နေပြည်တော် ၅ ဖေဖော်ဝါရီ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးအောင်ကြည်ညွန့် တင်သွင်းသည့် “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း” အရေးကြီးအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာက လွှတ်တော်ကိုယ်စားလှယ်များ၏ အဓိကတာဝန်သည် ဥပဒေပြုရေး ဖြစ်ပါကြောင်း၊ အတည်ပြုပြီးသား ဥပဒေများကိုလည်း ပြည်သူလူထုအနေဖြင့် မြေပြင်လက်တွေ့တွင် အသုံးဝင်၊ မဝင်၊ ခေတ်စနစ်နှင့် ညီ၊ မညီ ကိုလည်း ပြန်လည်စိစစ်ရသည်မှာ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ပင်ဖြစ်ပါကြောင်း၊ ယခုတင်သွင်းခဲ့သည့် အရေးကြီးအဆိုဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းခြင်းကို ပြည်ထောင်စု လွှတ်တော်မှ သဘောတူ အတည်ပြုပြီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်မှုလုပ်ငန်းစဉ်များဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန် သဘောတူညီချက်ရယူခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းခြင်း၊ အခြေခံမူများချမှတ်ခြင်း၊ အများပြည်သူ ပူးပေါင်းပါဝင်မှုရှိခြင်း၊ ကျွမ်းကျင် ပညာရှင်များထံမှ အကြံပြုချက် ရယူခြင်းစသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ နောက်ဆုံးအဆင့်ဖြစ်သော ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်ဖြစ်သည့် ဥပဒေမူကြမ်း တစ်ခုကိုရယူပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ အခန်း(၁၈) ပုဒ်မ ၁၃၃၊ ၁၃၄၊ ၁၃၅ အရ ဥပဒေမူကြမ်းကို တင်သွင်းရမည် ဖြစ်ပါကြောင်း။
ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံတွင် ပြောင်းလဲလာသည့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စနစ်များနှင့်အညီ ပြင်ဆင်ချက်များနှင့် အသစ်ရေးဆွဲ ပြဋ္ဌာန်းချက်များကို အခါအားလျော်စွာ ပြုလုပ်ခဲ့ကြပါကြောင်း၊ ထို့ကြောင့် ပြောင်းလဲလာသည့် ခေတ်စနစ်နှင့် တိုင်းရင်းသား ပြည်သူလူထုအားလုံး၏ စိတ်ဆန္ဒနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ပဏာမလုပ်ငန်းစဉ်ဖြစ်သောကြောင့် အရေးကြီးအဆိုကို လေးလေးနက်နက် ထောက်ခံပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်က မိမိအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သင့်သည်နှင့် ပြင်နိုင်သည်များကို ဥပဒေ၊ လုပ်ထုံးများနှင့်အညီ ပြင်သင့်သည့်အချိန်တွင် ပြင်ရမည်ဆိုသည်ကို ယေဘုယျ လက်ခံပါကြောင်း၊ သို့သော် လုပ်ထုံးများ၊ ဥပဒေများကို ကျော်လွန်၍ ပြင်ဆင်ရန် လုပ်ဆောင်သည်ကို လက်မခံပါကြောင်း။
NLD ပါတီဝင်တစ်ဦးက ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ဆောင်ရွက်ခဲ့ခြင်းများသည် Precedent ဟု ခေါ်သည့် စီရင်ထုံးဖြစ်သွားသည်ဟု ပြောဆိုခြင်းကိုလည်း ကန့်ကွက်ပါကြောင်း၊ အဆိုရှင်က အဆိုသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၄၃၃၊ ၄၃၄၊ ၄၃၅ တို့နှင့် သက်ဆိုင်ခြင်းမရှိဘဲ နည်းဥပဒေ ၆၆ အရ တင်ပြခြင်း ဖြစ်သည်ဟု ဆိုခြင်းမှာ မှားပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မည်ဆိုပါက ၄၃၃၊ ၄၃၄နှင့် ၄၃၅ တို့ကို မျက်ကွယ်ပြု၍ မရပါကြောင်း။
အဆိုရှင်က ၎င်း၏အဆိုကို အရေးကြီးအဆိုအနေဖြင့် တင်ပြကြောင်း၊ အရေးကြီးအဆိုနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် နည်းဥပဒေ ၆၆(က)အရ ကိုက်ညီရမည့် အချက် ၅ ချက်ရှိပါကြောင်း၊ ယင်းထဲမှ အရေးကြီးသည့် အချက် ၂ ချက်ကို ကောက်နှုတ်တင်ပြလိုပါကြောင်း၊ ၆၆ (က) (၂)အရ ယင်းအဆိုသည် လောလောဆယ် ပေါ်ပေါက်လာသော ကိစ္စလည်းဖြစ်၍ အများပြည်သူနှင့် အရေးတကြီး သက်ဆိုင်သော ကိစ္စလည်းဖြစ်ပြီးလျှင် လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ရယူရန် လိုအပ်သောကိစ္စလည်း ဖြစ်ရမည်ဟု ဖော်ပြပါရှိပါကြောင်း။
၂၀ဝ၈ ခုနှစ်ကတည်းက အတည်ပြုခဲ့သည့် ဥပဒေဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ၁၀ နှစ် ကြာခဲ့ပြီဖြစ်ပါကြောင်း၊ ၎င်းကို ပြင်ဆင်ရန် အလောသုံးဆယ် လုပ်စရာမလိုပါကြောင်း၊ ထို့ကြောင့် ယင်းကိစ္စအတွက်နှင့် စပ်လျဉ်းပြီး အရေးကြီးအဆို တင်သည်ကို လက်မခံပါကြောင်း၊ ၆၆(က)(၃)အရ လွှတ်တော်တွင် သာမန်နည်းလမ်းအားဖြင့် တင်ပြဆွေးနွေးရန် မဖြစ်နိုင်သော ကိစ္စဖြစ်ရမည်ဟု ဆိုထားပါကြောင်း၊ ထိုကိစ္စသည် သွေးရိုးသားရိုးဆိုပါက အခြေခံဥပဒေ ၄၃၃၊ ၄၃၄၊ ၄၃၅ တို့အရ သာမန်နည်းလမ်းနှင့် ဆောင်ရွက်နိုင်သည့်ကိစ္စ ဖြစ်သောကြောင့် အရေးကြီးအဆို၏ အင်္ဂါရပ်နှင့် မညီညွတ်ပါကြောင်း။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည်မှာ မိမိတို့၏ Mother Law ဖြစ်ပါကြောင်း၊ ပုဒ်မ ၄၃၃ (က)တွင် "ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် တင်သွင်းသောအဆိုကို ဥပဒေမူကြမ်းအဖြစ် တင်သွင်းရမည်” ဟု ပြဋ္ဌာန်းထား သည့်အတွက် တစ်ဖက်လှည့်ဖြင့် ဥပဒေပြင်ရန်အတွက် ကော်မတီဖွဲ့ရန် အရေးကြီးအဆို တင်သွင်းခြင်းသည် အခြေခံဥပဒေနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါကြောင်း၊ ပုဒ်မ ၄၃၄ တွင် "ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းရမည်”ဟု ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် ပြင်ဆင်မည့် ဥပဒေမူကြမ်းရှိပါက ပြည်ထောင်စု လွှတ်တော်ကို တင်ပါရန် တိုက်တွန်းလိုပါကြောင်း။
ပုဒ်မ ၄၃၅ တွင် "ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာပါက အဆိုပါ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးရမည်” ဟု ဖော်ပြထားသည့်အတွက် ၂၀ ရာခိုင်နှုန်း လက်မှတ်ရရှိရန် အဆိုရှင် အနေဖြင့် မခက်ခဲလောက်ဟု ယူဆပါကြောင်း။
လွှတ်တော်ဆိုသည်မှာ ဥပဒေပြုရေးမဏ္ဍိုင်၏ အချုပ်အခေါင် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်၌က ဥပဒေများ၊ လုပ်ထုံးများကို မလိုက်နာဘဲ ညီညွတ်အောင် မလုပ်ပါက သမိုင်းတွင် ကမ္ပည်းမဲ တင်ခံရနိုင်ပါကြောင်း၊ ထို့ကြောင့် ကမ္ဗည်းမဲ အတင်မခံရလေအောင် ဦးအောင်ကြည်ညွန့်၏ အဆိုကို အလေးအနက် ကန့်ကွက်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေက အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကြိုးပမ်းရာတွင် ပွင့်လင်းမြင်သာပြီး အားလုံးပူးပေါင်းပါဝင်မှုရှိသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သင့်ပါကြောင်း၊ ယခု အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဖွဲ့ရာတွင်လည်း ပြည်ပပညာရှင်များ၊ ဥပဒေပညာရှင်များနှင့် လွှတ်တော်အတွင်းရှိ တိုင်းရင်း သားပါတီများမှ ကိုယ်စားလှယ်များကို မဖြစ်မနေ ထည့်သွင်းဖွဲ့စည်းသင့်သည်ကို အကြံပြုလိုပါကြောင်း၊ ဒီမိုကရေစီ အခြေခံဥပဒေသည် ပြည်သူကိုယ်စားပြု ရွေးချယ်ခံ ကိုယ်စားလှယ်များဖြင့်သာ လွှတ်တော်လုပ်ငန်းတာဝန်များကို ရာနှုန်းပြည့်ထမ်းဆောင်ရန် အာမခံနိုင်ရမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက် စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် အနှစ်သာရပြည့်ဝသည့် ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်သေးသည့်အတွက် ဒုက္ခအမျိုးမျိုးခံစားနေရသည့် တိုင်းရင်းသား ပြည်သူများ၊ အရွယ်နှင့်မမျှအောင် ဒုက္ခရောက်နေကြရသည့် စစ်ဘေးဒဏ်ခံ ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ၊ စစ်ဘေးများကြောင့် အရွယ်မတိုင်မီ ကြွေလွင့်နေကြရသည့် လူငယ်များအတွက် ကိုယ်ချင်းစာစိတ်၊ မေတ္တာစိတ်ထားရှိပြီး သဘောထားကြီးစွာဖြင့် အခြေခံဥပဒေကို ပြင်ဆင်ရန် အားလုံးပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်းအဆိုအား လေးနက်စွာ အကြံပြုလိုပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ကော့ကရိတ်မဲဆန္ဒနယ်မှ ဦးစိုးဌေးက မိမိတို့သည် ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတော်ကြီးကို ပါတီစုံစနစ်ဖြင့် တည်ဆောက်ရေး ဦးတည်နေသည် ဖြစ်သည့်အတွက် အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းကို တစ်ဦးတစ်ယောက်၊ တစ်ပါတီ၊ လူမျိုးစု တစ်စုက ရေးဆွဲမည်ဆိုပါက ပြည့်စုံကောင်းမွန်၍ ဆောလျင်စွာ ပြီးမြောက်ရန် လွယ်ကူမည် မဟုတ်ပါကြောင်း၊ ဦးအောင်ကြည်ညွန့် အဆိုပြုသကဲ့သို့ ပူးပေါင်းကော်မတီတစ် ရပ်ဖွဲ့စည်းဆောင်ရွက်မှသာ လက်တွေ့ကျပြီး အောင်မြင်စွာ အလွယ်တကူဆောင်ရွက် နိုင်မည်ဖြစ်သည့်အတွက် အဆိုကို ထောက်ခံပါကြောင်း။
အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းကို ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်း ဆောင်ရွက်ခြင်းသည် ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်ညီညွတ်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ရှေ့ပြေးလုပ်ငန်းစဉ်ပင် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်သည် ၂၀ဝ၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူရွေးကောက်၍ ပေါ်ပေါက်လာခြင်း ဖြစ်သကဲ့သို့ ၂၀ဝ၈ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒအရ ပြင်ဆင်ရန် တာဝန်ရှိသည့် လွှတ်တော်တစ်ရပ်လည်း ဖြစ်ပါကြောင်း၊ အဆိုပါတာဝန်ကို ကျေပွန်စွာ တာဝန်ထမ်းဆောင်ရန် ပူးပေါင်းကော်မတီ ဖွဲ့စည်းဆောင်ရွက်ခြင်းသည် လက်တွေ့အကျဆုံး ချဉ်းကပ်မှု ဖြစ်ခြင်းကြောင့် အဆိုကို ထောက်ခံဆွေးနွေးရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်က မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခေတ်စနစ်နှင့် လိုက်လျောညီထွေမှုရှိစေရန် အချိန်နှင့်တပြေးညီ ပြင်ဆင်ဖြည့်စွက်သင့်သည့် ပုဒ်မများကို ပြင်ဆင်မှသာ နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဆိုသည့် မဏ္ဍိုင်ကြီး သုံးရပ်တွင် မိမိတို့ ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဖော်ဆောင်ရန် တာဝန်ရှိပါကြောင်း၊ ဤအဆိုသည် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ(၆၆)နှင့်အညီ တင်သွင်းခြင်းဖြစ်ပါ၍ အဆိုအား ပြည်ထောင်စုလွှတ်တော်မှ ဆွေးနွေးအတည်ပြုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်တော်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းခြင်းကို ပထမဦးဆုံးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို သင့်လျော်သည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းပြီး လိုအပ်သည့် လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်ပြီးမှသာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၂) ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ တို့နှင့်အညီ ပြည်ထောင်စုလွှတ်တော်၌ မြန်မာနိုင်ငံသူ၊ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ စစ်မှန်သည့်ဆန္ဒအပေါ်တွင် အခြေခံပြီး ပြင်ဆင်ရန်လိုအပ်သည့် ပုဒ်မများကို စနစ်တကျ လုပ်ဆောင်ပြင်ဆင်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်မှ အမြန်ဆုံးဖွဲ့စည်းနိုင်ရေးအတွက် အဆိုအား ထောက်ခံပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးဝင်းကြိုင်က ပြည်ထောင်စုလွှတ်တော်တွင် ယခုကဲ့သို့ အရေးကြီးအဆို တင်သွင်း၍ ဆုံးဖြတ်ခြင်းကြောင့် ငြိမ်းချမ်းရေးနှင့် သင့်မြတ်ရေး ဆောင်ရွက်နေသည့် တိုင်းရင်းသားအင်အားစုများ အကြားတွင် ယုံကြည်မှု၊ ညီညွတ်မှု ပိုမိုဖြစ်ပေါ်စေပြီး ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဟန့်တားပိတ်ဆို့ မှုများကိုပါ တစ်ပါတည်းဖြေရှင်းပြီး ဖြစ်နိုင်ပါကြောင်း၊ အရေးကြီးအဆိုကိ်ု ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးစဉ်းစား ဆုံးဖြတ်ရန် လက်ရှိအချိန်အခါနှင့် အခြေအနေသည် အသင့်လျော်ဆုံးအချိန် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဦးအောင်ကြည်ညွန့် တင်သွင်းခဲ့သည့် အရေးကြီးအဆိုကို ထောက်ခံကြိုဆိုပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်းက နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အုပ်ချုပ်သူ၊ အုပ်ချုပ်ခံရသူနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတို့သည် မျှတညီညွတ်ကောင်းမွန်နေရန် လိုအပ်ပါကြောင်း၊ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲစဉ်က ပြည်သူလူထုကိုယ်စားပြု ပါဝင်မှုအားနည်းပါကြောင်း၊ လက်ရှိကျင့်သုံး ဆောင်ရွက်ရာတွင်လည်း အပြန်အလှန် ထိန်းကျောင်းမှု အားနည်းလျက်ရှိပါကြောင်း၊ ဒီမိုကရေစီ စံချိန်၊ စံညွှန်းနှင့် ကိုက်ညီမှု နည်းပါးလျက်ရှိပါကြောင်း၊ ဥပဒေပါ တစ်ချို့အချက်အလက်များသည် ရှေ့နောက်ညီညွတ်မှု မရှိပါကြောင်း၊ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ဦးတည်ဆောင်ရွက်နိုင်မှု ခက်ခဲလျှက်ရှိသဖြင့် ပြင်ဆင်သင့်ပါကြောင်း၊ ပြင်ဆင်နိုင်ရန်အတွက် စနစ်တကျ ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းသင့်ပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ ပြည်သူများကိုယ်တိုင်ပါဝင် ပတ်သက်ရေးဆွဲပြဋ္ဌာန်းပေးမှသာ ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရရှိစေပါကြောင်း၊ ထိုမှသာ ပြည်သူအကျိုးပြုစေသည့် ပြည်သူ့အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်လာ စေမည် ဖြစ်ပါကြောင်း၊ ယခုအခါ ပြည်သူလူထုကိုယ်စားပြု ပြည်ထောင်စု ကိုယ်စားလှယ်စစ်စစ်များ လွှတ်တော်ထဲတွင် ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ပြည်သူလူထုကလည်း တောင်းဆိုနေပါကြောင်း၊ ယနေ့အချိန်တွင် ပြင်ဆင်သင့်ရန် အချိန်ကျရောက်နေပြီ ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ အဆိုရှင် ဦးအောင်ကြည်ညွန့်၏ ပြည်သူ့အကျိုးပြု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် အမှန်တကယ် ဖွဲ့စည်းပြီး ဥပဒေများကို ဒီမိုကရေစီစနစ် ရှေးရှု၍ အသေးစိတ်လေ့လာ ပြင်ဆင်သွားရန် လိုအပ်ပါကြောင်း၊ ပြည်သူလူထု၏ ဆန္ဒကို တပ်မတော်နှင့်တကွ ပါတီအားလုံးက ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း၊ လိုအပ်၍ အများသဘောတူပါက အသစ်ရေးဆွဲသင့်က ရေးဆွဲသင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
အင်ဂျန်းယန် မဲဆန္ဒနယ်မှ ဦးလမာနော်အောင်က လက်ရှိမိမိတို့နိုင်ငံတွင် ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အခက်အခဲ အကြပ်အတည်းများသည် ပြင်ပပယောဂ ပါဝင်သကဲ့သို့ မိမိတို့နိုင်ငံ၏ အတွင်းရေး ပြဿနာများလည်း ပါဝင်နေပါကြောင်း၊ ခေတ်စနစ်များ တဖြည်းဖြည်းတိုးတက်လာရာ လူ့တန်ဖိုးနှင့် အများအကျိုးစီးပွားကို ရှေးရှုရမည့် မူဝါဒကို ရောက်ရှိလာသည့်အတွက် ခေတ်စနစ်နှင့် မကိုက်ညီ၍ ပြည်သူလူထုကို အကျိုးမပြုသော အခြေခံမူများကို ပိုမိုပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရှေ့ဆက်ဖော်ဆောင်မည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုစနစ်အတွက် အထောက်အကူ ဖြစ်စေမည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်း၍ နိုင်ငံသားများ၏ အကျိုးစီးပွားကို ဝိုင်းဝန်းဆောင်ရွက် ကြပါရန် တိုက်တွန်းဆွေးနွေးသည်။
ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်းက ယနေ့ကဲ့သို့ ပါတီစုံဒီမိုကရေစီစနစ်တွင် ပါတီစုံမှ အရောင်အသွေးစုံ တိုင်းရင်းသားညီအကိုမောင်နှမများ အတူတကွညီညွတ်စွာ လက်တွဲဖော်ဆောင်နိုင်မည့် ကော်မတီတစ်ရပ်ကို ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ခွင့် ရတော့မည် ဖြစ်သည့်အတွက် ဝမ်းမြောက်စွာ ကြိုဆိုထောက်ခံရမည့် အဆိုဖြစ်ပါကြောင်း၊ ထို့အတူ အဆိုရှင်ကလည်း ရှင်းလင်းပြတ်သားစွာ ရေးသားထားသကဲ့သို့ တိကျ ပြတ်သားစွာ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဖြစ်ပါကြောင်း၊ စကားလုံး တစ်လုံးစီအပေါ်တွင် ဝိဝါဒ ကွဲပြားမှု မဖြစ်နိုင်ဟု ယုံကြည်မိပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့်စကားအတိုင်း ဒီမိုကရေစီအစ လွှတ်တော်က၊ လွှတ်တော်အစ ပြည်သူက ဆိုသည့်အတိုင်း အာဏာတို့၏ မူလပိုင်ရှင် ပြည်သူများအတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ကြီး၏ အစိတ်အပိုင်းဖြစ်သည့် ကနဦးအစပျိုး ခြေလှမ်းဖြစ်သောကြောင့် ပြည်သူနှင့် နိုင်ငံ့အကျိုး ရည်မျှော်တွေး၍ အားလုံးညီညွတ်စွာ စုပေါင်းအားဖြင့် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း ထောက်ခံ ဆွေးနွေးသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာမြတ်ဉာဏစိုးက ၂၀ဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ခဲ့သည်မှာ အကြိမ်ကြိမ်ရှိပြီး ဖြစ်ပါကြောင်း၊ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ အဖွဲ့အစည်း အသီးသီးကလည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြင်ဆင်ရန် လိုအပ်သည်ကို ချွင်းချက်မရှိ လက်ခံရမည်ပင်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စစ်မှန်သည့် ဆန္ဒပင်ဖြစ်ပါ ကြောင်း၊ အငြင်းပွားနေသည်မှာ ပူးပေါင်းကော်မတီဖွဲ့စည်းခြင်း၏ အခေါ်အဝေါ် ဖြစ်ပါကြောင်း၊ အဆိုရှင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၏ အခန်း(၁၂) ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ တို့နှင့်လုံးဝပတ်သက်ခြင်း မရှိကြောင်း တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း။
ပြင်ဆင်ရေးလုပ်ငန်းများကို တစ်ဦးတစ်ယောက်၊ ပါတီတစ်စုတစ်ဖွဲ့တည်းက မောင်ပိုင်စီး၍ ဆောင်ရွက်ရန် လုံးဝမသင့် လျော်ပါကြောင်း၊ အားလုံးပါဝင်နိုင်ရမည် ဖြစ်ပါကြောင်း၊ ပြင်ဆင်ရေးဆိုသည်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုသည့် အခန်း(၁၂) ကိုသာ အားလုံးက မြင်နေကြပါကြောင်း၊ အဆိုပါ ပုဒ်မများတွင် ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းခြင်း မပြုရဟူ၍ ကန့်သတ်မထားပါကြောင်း၊ ပြင်ဆင်ရေးဆိုသည့် စကားရပ်တစ်ခုအပေါ်တွင် အနက်ကောက် ရန် မသင့်ပါကြောင်း။
ပူးပေါင်းကော်မတီတွင် မည်သူများ ပါဝင်သင့်သည်၊ ပါဝင်သည့် လုပ်ပိုင်ခွင့် များသည် မည်သည့်အရာများ ဖြစ်သင့်သည်၊ သက်တမ်းကို မည်သို့သတ်မှတ်ရမည် ဆိုသည်ကို မိမိတို့ ပြည်ထောင်စုလွှတ်တော်ကပင် သတ်မှတ်ပေးရမည် ဖြစ်ပါကြောင်း၊ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့ အပါအဝင်၊ ပါတီကြီး၊ ပါတီသေးခွဲခြားရန် မလိုပါကြောင်း၊ အားလုံးအချိုးကျကျ ပူးပေါင်းကော်မတီတွင် ပါဝင်ဆောင်ရွက်ခွင့်ရှိရန် လိုအပ်ပါကြောင်း၊ ပြင်ဆင်ရေး လုပ်ငန်းစဉ်များအတွက် အဓိကဖြစ်သည့် ပြင်ဆင်ရေးမူကြမ်းတစ်ရပ် ပေါ်ပေါက်လာရန် လွှတ်တော်ကိုယ်စားလှယ် အားလုံးညှိနှိုင်းတိုင်ပင်၍ ဝိုင်းဝန်းဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းကော်မတီတစ်ရပ်သည် မဖြစ်မနေ လိုအပ်နေပြီ ဖြစ်ပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူ့ဆန္ဒနှင့် ညီညွတ်ရန်၊ တိုင်းရင်းသားများ၏ လိုလားချက်နှင့်ကိုက်ညီရန်၊ ၂၁ ရာစု ပင်လုံညီလာခံတွင် ဆောင်ရွက်နေသည့် ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေသည်များနှင့် ထပ်တူကျရန် လိုအပ်နေသည့် အချိန်အခါဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ပြင်းပြသည့် စိတ်ဆန္ဒကို မိမိတို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက အကောင်အထည်ဖော်ပေးရန် တာဝန်ကျရောက်နေပြီ ဖြစ်ပါကြောင်း၊ ပြည်သူ့ဘက်က ပြတ်ပြတ်သားသား ရပ်တည်၍ ပါတီစုံ၊ တိုင်းရင်းသားဒေသအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ် များ၊ တပ်မတော်သား ကိုယ်စားလှယ်များ အပါအဝင် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ အားလုံးက မတူညီခြင်း၊ တူညီခြင်းများကိုနောက်မှ ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ပြည်သူ့ဆန္ဒနှင့်အညီ လက်တွဲပူးပေါင်း၍ ဆောင်ရွက်ရမည့် သမိုင်းတွင်မည့်၊ သမိုင်းဝင်သည့် အချိန်အခါ ရောက်နေသည်ကို လေးလေးနက်နက် တိုက်တွန်း တင်ပြအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းအရေးကြီးအဆိုကို ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်၊ မိုင်းရှူးမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအေး၊ ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၊ မက်မန်းမဲ ဆန္ဒနယ်မှ ဦးတင်အေး၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၊ တောင်ကုတ် မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်၊ မြောက်ဦးမဲဆန္ဒနယ်မှ ဦးဦးလှစော၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)မှ ဦးလှဦး၊ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၅)မှ ဦးညီစိန်၊ မင်းတပ်မဲဆန္ဒနယ်မှ ဦးနေလင်းအောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်း၊ ကချင်ပြည် နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဆီဟူးဒွေ့၊ စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးနိုင်သီဟ၊ ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၊ သီပေါ မဲဆန္ဒနယ်မှ ဦးစိုင်းသန့်ဇင်၊ သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်းနှင့် နမ့်ဆန် မဲဆန္ဒနယ်မှ ဦးဝင်းထူးတို့က ဆက်လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဖေဖော်ဝါရီ ၆ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့် (သတင်းစဉ်)
