နေပြည်တော်  ၁၂ မတ်

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အဖြစ် ခန့်အပ် တာဝန်ပေးပြီးဖြစ်သည့် ဦးညွှန့်စိန်၊ ဦးသက်ထွန်း၊ ဦးမြင့်အောင်၊ ဦးစောဒယ်နီရယ်ကြည်၊ ဦးအောင်စိုးဝင်း၊ ဦးသန်းအောင်၊ ဦးမင်းဆွေနှင့် ဦးဆွေတင့်လွင်တို့က ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် ရှေ့မှောက်၌ ကတိသစ္စာပြုကြသည်။


ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်း က နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော စားသုံးသူကာကွယ်ရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြရာတွင် နိုင်ငံတော်သမ္မတ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း၏ အပိုဒ် ၉ အပိုဒ်ခွဲ(ဂ)၊ အပိုဒ် ၇၄၊ အပိုဒ် ၇၅ နှင့် အပိုဒ် ၇၆ တို့ကို နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း လည်းကောင်း၊ အပိုဒ် ၂ အပိုဒ်ခွဲ (န)၊ အပိုဒ် ၁၃ အပိုဒ်ခွဲ(က) အပိုဒ်ခွဲငယ် (၄)၊ အပိုဒ် ၁၂ အပိုဒ်ခွဲ(ဇ)တို့ကို နိုင်ငံတော် သမ္မတ၏ သဘောထားမှတ်ချက်နှင့်အညီ ပြင်ဆင်၍လည်းကောင်း၊ အခန်း ၁၉ ပါ ခေါင်းစဉ်ငယ်များကို ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်အတိုင်းလည်းကောင်း အပိ်ုဒ် ၁၈ အပိုဒ်ခွဲ(ဈ)ကို ပယ်ဖျက်၍လည်းကောင်း အတည်ပြု ပြဋ္ဌာန်းသင့်သည်ကို လေ့လာတွေ့ရှိရပါကြောင်း။

 

သို့ဖြစ်ပါ၍ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော စားသုံးသူကာကွယ်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၉ နှင့်အညီ ဥပဒေကြမ်း ပူးပေါင်းကော်မတီ က လွှတ်တော်သို့ အစီရင်ခံစာ တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးကျော်ကျော် က လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော နယ်နိမိတ်တိုင်းတာ ပိုင်းခြားသတ်မှတ်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်သွင်းသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်း က လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေအား ဖြည့်ဆည်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရေး ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က  လိုငွေဖြည့်ဆည်းရာတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ငွေချေးယူခြင်းကိုသာ အဓိက အမှီပြုခဲ့ရာမှ ယခုအခါ တဖြည်းဖြည်း တစ်နှစ်ထက်တစ်နှစ် လျှော့ချနိုင်ခဲ့ပြီး ဈေးကွက်အပေါ်မူတည်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရက ဗဟိုဘဏ်ထံမှ ငွေချေးယူရခြင်းသည် ဘဏ္ဍာရေးမူဝါဒအရ ဖြစ်ပေါ်လာသည့် လိုငွေအတွက်  ဆောင်ရွက်ရခြင်းဖြစ်ရာ ငွေကြေးမူဝါဒ နည်းလမ်းများဖြင့် ပြန်လည်ထိန်းညှိဆောင်ရွက်ရပါကြောင်း။

 

မြန်မာနိုင်ငံတွင် ဗဟိုဘဏ်အနေဖြင့် ငွေကြေးမူဝါဒဆိုင်ရာ နည်းလမ်းများကို ချမှတ်ကျင့်သုံးလျက်ရှိရာ အဓိကကျသော ငွေကြေးမူဝါဒများမှာ အတိုးနှုန်းမူဝါဒ၊ သီးသန့်ရန်ပုံငွေမူဝါဒနှင့် ဈေးကွက်အတွင်းမှ ငွေချေးယူခြင်း မူဝါဒတို့ ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးမူဝါဒအရ အစိုးရက သုံးစွဲခဲ့သည့် အသုံးစရိတ်များသည် ပြည်တွင်းငွေကြေး ပမာဏကို တိုးလာစေသော်လည်း ငွေဖောင်းပွမှု မဖြစ်စေရန် ငွေကြေးမူဝါဒ နည်းလမ်းများဖြင့် လိုအပ်သလို ထိန်းညှိ၍ ဈေးကွက်အတွင်းရှိနေသည့် ငွေကြေးများကို ပြန်လည်နှုတ်သိမ်းခြင်းများ ဆောင်ရွက်ပေးရပါကြောင်း။

 

Treasury Bond၊  Treasury Bill များ၏ အတိုးနှုန်းများကိုလည်း ဈေးကွက်က ဆုံးဖြတ်ပေးသည့်အတိုင်း တိုးမြှင့်ပေးလျက်ရှိပါကြောင်း၊ ဘဏ္ဍာရေးမူဝါဒဖြင့် လိုငွေကို  ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး ငွေကြေးမူဝါဒဖြင့် လိုငွေအတွက် ပြည်တွင်းမှ ချေးယူရမှုများကို ဗဟိုဘဏ်ထံမှ ချေးယူခြင်းထက် ပုဂ္ဂလိကကဏ္ဍမှ ချေးယူခြင်းကို ပိုမိုဆောင်ရွက်နေသည့် အနေအထားဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိသည့်အတွက် ဆက်လက်၍ ဘဏ္ဍာရေးမူဝါဒနှင့် ငွေကြေးမူဝါဒတို့ကို နိုင်ငံ၏ အနေအထားနှင့် လိုက်လျောညီထွေဖြစ်သော မူဝါဒများဖြစ်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

သို့ဖြစ်ပါ၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က  မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ အစိုးရငွေတိုက်လက်မှတ်များ အာမခံပေး၍ ချေးငွေရယူရန် လျာထားချက်ဖြစ်သော ငွေကျပ် ၁၀၁၆ ဒသမ ၈၁၈ ဘီလီယံအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တင်ပြချက်ကို လွှတ်တော်မှ အတည်ပြုပေးပါရန် ရှင်းလင်းတင် ပြအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၅၁၃ မဲ၊ ကန့်ကွက်မဲ ၁၆ မဲ၊ ကြားနေမဲ ၂ မဲ ဖြစ်၍ ထောက်ခံမဲများသဖြင့် လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံ တရားသူကြီးချုပ်များကောင်စီ ပဋိညာဉ်စာတမ်းကို အတည်ပြုနိုင်ရေးနှင့် ပါဝင်လက်မှတ် ရေးထိုးနိုင်ရေးကိစ္စတို့နှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

 

၀န္ၾကီးမ်ား (1)

 

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရန် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ ဂျပန်ယန်း ၈၂ ဒသမ ၂၇၃ ဘီလီယံ ချေးငွေရယူရန်ကိစ္စ နှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် ဆောင်ရွက်မည့် မြို့ပြဧရိယာ ဓာတ်အားဖြန့်ဖြူးရေး တိုးတက်ကောင်းမွန်ရေး စီမံကိန်းနှင့် ပတ်သက်၍  ချေးငွေရယူ ကာ ဆောင်ရွက်သွားမည့် အစီအစဉ်အား ရှင်းလင်းတင်ပြမည်ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းကို ဂျပန်ယန်း ၁၂၂၈၈ သန်း (၁၂ ဒသမ ၂၈၈ ဘီလီယံ)ဖြင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စီမံကိန်းကို အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ချေးငွေဆိုင်ရာ အချက်အလက်များ အနေဖြင့် ချေးငွေပမာဏ ဂျပန်ယန်း ၁၂ ဒသမ ၂၈၈ ဘီလီယံ၊ ချေးငွေ သက်တမ်း နှစ်၄၀  (ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ ၃၀ နှစ်)၊ အတိုးနှုန်း ဝ ဒသမ ဝ၁ ရာ ခိုင်နှုန်း ဖြစ်ပါကြောင်း။

 

စီမံကိန်းဆောင်ရွက်ခြင်းဖြင့် ဓာတ်အားဖြန့်ဖြူးမှုစနစ်အတွင်း အနာဂတ်ကာလတွင် တိုးတက်သုံးစွဲလာမည့် လျှပ်စစ် ဝန်အားများကို ပေးနိုင်ရန် လက်ရှိဝန်အား ပြည့်နေသည့် ဓာတ်အားခွဲရုံများ၏ အင်အားများကို အဆင့်တိုးမြှင့်နိုင်ခြင်း၊ ဓာတ်အားလိုင်းများကို အဆင့်တိုးမြှင့် တည်ဆောက်နိုင်ခြင်းဖြင့် အနာဂတ်ကာလ၏ လျှပ်စစ်ပမာဏကို တိုးတက်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပြီး တိုးတက်သုံးစွဲလာသည်နှင့်အမျှ စီးပွားရေးနှင့် လူနေမှုဘဝများ မြင့်မားလာပြီး  ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရာနှုန်းပြည့်ဓာတ်အား သုံးစွဲနိုင်ရေး ရည်မှန်းချက်ကို အထောက်အကူ ပြုလာနိုင်မည်ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး အတွက်လည်း လျှပ်စစ်အပြည့်အဝ ဖြန့်ဖြူးနိုင်ရန် မျှော်မှန်းဆောင်ရွက်နိုင်မည်ဖြစ်သည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သဖြင့် ဂျပန်နိုင်ငံအစိုးရထံမှ ချေးငွေ ဂျပန်ယန်း ၁၂ ဒသမ ၂၈၈ ဘီလီယံ ရယူ၍ အကောင်အထည်ဖော် ဆောင်ရွက်မည့် မြို့ပြဧရိယာ ဓာတ်အား ဖြန့်ဖြူးမှု တိုးတက်ကောင်းမွန်ရေး စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ပြုပါရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ချေးငွေနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် မန္တလေးမြို့တွင် ပုဂ္ဂလိကကုမ္ပဏီများက ပြုလုပ်နေသည့် ကျောက်စိမ်းအရိုင်းပြပွဲများ၏ အခွန်ငွေ ပေးဆောင်မှု အခြေအနေတိုင်ကြားစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၅/၂၀၁၉) အပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်းက နိုင်ငံတော်၏ အခွန်ဘဏ္ဍာများစွာ ရှာဖွေပေးနေ သည့် ကျောက်စိမ်းဈေးကွက် ဖွံ့ဖြိုးရန် လိုအပ်ပါကြောင်း၊ ပြည်တွင်း ကျောက်မျက်ရတနာပြပွဲများကို များစွာလုပ်ပေး နိုင်မှသာ ကျောက်မျက်အချောထည်ဈေးကွက် ဖွံ့ဖြိုးလာမည် ဖြစ်ပါကြောင်း၊ လိုအပ်ပါက ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ကြပ်မတ်ဆောင်ရွက်သင့်ပါကြောင်း၊ ယင်းသို့ ဖွံ့ဖြိုးုတိုးတက်လာမှသာ လုပ်အားခဈေးပေါသည့် မြန်မာနိုင်ငံတွင် တရုတ်ပြည်မှ  ကျောက်စိမ်းအချောထည် စက်ရုံကြီးများ အမြန်ရောက်ရှိလာမည် ဖြစ်ပါကြောင်း၊ သို့မှသာ ပြည်သူ ပြည်သားများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး ရသင့်သည့် အခွန်အခများလည်း ရရှိမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ကမ္ဘာ့ကျော် ကျောက်စိမ်းဈေးကွက်ကြီး မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာပြီး နိုင်ငံခြား ခရီးသွားများနှင့် ကျောက်စိမ်းလေ့လာသူများ ဝင်ရောက်လာခြင်းဖြင့် နိုင်ငံတော်အတွက် များစွာသော အကျိုးကျေးဇူးများ ခံစားရမည်ဖြစ်ပါကြောင်း အကြံပြုဆွေးနွေးသည်။

 

ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး က မိမိတို့နိုင်ငံတွင် အဖိုးတန်ရတနာများ မြောက်မြားစွာ ထွက်ရှိရောင်းချနေသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ ယခုအစီရင်ခံစာအပေါ် သုံးသပ်ကြည့်ရာ ဥပဒေပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်မှုများ အားနည်းခြင်း၊ နည်းဥပဒေများကို အချိန်မီမထုတ်ပြန်နိုင်ခြင်း၊ အဂတိလိုက်စားမှုရှိသည်ဟု ယူဆနိုင်ခြင်း စသည့် အချက်များအရ ပြည်သူ့ဘဏ္ဍာငွေ များစွာဆုံးရှုံးနိုင်သည်ဟု ပြော၍ရပါကြောင်း၊ ထို့ကြောင့် သတ္တုတွင်းဌာန အဖွဲ့အစည်းများရှိ စာရင်းစစ်များအနေနှင့် ဌာနနှင့် ပတ်သက်သည့် လုပ်ငန်းအားလုံးကို သေချာစွာ စစ်ဆေးမှုပြုလုပ်၍ အထက်အဆင့်ဆင့်သို့ အစီရင်ခံစာများ တင်ပြသင့်ပါကြောင်း၊ အဆင့်ဆင့် တာဝန်ရှိများကလည်း မန္တလေး ကျောက်စိမ်းအရိုင်းပြပွဲနှင့် ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုများကို ယခုထက် ပိုမိုကြီးကြပ် ဆောင်ရွက်ပေးရန် အကြံပြုတိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။

 

အလားတူ စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးထိန်ဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး တိုးလွင်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂) ဦးထွန်းထွန်းဦး၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးတင်ထွန်းဦး၊ ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးခင်မောင်မြင့်၊ ဖားကန့် မဲဆန္ဒနယ်မှ ဦးတင့်စိုးနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) ဒေါက်တာခွန်ဝင်းသောင်းတို့က ဆက်လက် ဆွေးနွေးကြသည်။

 

ယင်းနောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးကြသည်။

 

ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇော်မင်းလတ် က ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးလက်မှတ်ရေးထိုး တင်ပြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ်ပြင်ဆင် သည့် ဥပဒေမူကြမ်းပါ ပြင်ဆင်လိုသည့် အချက်များကို ပြည်ထောင်စုလွှတ်တော်က အဆင်သင့်ဖွဲ့စည်းထားပြီး ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်များတွင် တစ်ပါတည်း ထည့်သွင်းဆောင်ရွက်ခြင်းက တိုင်းရင်းသားပြည်သူများ၏ ဆန္ဒများပြည့်ဝနိုင်မည် ဖြစ်သည့်အတွက် ပိုမိုဆီလျှော် သင့်မြတ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် ပြည်ထောင်စုလွှတ်တော် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ  ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ်တော်အနေဖြင့် တန်ဖိုးကြီးသည့် လွှတ်တော်၏ တာဝန်ဝတ္တရား များကို အကျိုးရှိရှိ အသုံးချနိုင်မည်လည်း ဖြစ်သည့်အတွက် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လက်သင့်ခံရန် တိုက်တွန်းအပ်ပါကြောင်း ဆွေးနွေးသည်။

 

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်ဇေယျ က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ရေးအတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ တင်သွင်းလာခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီကသာ ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၃၆၊ ၁၃၇၊ ၁၃၈ တို့တွင် ပြဋ္ဌာန်းထားချက်အတိုင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၉ တွင်ပြဋ္ဌာန်းထားသည့် ”နာယက သည် မိမိခွင့်ပြုထားသည့် ဆွေးနွေးချက်များပြီးဆုံးပါက ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်အစည်းအဝေး၏ အဆုံးအဖြတ်ကို ရယူရမည်”ဟု ပြဋ္ဌာန်းချက်နှင့်အညီ ပြင်ဆင်ရန် တင်ပြသည့် ဥပဒေကြမ်းကို အဆုံးအဖြတ် ပေးရန်နှင့် လေ့လာစိစစ်ရေးပူးပေါင်း ကော်မတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ခြင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်များတွင် တစ်ပါတည်း ထည့်သွင်းဆောင်ရွက် သင့်ကြောင်း သဘောထားမှတ်ချက်ပါ အစီရင်ခံစာအား ကန့်ကွက်ပါကြောင်း ဆွေးနွေးသည်။

 

ယင်းအစီရင်ခံစာအပေါ် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်မြင့်ဦး၊ တပ်မတော်သား အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ကျော်စိုး၊ မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမျိုးဝင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ရဲထွန်း၊ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်မင်းဟန်၊ ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၊ စစ်ကိုင်း တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင်နှင့် တပ်မတော်သားပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဗိုလ်မှူးတင်လင်းတို့ က ဆက်လက်ဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ကို မတ် ၁၄ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်မော်၊ အေးအေးသန့် (သတင်းစဉ်)