နေပြည်တော် ၂၁ ဖေဖော်ဝါရီ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဇီးကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ထွန်းက “OIC၊ EU နှင့် UNHRC တို့က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ ဆုံးဖြတ်ချက်အား ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ယခုလမကုန်မီ အတည်ပြုနိုင်ရန် စဉ်ဆက်မပြတ် လုပ်ဆောင်နေမှုများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်အား အကျပ်အတည်းအတွင်း တွန်းပို့ပြီး နိုင်ငံတော်ပြိုကွဲပျက်စီးရေး ထောင်ချောက်ဆင်ထားသည့် နိုင်ငံရေး Agenda ကို ဖော်ဆောင်နေခြင်းဖြစ်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံသားအားလုံး ပါတီစွဲ၊ အယူဝါဒစွဲ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အစွဲကင်းကင်းဖြင့် စည်းလုံးညီညွတ်စွာ ထိထိရောက်ရောက် တုံ့ပြန်သွားရေး စီမံဆောင်ရွက်သွားပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုတင်သွင်းရာတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်အမှတ်(၅)ကို ကုလသမဂ္ဂအထွေထွေညီလာခံက ဒီဇင်ဘာ ၂၂ ရက်တွင် အတည်ပြုလိုက်ပြီ ဖြစ်ပါကြောင်း၊ ထို့ပြင် စွပ်စွဲထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုသည်များကို တရားစွဲဆိုနိုင်ရန် အဖွဲ့ဝင် (၆၂)ဦးပါ တရားဝင်သက်သေခံမှတ်တမ်းများ ရယူရေးအဖွဲ့အတွက် အမေရိကန်ဒေါ်လာ (၂၆)သန်း သုံးစွဲရန် သဘောတူခဲ့ပါကြောင်း။
ထိုသို့ ဖြစ်လာစေရန် OIC ၊ EU နှင့် လူ့အခွင့်အရေးကောင်စီတို့က အကွက်ချ စီမံခဲ့ကြခြင်းဖြစ်ပြီး (၃၉)ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာသည် ဇာတ်အထွဋ်အထိပ်သို့ ပို့လိုက်သည့် ဇာတ်ကွက်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေး မစ်ရှင်အစီရင်ခံစာကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဖြင့် လေ့လာသုံးသပ်ပြီး ရှင်းလင်းခိုင်မာပြည့်စုံသည့် အစီရင်ခံစာ ထုတ်ပြန်ချေပ တုံ့ပြန်သွားသင့်ပါကြောင်း၊ ပကတိအခြေအနေနှင့် ပတ်သက်၍ လူထု အသိနိုးကြားမှုကို မြှင့်တင်ပေးပြီး နိုင်ငံတော်အပေါ်တွင် ကျရောက်နေသည့် အန္တရာယ်ကြီးကို လူထုပါဝင်ပူးပေါင်းမှုဖြင့် တားဆီးကာကွယ် တုံ့ပြန်သွားသင့်ပါကြောင်း။
အချက်အလက်ရှာဖွေရေးအဖွဲ့ အစီရင်ခံစာကို အခြေပြုပြီး ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ရအောင်ပြုလုပ်၍ ကိုယ်ပိုင်နိုင်ငံရေးရည်ရွယ်ချက် အသီးသီးအတွက် နိုင်ငံအချို့က ပူးပေါင်းကြံစည်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေး ဖိအားများပေးရန် လုပ်ဆောင်လာခြင်းသည် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ကြီးမားစွာ အကျပ်အတည်း တွေ့စေပြီး အခန့်မသင့်ပါက နိုင်ငံပြိုကွဲရေး ထောင်ချောက်ထဲသို့ ကျသွားနိုင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ပြည်ထောင်စု အိမ်ဝတွင် တံခါးလာခေါက်နေပြီဖြစ်သည့် အဆိုပါ ပြည်ပခြိမ်းခြောက်မှု ဘုံရန်သူကို မြင်အောင်ကြည့်ပြီး တင်ပြပါ လုပ်ငန်းစဉ်များအတိုင်း မိမိတို့ မြန်မာနိုင်ငံသားအားလုံး ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ အစွဲကင်းကင်းဖြင့် တစ်သားတည်းဖြစ် တစ်သံတည်းထွက်သည့် ညီညွတ်ရေး စိတ်ဓာတ်ဖြင့် ထိရောက်စွာ တားဆီးကာကွယ် တုံ့ပြန်နိုင်ရေး စည်းရုံးစီမံ ဆောင်ရွက်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဇေယျာသီရိ မဲဆန္ဒနယ်မှ ဦးလှဌေးဝင်းက ပထဝီနိုင်ငံရေး Geopolitics အရ မိမိတို့နိုင်ငံသည် အင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွားများ ထိပ်တိုက်တွေ့ရာ ဆုံမှတ်ဖြစ်နေသည့်အပြင် လူများ - မြေရှားသည့်နိုင်ငံများ၏ လူဦးရေ ပေါက်ကွဲမှု နောက်ဆက်တွဲ ဆိုးကျိုးများကိုလည်း မလွှဲမရှောင် ခံစားရသည့်အတွက် ပထဝီနိုင်ငံရေးဖိအားများ တစ်နေ့တခြား ပိုမိုများပြားလာခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁ ပါ နိုင်ငံခြားရေးမူဝါဒကို တိကျစွာ ကိုင်စွဲလျက် အဓိက အမျိုးသားအကျိုးစီးပွားကို ခိုင်မာစွာ ကာကွယ်ရန် လိုအပ်သည်ကို နိုင်ငံတော်အရေးအတွက် ရိုးသားစွာ အကြံပြုလိုပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် တရားနည်းလမ်းတကျ ဖြေရှင်းဆောင်ရွက် ပေးနေသော်လည်း ARSA အကြမ်းဖက်သမားများသည် နောက်ကွယ်မှ ကြိုးကိုင်နေသည့် အဖွဲ့အစည်းများ၏ လိုလားချက်နှင့်အညီ ထပ်မံ၍ ကြီးမားသည့် ဥပဒေမဲ့လုပ်ရပ်များကို လူ့အခွင့်အရေး အကာအကွယ်အောက်မှ လုပ်ဆောင်လာနိုင်ကြောင်း သုံးသပ်ရသည့်အတွက် နိုင်ငံတော်အဓွန့်ရှည်တည်တံ့ရေး မျှော်တွေးလျက် အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် မြန်မာနိုင်ငံတော်၏ နိုင်ငံသားအားလုံး ပါတီစွဲ၊ အယူဝါဒစွဲ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ အစွဲကင်းကင်းဖြင့် စည်းလုံးညီညွတ်စွာ ထိထိရောက်ရောက် တုံ့ပြန်သွားရေး စီမံဆောင်ရွက်သွားပါရန် အဆိုကို ထောက်ခံဆွေးနွေးအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ယင်းအဆိုနှင့် စပ်လျဉ်း၍ လက်ခံဆွေးနွေးရန် သင့် မသင့် လွတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ အမျိုးသားပညာရေး မူဝါဒကော်မရှင်၏ ၆ လတာကာလ (၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှ အောက်တိုဘာလ ၉ ရက်နေ့အထိ) အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် အမျိုးသားပညာရေး မူဝါဒကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်က ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာကျောင်းများရှိ ကျောင်းသားဦးရေနှင့် စာသင်ခန်းဦးရေ အခြေအနေကို လေ့လာဆန်းစစ်ခြင်းနှင့် စပ်လျဉ်း၍ လက်တွေ့ကျပြီး နိုင်ငံအခြေအနေနှင့် လိုက်လျောညီထွေဖြစ်မည့် အခြေခံပညာ ကျောင်းဝင်ခွင့်ဆိုင်ရာ မူဝါဒလမ်းညွှန်တစ်ခုကို ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးရေးဆွဲသွားရန် အစီအစဉ် ရှိပါကြောင်း။
အခြေခံပညာ အထက်တန်းအဆင့် သိပ္ပံဘာသာတွဲနှင့် သင်္ချာဘာသာရပ်များတွင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားရေးနှင့် စပ်လျဉ်း၍ အခြေခံပညာ အထက်တန်းအဆင့် သိပ္ပံ၊ နည်းပညာနှင့် သင်္ချာဘာသာရပ်များကို ဒေသတွင်းနှင့် နိုင်ငံတကာတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျောင်းသား၊ ကျောင်းသူများ ပြုစုပျိုးထောင်သင်ကြား သင်ယူလေ့ကျင့်ရန်လည်းကောင်း၊ လူ့အဖွဲ့အစည်း ဒေသအကျိုး၊ နိုင်ငံ့အကျိုး၊ ကမ္ဘာ့ကောင်းကျိုးအတွက် အကောင်းဆုံး စွမ်းဆောင်ရည်ဖြင့် ဆောင်ရွက်ပေးနိုင်သည့် အခွင့်အလမ်းအတွက်လည်းကောင်း အင်္ဂလိပ်ဘာသာဖြင့် သင်ကြားမည်ဖြစ်ပါကြောင်း။
ကော်မရှင်အနေဖြင့် နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍအတွက် စိုက်ပျိုးရေးအင်ဂျင်နီယာ ဘာသာရပ်များ၊ အစားအသောက်သိပ္ပံဆိုင်ရာ ဘာသာရပ်များ သင်ကြားရေး၊ ခရီးသည်နှင့် လုပ်ငန်းသုံးမော်တော်ယာဉ် ပြုပြင်ထိန်း သိမ်းရေးနှင့် သင်တန်းကျောင်း တည်ထောင်နိုင်ရေး၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းသစ်များ တိုးချဲ့ဖွင့်လှစ်ခွင့်ပြုရေးအတွက် ဝန်ကြီးဌာနများသို့ အကြံပြုသဘောထား မှတ်ချက်များ ပေးပို့လျက်ရှိပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် အသက်မွေးဝမ်းကျောင်း ဘာသာရပ်များ တိုးချဲ့သင်ကြား ဆောင်ရွက်ရေးအတွက် ကော်မရှင်ရုံးတွင် သက်ဆိုင်ရာပညာရှင်များနှင့် အကြံပြုဆွေးနွေးခဲ့ရာ မကြာမီတွင် ယင်းပညာရပ်များကို တိုးချဲ့သင်ကြားပေးတော့မည် ဖြစ်ပါကြောင်း။
အဆင့်မြင့်ပညာ ဆရာ၊ ဆရာမများ ရာထူးတိုးမြှင့်ခြင်းနှင့် စပ်လျဉ်း၍ ကော်မရှင်အနေဖြင့် ပညာရေးဝန်ကြီးဌာနကို သင့်တော်မှန်ကန်သည့် မူဝါဒတစ်ခုပေါ်ပေါက်ရေးအတွက် လိုအပ်သော တိုက်တွန်းမှုနှင့် အကြံပြုမှုများ ထပ်မံပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် ပညာရေးမူဝါဒများ၊ စီမံကိန်းများကို လေ့လာသုံးသပ် အကဲဖြတ်အကြံပြုရေး၊ ကော်မရှင်၊ ကော်မတီများနှင့် ဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီး ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းရေး၊ သက်ဆိုင်သူများနှင့် ကျယ်ပြန့်စွာ ဆွေးနွေးရေးနှင့် နိုင်ငံတကာပညာရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်ရေးတို့ကို အလေးထား ဆောင်ရွက်ပြီး အမျိုးသားပညာရေးဥပဒေပါ ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဖော်ဆောင်ရာတွင် ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်သူများအားလုံးနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အခြေခံပညာရေးကဏ္ဍတွင် အခြေခံပညာအဆင့် ကျောင်းသုံးဖတ်စာအုပ်များ ဖြန့်ဝေအသုံးပြုမှု စီမံခန့်ခွဲရေးဆိုင်ရာ မူဝါဒချမှတ်ရေး အကြံပြုစာတမ်းနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနအနေဖြင့် ကျောင်းသုံး ဖတ်စာအုပ်များ အခမဲ့ထောက်ပံ့ခြင်း၊ မူလတန်းကျောင်းသား၊ ကျောင်းသူများ အားလုံးကို ဗလာစာအုပ်များ ထောက်ပံ့ခြင်း၊ ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ခြင်း၊ မသန်စွမ်းကျောင်းသား၊ ကျောင်းသူများအပါအဝင် ကျောင်းသား၊ ကျောင်သူများအားလုံးကို ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ခြင်း၊ မိဘအုပ်ထိန်းသူ၊ ပြည်သူများထံမှ ငွေကြေးကောက်ခံခြင်း မပြုစေရန်အတွက် ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေများ ထောက်ပံ့ခြင်း၊ လက်ခံရယူလိုသော ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။
အခြေခံပညာကဏ္ဍ၏ အဆင့်တစ်ခု ချင်းအတွင်း၌ပင် ရာထူးအဆင့်သတ်မှတ်ရေး အကြံပြုခြင်းနှင့်စပ်လျဉ်း၍ အခြေခံပညာ ဆရာ၊ ဆရာမများ၏ ရာထူးအဆင့် သတ်မှတ်ခြင်းကိစ္စအတွက် Teacher Competency Standard Framework -TCSF ဆောင်ရွက်ခြင်းနှင့် ၂ နှစ်သင် ပညာရေးကောလိပ် ၂၅ ကျောင်းလုံးကို (၄)နှစ်သင် ပညာရေးကောလိပ်များအဖြစ်သို့ မြှင့်တင်နိုင်ရေးကိစ္စတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရစက်မှုလက်မှုသိပ္ပံများ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများ၊ သက်မွေးပညာ သင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်သင်ကြားနိုင်ရေး၊ ကျွမ်းကျင်မှုအခြေပြု သက်မွေးပညာ သင်တန်းကာလတို သင်တန်းအမျိုးအစားများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။
အဆင့်မြင့်ပညာရေးကဏ္ဍတွင် တက္ကသိုလ်များ ရေရှည်ဖွံ့ဖြိုးရေးကိစ္စများကို ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပဋိညာဉ်စာတမ်းများ ရေးဆွဲရေး၊ အရည်အသွေးရှိသော အဝေးသင်ပညာရေးစနစ် ဖြစ်စေရေးတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ KG+12 နှင့် ပတ်သက်၍ ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၊ အမျိုးသား ပညာရေးအဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ရေးကော်မတီတို့မှ တာဝန်ရှိသူများကလည်း မြန်မာ့အသံနှင့် ညှိနှိုင်းပြီး ပညာရေးမူဝါဒများ၊ သင်ရိုးသစ်များအကြောင်းကို စကားဝိုင်းဆွေးနွေးပွဲအဖြစ် ထုတ်လွှင့်ခဲ့ပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နောင်တွင်လည်း တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့်၊ ကျောင်းအဆင့် ပညာရေးစကားဝိုင်းများကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် အစီရင်ခံစာအား ပြည်ထောင်စုလွှတ်တော်မှ မှတ်တမ်းတင်ခွင့်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၏ ၆ လတာကာလ (၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှ အောက်တိုဘာလ ၉ ရက်နေ့အထိ) လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ၊ သက်ဆိုင်ရာကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာန၏ ပြန်လည်ရှင်းလင်းတင်ပြချက်များကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော စားသုံးသူကာကွယ်ရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မော်၊ အေးအေးသန့် (သတင်းစဉ်)
