နေပြည်တော် ၆ ဖေဖော်ဝါရီ

 


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)က ဦးအောင်ကြည်ညွန့် တင်သွင်းသည့် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး လုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန် ပြည်ထောင်စုလွွှတ်တော်သို့ တိုက်တွန်းကြောင်း” အရေးကြီးအဆိုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်က ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယမြောက်နေ့တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးအောင်ကြည်ညွန့်က ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ(၆၆)အရ တင်သွင်းသွားသည့် အဆိုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်တော်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပေးရန် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်းအဆို ဖြစ်ပါကြောင်း။

 


ဦးအောင်ကြည်ညွန့်၏ အဆိုသည် လွှတ်တော်ကို တိုက်တွန်းသော အဆိုဖြစ်၍ လွှတ်တော်ကသာ ဆောင်ရွက်နိုင်သော ကိစ္စဖြစ်ခြင်း၊ လွှတ်တော်တွင်း သာမန်နည်းဖြင့် ဆောင်ရွက်နိုင်မှုမရှိခြင်း၊ အများပြည်သူတို့၏ အကျိုးဖြစ်ခြင်း၊ နိုင်ငံတော်တွင် လတ်တလော တောင်းဆိုနေသော ငြိမ်းချမ်းရေး ကိစ္စများနှင့် ဆက်စပ်နေခြင်းတို့ကြောင့် နည်းဥပဒေ ၆၆ နှင့်အညီ လွှတ်တော်ကြီးက တင်သွင်းခွင့် ပြုခဲ့ပြီး ဖြစ်ပါကြောင်း။

 


အဆိုတင်သွင်းရခြင်း၏ ရည်ရွယ်ချက်ကို ကြည့်မည်ဆိုပါက လွှတ်တော်ကိုယ်စားလှယ်များ ထောက်ခံဆွေးနွေးသွားခဲ့ကြသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အတွက် အားလုံးပူးပေါင်းပါဝင်ပြီး သဘောတူညီမှု ရရှိသည့် ဥပဒေကြမ်းတစ်ခု ရရှိသည်အထိ အဆင့်ဆင့် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို အစပြုနိုင်ရန် ရည်ရွယ်ပြီး တင်သွင်းသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၁၃၃ မှ ပုဒ်မ ၁၄၃ အထိပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်း မရှိသေးပါကြောင်း။

 


ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ(၆၀)တွင် အဆို၏ အဓိပ္ပာယ်ကို ဖော်ပြရာ၌ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးကဖြစ်စေ လွှတ်တော်၏ အဆုံးအဖြတ်ကို ခံယူလိုပါက အဆိုတင်သွင်းရမည်ဟု အတိအကျ ပြဋ္ဌာန်းထားခြင်း ရှိပါကြောင်း၊ အရေးကြီးအဆို တင်သွင်းလိုပါက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ(၆၆)အရ တင်သွင်းရမည် ဖြစ်ပါကြောင်း၊ လွှတ်တော်ကလည်း တင်သွင်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၆၀ နှင့် ၆၆ အရ အဆိုနှင့် အရေးကြီးအဆိုများကို လက်ခံပြီးပါက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ(ဆ)အရ အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း နည်းဥပဒေ ၆၈၊ ဆုံးဖြတ်ခြင်း နည်းဥပဒေ ၇၀ အရ  ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်း ပါရှိပါကြောင်း။

 


ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၈ အရ ပြည်ထောင်စုလွှတ်တော်ကြီးက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များကို ဆွေးနွေးစေခဲ့ရာ အဆိုရှင်၏ အဆိုကို လွှတ်တော်ကိုယ်စားလှယ် အများစုက ထောက်ခံခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုရှင်၏ အဆိုအရ ကနဦးအစတွင် ကော်မတီတစ်ရပ်ကို ဆောင်ရွက်ရန် အဆိုတင်သွင်းခြင်းသာ ဖြစ်သည့်အတွက် ပြည်ထောင်စု လွှတ်တော်ကြီးက အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 


ထို့နောက် အဆိုရှင် ဦးအောင်ကြည်ညွန့်က မိမိတင်သွင်းခဲ့သည့် အရေးကြီးအဆိုနှင့် ပတ်သက်၍ အားလုံးလည်း ဆွေးနွေးပြီး ဒုတိယနာယကမှလည်း တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုကို အတည်ပြုနိ်ုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို ခံယူလိုပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

 


ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က အဆိုပါ အရေးကြီးအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို စက်ခလုတ် အသုံးပြုသည့် နည်းလမ်းဖြင့် ဆောင်ရွက်ရာ ထောက်ခံမဲ ၄၁၄ မဲ၊ ကန့်ကွက်မဲ ၁၉၁ မဲ၊ ကြားနေမဲ ၆ မဲ ဖြစ်၍ ထောက်ခံဆန္ဒမဲများသဖြင့် အရေးကြီးအဆိုကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

 


ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က အဆိုအတည်ဖြစ်သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်ဦးရေ တူညီမျှတစွာ သင့်လျော်သော အရေအတွက်ဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါ ပူးပေါင်းကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကကို တာဝန်ပေးအပ် သွားမည်ဖြစ်ပြီး လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီများနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်အရေအတွက် အချိုးကျ ပါဝင်ဖွဲ့စည်းသွားမည် ဖြစ်ပါကြောင်း။

 


ထို့ကြောင့် နာယက အနေဖြင့် နိုင်ငံရေးပါတီများနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ကိုယ်စားပြုတာဝန်ခံ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကို သင့်လျော်သည့် နေ့ရက်တွင် ဖိတ်ခေါ်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ၏ ပါဝင်မှုကိုလည်း အဆိုပါ အစည်းအဝေးတွင် ညှိနှိုင်းသတ်မှတ်သွားရန် ဖြစ်ပါကြောင်း၊ ဖွဲ့စည်းဆောင်ရွက်မည့် ပူးပေါင်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကိုလည်း သတ်မှတ်ပေးသွားမည် ဖြစ်ပါကြောင်း လွှတ်တော်သို့ တင်ပြသည်။

 


ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေစာရင်းများနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဒေသများတွင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ လုပ်ငန်းတစ်ခုလျှင် ငွေကျပ် ၅ သန်း ခွင့်ပြုပေးမည့်အစား မြေပြင်အခြေအနေအရ လိုအပ်သည့် လုပ်ငန်းပမာဏနှင့် လျော်ညီသည့် တန်ဖိုးများ ခွင့်ပြုပေးသင့်ပါကြောင်း။

 


ထို့ပြင် မြို့နယ်တစ်ခုနှင့် တစ်ခု လူဦးရေ၊ နယ်မြေအကျယ်အဝန်း၊ ဖွံ့ဖြိုးတိုးတက်မှု၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေးအလားအလာရှိမှု၊ ရာသီဥတု၊ သဘာဝဘေးအန္တရာယ် ခံစားရမှုများ မတူညီနိုင်သည့်အတွက် မြို့နယ်တစ်ခုလျှင် ကျပ်သန်း ၁၀ဝ  ပုံမှန်ခွင့်ပြုပေးခြင်းအား ဖွံ့ဖြိုးမှုနည်းပါးသည့် ဒေသများတွင် အမှန်တကယ် အမြန်ဆုံး ဦးစားပေးဆောင် ရွက်ပေးသည့် လုပ်ငန်းအမျိုးအစား၊ ဆောင်ရွက်နိုင်သည့် အတိုင်းအတာအပေါ် အခြေခံ၍ သင့်မြတ်သည့် ထောက်ပံ့ငွေပမာဏ ခွဲဝေသုံးစွဲခွင့်ပြုပါလျှင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေပါ ရည်ရွယ်ချက်ဖြစ်သည့် ဒေသများ လျင်မြန်စွာ  ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော်ဆောင်ရွက်မှုများ ပိုမိုအားကောင်း ထိရောက်စေမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

 


ယင်းနောက် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောသန်းထွဋ်က ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၃/၂၀၁၉) ကို ဖတ်ကြားတင်ပြ၍ လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းသည်။

 


ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 


ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ၆လပတ် အခွန်ကောက်ခံရရှိမှု အခြေအနေနှင့် ၄င်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ(၂/၂၀၁၉) တို့နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 


ဧရာဝတီတိုင်းဒေသကြီး  မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်းက  အောင်ဘာလေ သိန်းဆုဌာနခွဲအနေဖြင့် လစဉ် အောင်ဘာလေ ထီပေါက်မဲများကို အချိန်မီ သိရှိနိုင်စေရန် ရေဒီယိုမှတစ်ဆင့် ကြေငြာပေးခြင်း၊ သတင်းစာမှ ထည့်သွင်းပေးခြင်း၊ အောင်ဘာလေထီ Website မှ ထုတ်ပြန်ပေးခြင်း စသည့် ထုတ်ပြန်ချက်များရှိသော်လည်း ထီထိုးကံစမ်းကြသူ အများစုက ထိီပေါက်စဉ်နှင့် တိုက်သည့် အလေ့အထ နည်းပါးလာသည့်အတွက် ထီပေါက်သည်ကို မသိရှိခြင်း၊ ထီပေါက်ပါက ထီဆိုင်မှ အကြောင်းကြားပေးမည် အထင်ဖြင့် ထီမတိုက်ခြင်း၊ အချို့အကြောင်းကြား၍ ထီပေါက်မှန်း သိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထီလက်မှတ်ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းများကြောင့် ဆုငွေ ထုတ်ယူနိုင်ခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထီဈေးနှုန်း မြင့်မားမှု၏ ဒဏ်၊  ထီပေါက်သော်လည်း ပေါက်မှန်းမသိသည့် နစ်နာဆုံးရှုံးသွားရသည့် အဖြစ်မျိုးများကို နည်းနိုင်သမျှ နည်းပါးစေရန် သက်ဆိုင်ရာ အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူများအနေဖြင့် ထိုက်သင့်သည့် ဝါယမစိုက်ထုတ်ပြီး စေတနာထား ကြိုးစားဆောင်ရွက်သွားရန် လိုအပ်နေပြီဖြစ်ပါကြောင်း။

 


ထီဈေးနှုန်းကြီးမြင့်နေခြင်း၊ ဆုငွေလာမထုတ်ခြင်းတို့သည် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ စီမံခန့်ခွဲမှု အားနည်းချက်များဆိုသည်မှာ ငြင်းပယ်၍ မရပါကြောင်း၊  ယင်းအား နည်းချက်များကို မည်သို့ ပြင်ဆင်ဆောင်ရွက်သွားရန် စီမံထားသည်ကို သိလိုပါကြောင်း၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှစ၍ သိန်း ၁၅၀ဝ၀ ဆု ဖွင့်ပေးသော်လည်း ငွေကျပ် ၁၀ဝ၀ တန် ထီလက်မှတ်သည် အပြင်တွင်  ငွေကျပ် ၁၂၀ဝ ဖြင့် ရောင်းချနေသည်ကို တွေ့ရှိရပါကြောင်း၊ ထိုထီလက်မှတ်သည် ကားဂိတ်မှပေးသည့် ကားလက် မှတ်ကဲ့သို့ ကောင်းခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ စာရွက်ကောင်းကောင်း၊ ခန့်ခန့်ညားညား၊ Check Ground ၊ Back Ground များ၊ ရေစာနှင့် မြန်မာစာရေးထုံး မှန်ကန်စွာဖြင့် နံပါတ်များကို ရိုက်နှိပ်ထုတ်ဝေရန် အကြံပြုလိုပါကြောင်း၊ ထီလက်မှတ်ကို ယခင် ၂ ကျပ်တန် ခေတ်ကဲ့သို့ လက်ခံဖြတ်ပိုင်းပါသည့် ပုံစံပြောင်းလဲထုတ်ဝေစေရန် အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။

 


မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်းက အစိုးရတစ်ရပ်အနေဖြင့်  ပြည်သူများထံမှ အခွန်များ ကောက်ခံပြီး ရပ်တည်မည်ဆိုပါက ဘဏ္ဍာငွေများကို အလွန်သုံးစွဲနေ၍ မရပါကြောင်း၊ အခွန်ထမ်း ပြည်သူများ၏ မျက်နှာကို ကြည့်သင့်ပါကြောင်း၊ ဘတ်ဂျက်ပြုန်းတီးမှု မဖြစ်စေရန်အတွက် စိစစ်ရမည် ဖြစ်ပါကြောင်း၊ ဘတ်ဂျက်ဖြင့်  မကောင်းကြံနေသူများနှင့် ကြံရာပါများကို ဖော်ထုတ်အရေးယူမှုများ ပြုလုပ်ရမည် ဖြစ်ပါကြောင်း၊  ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများသည် အလွန်အရေးကြီးသကဲ့သို့ အလုပ်တွင်မှားယွင်းပါကလည်း  ဖြေရှင်းမှု၊ တာဝန်ခံမှုများ ရှိရမည် ဖြစ်ပါကြောင်း၊ ပြည်သူများထံမှ အခွန်အပြည့်အဝ လိုချင်ပါက ယင်းအခွန်ဘဏ္ဍာများကို ကိုင်တွယ်သုံးစွဲ သူများဘက်မှ အပြည့်အဝ ပွင့်လင်းမြင်သာမှု ရှိကြရမည် ဖြစ်ပါကြောင်း၊ အပေးအယူမျှတသည့်  စနစ်ကြီး ပေါ်ထွန်းလာမှသာ  မိမိတို့နိုင်ငံရှိ ပြည်သူများက ကြည်ကြည်ဖြူဖြူဖြင့် အခွန်ဘဏ္ဍာများကို ထမ်းဆောင်ပေးလာကြမည် ဟု ထင်မြင်မိပါကြောင်း အကြံပြု ဆွေးနွေးသည်။

 


ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်နှင့် ချောက်မဲ ဆန္ဒနယ်မှ ဦးဘိုကြီးတို့က ဆက်လက်ဆွေးနွေးကြသည်။

 


ထို့နောက် အမျိုးသားပညာရေး မူဝါဒကော်မရှင်၏ ၆ လတာကာလ (၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှ အောက်တိုဘာလ ၉ ရက်နေ့အထိ) အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 


ကျေးသီးမဲဆန္ဒနယ်မှ ဦးစိုင်းအောင်ကျော် က အခြေခံပညာရေးအဆင့်ဆင့်တွင် အဆင့်တစ်ခုမှ တစ်ခုသို့ ကူးပြောင်းသည့်နေရာ၌ တိကျသည့် စံနှုန်းသတ်မှတ်ချက်ကို ခိုင်မာစွာ ချမှတ်ပေးရန် လိုအပ်ပါကြောင်း၊ အခြေခံပညာကျောင်းများ၏ စီမံခန့်ခွဲမှု၊ သင်ကြားမှု၊ စည်းကမ်းလိုက်နာမှု အပိုင်းများသည် စစ်ဆေးရေးအဖွဲ့များနှင့် သွယ်ဝိုက်သက်ဆိုင်နေပါကြောင်း၊ တာဝန်ကျေ စစ်ဆေးသည့် ပုံစံမျိုးမဟုတ်ဘဲ တာဝန်ရှိသူများ အနေဖြင့် ဆင့်ကဲတာဝန်ယူ၊ တာဝန်ခံပြီး ထပ်မံစစ်ဆေးရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ပညာရေးဆိုင်ရာ စစ်ဆေးရေးအဖွဲ့နှင့် တာဝန်ရှိသူများ အနေဖြင့်လည်း သီးခြားသင်တန်းများ ဖွင့်လှစ်သင်ကြားခြင်း၊ မွမ်းမံသင်တန်းများ ပြုလုပ်ပေးခြင်း တို့ကိုလည်း  ဆောင်ရွက်သင့်သည်ကို အကြံပြုလိုပါကြောင်း။

 


ထို့ပြင် ကျောင်းသုံးပုံနှိပ်စာအုပ်များ ဖြန့်ဝေရာတွင် အထက်မှ စနစ်ကျအောင် စီစဉ်ထားသော်လည်း လက်တွေ့အောက်ခြေတွင် ကျောင်းများဆီသို့ အမြဲတမ်းနောက်ကျမှ ရောက်နေသည်ကို တွေ့ရှိရပါကြောင်း၊ တိုင်းရင်းသားဘာသာစကား စာပေနှင့် သင်ကြားရေးအပိုင်းတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အဆင့်က ဆုံးဖြတ်လုပ်ကိုင်ခြင်းသည် ပို၍ထိရောက်ကြောင်း အကြံပြု သုံးသပ်ချက်သည် အမှန်တကယ် လက်တွေ့ကျသည့်အတွက် ကြိုဆိုပါကြောင်း၊ ပညာရေးကဏ္ဍမှ အစပြု၍ ပြည်နယ်အစိုးရများကို လုပ်ပိုင်ခွင့်ပေးအပ်ခြင်းနှင့် ဗဟိုချုပ်ကိုင်မှု လျော့ချခြင်းသည် မြန်မာနိုင်ငံကို ဖက်ဒရယ်စနစ်နှင့် ပိုမိုနီးကပ်သွားစေမည်ဟု ခန့်မှန်းမိပါကြောင်း၊ ထို့ပြင် လက်ရှိကျင့်သုံးနေသည့် ကျောင်းသားဦးရေအချိုးအရ ဆရာ၊ ဆရာမများခန့်ထားမှုအစား အတန်းအရေအတွက်ကိုပါ ထည့်သွင်းစဉ်းစားကာ ပြည့်မီအောင်ခန့်ထားသင့်ပါကြောင်း ဆွေးနွေးသည်။

 


မကွေးတိုင်းဒေသကြီး  မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းက အဝေးသင် သင်တန်းများ၊ အခြေခံပညာကဏ္ဍ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ရာထူးတိုး အပြောင်းအရွှေ့များကို  နွေရာသီ ကျောင်းပိတ်ရက်များတွင် စီစဉ်ပေးနိုင်ပါရန်အတွက် ကော်မရှင်၏ အကြံပြုချက်တွင် ထည့်သွင်းစေလိုပါကြောင်း၊ အထက်တန်းပြလစာ စားနေသူများအား အလယ်တန်းပြ ပြောင်းရာတွင် အထက်တန်းပြလစာ ဆက်လက်ချီးမြှင့်ရန် လစာနှုန်းတူ ရာထူးပြောင်းပါကလည်း လက်ခံစဉ်းစား ပေးနိုင်ရန်၊  ကျောင်းများအဆင့်တိုးပါက အခြေအနေအရပ်ရပ် မြေပြင်ကွင်းဆင်းပြီး အချိန်ကန့်သတ်မှု ပေးသင့်ပါကြောင်း၊ ဆရာလိုအပ်ချက်ရှိပါက ပညာရေးတက္ကသိုလ် (ရန်ကုန်၊ မန္တလေး)တွင် လူဦးရေ ကန့်သတ်ထားပါ၍ ပညာရေးတက္ကသိုလ်များ ထပ်မံဖွင့်လှစ်ပေးရန် လိုအပ်ပါကြောင်း။

 


အခြေခံနှင့် အဆင့်မြင့်ကျောင်းများတွင် ကျောင်းကျန်းမာရေးအတွက် စီမံဆောင်ရွက်ပေးရန်၊ အခြေခံ ပညာကျောင်းများတွင် ကျူရှင်၊ ဘော်ဒါ၊ ပုဂ္ဂလိကကျောင်းများ အခန်းကဏ္ဍကိုလည်း ခွဲခွဲခြားခြား သတ်မှတ်၍ စည်းမျဉ်း၊ စည်းကမ်းများကို တိတိကျကျ ထားပေးရန်နှင့်  သက်မွေးပညာ သင်တန်းကျောင်းများ ဝင်ခွင့်သင်တန်း လျှောက်ထားရာတွင် သတင်းစာမှ ကြေညာသကဲ့သို့ ဌာနဆိုင်ရာများမှ တစ်ဆင့်လည်း ကျယ်ကျယ်ပြန့်ပြန့် ကြေညာပေးပါမှ ကျေးလက်ဒေသအထိ သိရှိနိုင်မည်ဖြစ်ပါကြောင်း စသည်တို့ကို အစီရင်ခံစာတွင် ရေးဆွဲတင်ပြပေးနိုင်ပါရန် အကြံပြုလိုပါ ကြောင်း ဆွေးနွေးသည်။

 


မင်းဘူး မဲဆန္ဒနယ်မှ ဦးဝင်းဝင်းက  ကျောင်းသုံးစာအုပ်များကို စက္ကူအကောင်းစားဖြင့် ကာလသက်တမ်းတစ်ခုအထိ တာရှည်သုံးနိုင်ရန် သတ်မှတ်ရာတွင် မူလတန်းအတွက် ၃ နှစ်၊ အထက်တန်းနှင့် အလယ်တန်းအတွက် ၅ နှစ် စသည်ဖြင့် သင့်တင့်သော ကာလတစ်ခု သတ်မှတ်ပြီး ပြန်လည်ပုံနှိပ် ထုတ်လုပ်ခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေရန် လက်ဆင့်ကမ်း သုံးစွဲမည်ဆိုပါက စာအုပ်များက စက္ကူကောင်းသော်လည်း မူလတန်းကျောင်းသူ၊ ကျောင်းသားသည် ကလေးများ ဖြစ်နေသည့်အတွက် တစ်နှစ်လုံး သုံးထားသည့် စာအုပ်များသည် နောင်နှစ်တွင် လက်ဆင့်ကမ်း၍ ဆက်လက်သုံးစွဲရန် အဆင်မပြေ နိုင်ပါကြောင်း။
ကျောင်းဝတ်စုံများကို အခမဲ့ ထောက်ပံ့ပေးသည့်ကိစ္စသည် ကောင်းမွန်သော်လည်း  အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပိတ်စများ အရည်အသွေးညံ့သောကြောင့် ဝတ်ဆင်၍ မရသည့်  အခြေအနေအထိ ဖြစ်ကြရပါကြောင်း၊ ထောက်ပံ့ပေးမည်ဆိုပါကလည်း ကောင်းကောင်းမွန်မွန်များ ဖြစ်စေလိုပါကြောင်း၊ ထို့ကြောင့် ပညာရေးမူဝါဒများ ချမှတ်သည့်အခါ လက်တွေ့ရင်ဆိုင် ဆောင်ရွက်နေကြသည့် အခြေခံပညာကျောင်းများမှ ဝါရင့်ဆရာကြီး၊ ဆရာမကြီးများကို တွေ့ဆုံဆွေးနွေးအကြံဉာဏ်များ ယူသင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။

 


ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ မြောက်ဦးမဲဆန္ဒနယ်မှ ဦးဦးလှစော၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးချစ်ထွေး၊ ဒေးဒရဲမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညို၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း၊ ဓနုဖြူမဲဆန္ဒနယ်မှ ဦးတင်လှ၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးအောင်မျိုးလတ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး၊ ထီးချိုင့်မဲဆန္ဒနယ်မှ ဦးမောင်မောင်၊ မိုးမောက်မဲဆန္ဒနယ်မှ ဦးဝင်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း၊ မြင်းခြံမဲဆန္ဒနယ်မှ ဦးစိန်မြင့်နှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုးတို့က ဆက်လက်ဆွေးနွေးကြသည်။

 


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 


အောင်ရဲသွင်၊ အေးအေးသန့်(သတင်းစဉ်)

 

ါ