ခံစာအပေါ် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 


ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူပေါင်းကော်မတီဝင် ဒေါ်နွယ်နွယ်အောင်က လောင်းကစား ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ ထပ်မံဖတ်ကြား တင်ပြရာတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီသည် ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦးမှ အသစ်ဖြည့်စွက်ရန် တင်ပြချက်နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း၏ အပိုဒ် ၂၃ ပါ ပြဋ္ဌာန်းချက်တွင် အကျုံးဝင်ပြီးဖြစ်သဖြင့် အသစ်ဖြည့်စွက် ပြဋ္ဌာန်းရန် လိုအပ်ခြင်း မရှိပါကြောင်းနှင့် ဥပဒေကြမ်း၏ အပိုဒ် ၂၇ အား ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ထပ်မံပြင်ဆင်ချက်အတိုင်း အတည်ပြု ပြဋ္ဌာန်းသင့်သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ၂၀၁၈ ခုနှစ်၊ လောင်းကစားဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၂ နှင့်အညီ ဥပဒေကြမ်းပူးပေါင်းကော်မတီက ထပ်မံအစီရင်ခံစာတင် သွင်းအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 


ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 


ထို့နောက် ဇီးကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ထွန်းက “OIC ၊ EU နှင့် UNHRC တို့က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ ဆုံးဖြတ်ချက်အား ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အတည်ပြုခဲ့ပြီး စဉ်ဆက်မပြတ် လုပ်ဆောင်နေမှုများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်အား အကျပ်အတည်းအတွင်း တွန်းပို့ပြီး နိုင်ငံတော်ပြိုကွဲပျက်စီးရေး ထောင်ချောက်ဆင်ထားသည့် နိုင်ငံရေး Agenda ကို ဖော်ဆောင်နေခြင်းဖြစ်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံသားအားလုံး ပါတီစွဲ၊ အယူဝါဒစွဲ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အစွဲကင်းကင်းဖြင့် စည်းလုံးညီညွတ်စွာ ထိထိရောက်ရောက် တုံ့ပြန်သွားရေး စီမံဆောင်ရွက်သွားပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 


မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်းက Fact Finding Mission (FFM) အဖွဲ့၏ အစီရင်ခံစာတွင် ပါဝင်သည့်အချက်သည် မည်သို့မျှနီးစပ်မှု မရှိသကဲ့သို့ လိုရာယူရေးထားသည့် အစီရင်ခံစာဖြစ်သည့်အတွက် လူ့အခွင့်အရေးဆိုင်ရာ ကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက်များမှာလည်း လက်ခံနိုင်စရာ အကြောင်းမရှိပါကြောင်း၊ ယခု ရခိုင်ပြည်နယ်အရေးသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခထက် အမျိုးသားရေး၊ နိုင်ငံတော်လုံခြုံရေး ပြဿနာ သာဖြစ်ပါကြောင်း၊ မိမိနိုင်ငံနှင့်လူမျိုး ဂုဏ်သိက္ခာ၊ အချုပ်အခြာနှင့် တိုက်ရိုက်တိုက်ဆိုင်နေသည့်အတွက် အစိုးရအနေဖြင့် ဆောင်ရွက်နေပါသည်ဆိုခြင်းနှင့် အဆုံးမသတ်ရန်နှင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲစိတ်ဓာတ်များ ကင်းကင်းဖြင့် ဘက်ပေါင်းစုံမှ မိမိတို့ စုစုစည်းစည်း အမြန်ဆုံး တုံ့ပြန်သွားနိုင်ရန်  တိုက်တွန်းအပ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။

 


ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေက နိုင်ငံတကာဖိအားနှင့် ထောက်ချောက်ဆိုသည်များကို ရင်ဆိုင်ရန်အတွက် ပြည်တွင်းတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုသည် အဓိကကျပါကြောင်း၊ ထို့ကြောင့် ဌာနေတိုင်းရင်းသားများ ဘေးကင်းလုံခြုံရေး၊ ဂုဏ်သိက္ခာနှင့်အညီ မိမိအရပ်ဒေသတွင် အကြောက်တရားကင်းစွာ အသက်မွေးဝမ်းကြောင်းပြုရေးတို့ကို လိုလားလျက်ရှိပါကြောင်း၊ ထို့ပြင် ရခိုင်တိုင်းရင်းသားများနှင့် ယုံကြည်မှုတည်ဆောက်ရမည်ဖြစ်ပြီး အကြောက်တရားဖြင့် တည်ဆောက်၍ မရပါကြောင်း၊ စစ်မှန်သည့် စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ဖြစ်ထွန်းစေရန် တိုင်းရင်းသားတန်းတူရေး၊ အပြန်အလှန်လေးစားမှုက အဓိကကျသည့်အတွက် နိုင်ငံတကာဖိအားကို အကောင်းဆုံး တုံ့ပြန်နိုင်ရန်မှာ နိုင်ငံအတွင်း အကောင်းမြင် အင်အားထွန်းကားစေရန် ဦးစွာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးမိုးမြင့်အောင်က  မိမိတို့မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလကို အခွင့်ကောင်းယူကာ လူ့အခွင့်အရေး ခေါင်းစဉ်တပ်ပြီး ထုတ်ပြန်ခဲ့သည့် နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို ကုလသမဂ္ဂ အထွေထွေညီလာခံမှ တစ်ဖက်သတ်ဆုံးဖြတ်ချက်သည် လက်မခံနိုင်စရာ ကိစ္စရပ်ဖြစ်ပြီး နိုင်ငံရေးထောင်ချောက်ဆင်ရန် အာဂျင်ဒါ တစ်ရပ်ဖြစ်သည်မှာ ပေါ်လွင်ထင်ရှားပါကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရေးဘက်ပေါင်းစုံမှ ဖိအားပေးဆောင်ရွက်နေသည့် နိုင်ငံရေးအာဂျင်ဒါ အောင်မြင်သွားပါက ရခိုင်ပြည်နယ်မြောက်ပိုင်းကို နိုင်ငံတော်၏ အစိတ်အပိုင်းအဖြစ်မှ လက်လွှတ်ဆုံးရှုံးရနိုင်ဖွယ် အခြေအနေ ဖြစ်သောကြောင့် အဆိုကိုထောက်ခံပါကြောင်း ဆွေးနွေးသည်။

 


ယင်းအဆိုကို ညောင်ရွှေမဲဆန္ဒနယ်မှ ဦးဝင်းမြင့်ဦး (ခေါ်) ဦးနေမျိုး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၊ ချောင်းဆုံမဲဆန္ဒနယ်မှ ဦးအောင်ကြည်သိန်း၊ အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာ၊ လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်း၊ မချမ်းဘောမဲဆန္ဒနယ်မှ ဦးနန်မွန်ထင်၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ ပြည်မဲဆန္ဒနယ်မှ ဒေါက်တာခင်စိုးစိုးကြည်၊ မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဇော်မင်း၊ တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟန်သူ၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးစိုင်းလုံစံခတ်၊ မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါ်နန်းနီနီအေး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံး၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၊ တပ်မတော်သား အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုးရွှေ၊ ကလောမဲဆန္ဒနယ်မှ ဒေါ်ပြုံးကေသီနိုင်၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဂျေယောဝူ၊ ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးရည်မွန် (ခေါ်) မောင်တင်သစ်နှင့် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးတို့က ဆက်လက်ဆွေးနွေးကြသည်။

 


ယင်းအဆိုနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ ပုံရိပ်မြှင့်တင်ရေးနှင့် ရခိုင်ပြည်နယ် အရေးကိစ္စအပါအဝင် မြန်မာနိုင်ငံ၏ စိန်ခေါ်မှုများကို ဖြေရှင်းရေးအတွက် ဆောင်ရွက်ကြရာတွင် အစိုးရနှင့်အတူ ကဏ္ဍအသီးသီး၊ အလွှာအသီးသီးမှ လူထုလူတန်းစားအားလုံးသည် အစိုးရ၏ ဆောင်ရွက်ချက်များတွင် အပြုသဘောနှင့် တက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို စုပေါင်းအားဖြင့် ညီညွတ်စွာ ဆောင်ရွက်ကြပါက အောင်မြင်စွာ ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် အဆိုရှင် တိုက်တွန်းသွားသကဲ့သို့ ၎င်းတို့ဆင်ထားသည့် ထောင်ချောက်အတွင်း မဝင်မိစေရန် ဆိုသည်ကို အားလုံးက နားလည်သဘောပေါက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ အပြုအမူ၊ အပြောအဆို၊ ဆောင်ရွက်မှုများသည် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများ မဖြစ်ကြစေရန်လည်း အထူးဂရုပြုဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။

 


အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စကို ဖြေရှင်းရာတွင် အဆိုရှင်အကြံပြုထားသည့်အတိုင်း ပါတီစွဲ၊ အယူစွဲ၊ ဒေသစွဲ မထားဘဲ မတူကွဲပြားသည့် သဘောထား အမြင်များအားလုံးကို ထည့်သွင်းစဉ်းစားကာ နိုင်ငံတော်နှင့် ပြည်သူများအကျိုးအတွက် ဦးထိပ်ထားလျက်မျှတပြီး လက်တွေ့ကျသည့် နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေး အောင်မြင်ရန်အတွက် လည်းကောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးအတွက်လည်းကောင်း၊ ပြည်သူက ရွေးချယ်တင်မြှောက်ထားသည့် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ ဦးဆောင်ကြိုးပမ်း အကောင်အထည် ဖော်နေသည့် လုပ်ငန်းစဉ်များတွင် ပြည်သူ၊ ပြည်သားများ အားလုံးအနေဖြင့် စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းပံ့ပိုးပါဝင်ဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုတင်သွင်းသည့် အဆိုနှင့် ပတ်သက်၍ မိမိတို့အစိုးရအနေဖြင့် ရှုထောင့်အမြင်မျိုးစုံ၊ ဘက်ပေါင်းစုံမှ ထည့်သွင်းစဉ်းစားပြီး အဘက်ဘက်မှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေပြီ ဖြစ်သည့်အတွက် အဆိုကိုမှတ်တမ်းတင်ရန်သာ သင့်ပါကြောင်း အကြံပြုတင်ပြသည်။

 


ဆက်လက်၍ အဆိုရှင် ဦးဉာဏ်ထွန်းက မိမိတို့နိုင်ငံသူ နိုင်ငံသားအားလုံး တစ်သားတည်းဖြစ်၊ တစ်သံတည်းဖြစ်မည့် ညီညွတ်ရေးစိတ်ဓာတ်ဖြင့် ထိရောက်စွာ တုံ့ပြန်သွားရန်အတွက် အဆိုတွင် တင်ပြထားသည့် လုပ်ငန်းစဉ်များကို အတည်ပြုပေးရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 


ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းအဆိုကို အတည်ပြုရန် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၂၁၉ မဲ၊ ကန့် ကွက်မဲ ၃၂၆ မဲ၊  ကြားနေမဲ ၆ မဲ ဖြစ်၍ ကန့်ကွက်ဆန္ဒမဲများသဖြင့် အဆိုကို လွှတ်တော်က မှတ်တမ်းတင်ထားရှိရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

 


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို မတ် ၈ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 


အောင်မော်၊ အေးအေးသန့် (သတင်းစဉ်)