နေပြည်တော် ၈ မတ်
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးလိုသည့် ဦးညွှန့်စိန်၊ ဦးသက်ထွန်း၊ ဦးမြင့်အောင်၊ ဦးစောဒယ် နီရယ်ကြည်၊ ဦးအောင်စိုးဝင်း၊ ဦးသန်းအောင်၊ ဦးမင်းဆွေ၊ ဦးဆွေတင့်လွင်တို့နှင့် စပ်လျဉ်း၍ ကန့်ကွက်လိုကြောင်း တင်ပြချက် တစ်စုံတစ်ရာ မရှိသည့်အတွက် အဆိုပါပုဂ္ဂိုလ်(၈)ဦးအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက နိုင်ငံတော် သမ္မတထံမှ ပေးပို့ထားသော အာဆီယံတရားသူကြီးချုပ်များကောင်စီ ပဋိညာဉ်စာတမ်းကို အတည်ပြုနိုင်ရေးနှင့် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စတို့နှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် မြန်မာနိုင်ငံအနေဖြင့် အဆိုပါစာတမ်းတွင် ပါဝင်လက်မှတ် ရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံ၏ တရားစီရင်ရေး ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အခြားအာဆီယံနိုင်ငံများ၏ တရားစီရင်ရေးများနှင့်အတူ အတွေ့အကြုံများ ဝေမျှကာ အမြင်ချင်း ဖလှယ်ဆွေးနွေးခွင့် ရရှိနိုင်ခြင်း၊ မြန်မာနိုင်ငံတရားသူကြီးများ၏ စွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်ခြင်း၊ အာဆီယံဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အထောက်အကူပြုပေးနိုင်ခြင်းနှင့် အာဆီယံဒေသတွင်း တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ခိုင်မာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အဆိုပါစာတမ်းကို အတည်ပြုနိုင်ရေးအတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ်မှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၁၉) မှလည်း သဘောတူညီပြီး ဖြစ်ပါကြောင်း၊ သို့ပါ၍ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ တရားသူကြီးချုပ်များကောင်စီ အစည်းအဝေးများတွင် ဆွေးနွေးညှိနှိုင်းသဘောတူပြီးဖြစ်သည့် အာဆီယံတရားသူကြီးချုပ်များကောင်စီ ပဋိညာဉ်စာတမ်းကို အတည်ပြုနိုင်ရေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ်မှ ပါဝင်လက်မှတ်ရေး ထိုးနိုင်ရန်အတွက် နာယကကြီးမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွင်းရှိ ခရိုင်၊ ကျေးရွာများ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို တင်ပြ၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက လောင်းကစားဥပဒေကြမ်း၏ အပိုဒ် ၂၇ အပိုဒ်ခွဲ (က)နှင့် (ခ)တို့ကို ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ထပ်မံပြင်ဆင်ချက်အတိုင်း လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် အဆိုပြုတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် အဆိုအတည်ဖြစ်ကြောင်းနှင့် အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ အတည်ပြုခဲ့သည့် အပိုဒ်၊ အပိုဒ်ခွဲများကို လွှတ်တော်နှစ်ရပ် အတည်ပြုချက်အတိုင်းလည်းကောင်း၊ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသည့် အပိုဒ်၊ အပိုဒ်ခွဲများကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်အတိုင်းလည်းကောင်း ပြန်လည်ပြင်ဆင်၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော တီထွင်မှုမူပိုင်ခွင့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ဆက်လက်၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက မန္တလေးမြို့တွင် ပုဂ္ဂလိကကုမ္ပဏီများက ပြုလုပ်နေသည့် ကျောက်စိမ်းအရိုင်းပြပွဲများ၏ အခွန်ငွေပေးဆောင်မှု အခြေအနေတိုင်ကြားစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ(၅/၂၀၁၉) ကို ဖတ်ကြားတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေအားဖြည့်ဆည်းရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာဦးကြွယ်ကြွယ်က အစိုးရအနေဖြင့် ဘတ်ဂျက်လိုငွေကို ဖြည့်တင်းရန်အတွက် အခြားပိုမိုသင့်လျော် ထိရောက်သည့် နည်းလမ်းများကို စဉ်းစားရွေးချယ်ရန် အကြံပြုလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ အခွန်အကောက်ရငွေနှင့် ဂျီဒီပီအချိုးသည် အရှေ့တောင်အာရှနိုင်ငံများတွင် အနည်းဆုံးဖြစ်နေသည့်အတွက် ရသင့်၊ ရထိုက်သည့်အခွန်ငွေများ တိုးတက်ရရှိအောင် ကောက်ခံပြီး ဘတ်ဂျက်လိုငွေကို ဖြည့်တင်းသွားသင့်ပါကြောင်း၊ ထို့ပြင်အရှုံးပေါ်နေသည့် အစိုးရပိုင်စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများကို အပြီးအပြတ် လွှဲပြောင်းရောင်းချခြင်းဖြင့် နိုင်ငံတော်၏ဘတ်ဂျက်ကို ဖြည့်တင်းရန် အကြံပြုလိုပါကြောင်း။
ထို့ပြင် လုပ်ငန်းလည်ပတ်လျက်ရှိနေသော်လည်း နောင်တွင် ဈေးကွက်စီးပွားရေးစနစ်အရ ယှဉ်ပြိုင်နိုင်စွမ်းရှိတော့မည်မဟုတ်သည့် အစိုးရပိုင်လုပ်ငန်းများကို တန်ဖိုးသတ်မှတ်၍ ပုဂ္ဂလိက ပိုင်လုပ်ငန်းများအဖြစ်သို့ ပြောင်းလဲကာ ရှယ်ယာများ ထုတ်ရောင်းခြင်းဖြင့် အစိုးရ၏လိုငွေကို ဖြည့်တင်းနိုင်ပြီး ပီပြင်သည့် ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်၍ ဒီမိုကရေစီနိုင်ငံရေးစနစ်နှင့် ကိုက်ညီသည့် ပြောင်းလဲမှုများကို လုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး (ခေါ်) သန်းစိုး(ဘောဂဗေဒ) တို့က ဆက်လက်ဆွေးနွေးကြသည်။
ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁ ပုဒ်မခွဲ(ခ)၏ ပုဒ်မခွဲငယ်(၁)ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့်၏ နောက်တွင် ရွေးကောက်ခံဆိုသည့် စကားလုံးကို ထပ်မံအစားထိုး ပြင်ဆင်လိုပါကြောင်း၊ ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်စေရန်နှင့် ဖက်ဒရယ်ဒီမိုကရေစနစ် ကျင့်သုံးခွင့်ရရန်အတွက် ပြင်ဆင်အစားထိုးရခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ပြင်ဆင်ခြင်းနှင့်အညီ သဟဇာတ ဖြစ်စေရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁ အပိုဒ်ခွဲ(က) ပုဒ်မခွဲငယ် အမှတ်စဉ် (၄) ၏နောက်တွင် အမှတ်စဉ် (၅)အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဆိုသည့် စကားကို ထပ်မံဖြည့်စွက်လိုပါကြောင်း။
သို့မှသာ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားစေရန် အားပေးရာ ရောက်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် အစီရင်ခံစာပါ စိစစ်တွေ့ရှိချက်အရ ပုဒ်မ ၂၆၁ ကိုပြင်ဆင်မည်ဆိုပါက ဆက်နွယ်နေသော ပုဒ်မများကိုပါ ထည့်သွင်း စိစစ်ရန် လိုအပ်ကြောင်း တွေ့ရှိရသည်ဟု ထောက်ပြချက်အတိုင်း ပုဒ်မ ၂၆၁ အပိုဒ်ခွဲ(က)၏ ပုဒ်မခွဲငယ် (၅)အဖြစ် ယခုကဲ့သို့ ဆက်စပ်၍ ဖြည့်စွက်ပြင်ဆင်လို ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ပုဒ်မ ၂၆၁ တစ်ခုတည်းကိုသာ သီးသန့်ပြင်ဆင်ခြင်းထက် ဆက်နွယ်နေသော ပုဒ်မများကိုပါ ထည့်သွင်းစိစစ်ရန် လိုအပ်ကြောင်းဆိုသည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအတိုင်း ဆောင်ရွက်ပါက သင့်လျော်မှုရှိပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သားအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး တင်ထွန်းအောင်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ - ၄၃၃၊ ပုဒ်မ -၄၃၅နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ မှ ၁၃၉ အထိ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ညီညွတ်မှုမရှိခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ -၂၆၁၊ ပုဒ်မခွဲ (ခ)၊ (ဂ)၊ (ဃ)နှင့် (င)ပါ အချက်များအပေါ် မည်ကဲ့သို့ ပြင်ဆင်သင့်ကြောင်း ပြင်ဆင်ချက်ဇယားဖြင့် လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေပေးရမည် ဖြစ်သော်လည်း ဥပဒေမူကြမ်း စိစစ်ချက်ဇယား မပါရှိကြောင်း တွေ့ရှိရသဖြင့် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာအပေါ် ကန့်ကွက်ပါကြောင်း။
ဥပဒေပြု လွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀ဝ၈ ခုနှစ်ပါ ပြဋ္ဌာန်းချက်များ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်လျက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ အနေဖြင့်လည်း ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃၊ နည်းဥပဒေ ၁၃၅ မှ ၁၃၉ အထိနှင့် နည်းဥပဒေ ၁၄၂၊ ၁၄၃ တို့အရသာ ပြန်လည်ဆောင်ရွက်သွားနိုင်ပါရန် တိုက်တွန်းအပ်ပါကြောင်း ဆွေးနွေးသည်။
အဆိုပါ အစီရင်ခံစာအပေါ် တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးပြည့်ဖြိုးဟန်၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်စိုးဦး၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ တပ်မတော်သား အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ညွှန့်ဝင်းအောင်၊ ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၊ မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၊ စလင်းမဲဆန္ဒနယ်မှ ဦးကံဦး၊ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သန့်ဆွေ၊ မိုင်းရှူးမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအေး၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ကျော်ကျော်၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးတင်အောင်ဟိန်း၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မှ ဗိုလ်မှူးကြီး ခင်မောင်နိုင်နှင့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဇော်လွင်တို့က ဆက်လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ကို မတ် ၁၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မော်၊ အေးအေးသန့် (သတင်းစဉ်)
