နေပြည်တော်  ၂၉  ဇန်နဝါရီ

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဝေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးအား ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့သည့်အတွက် ၄င်း၏နေရာတွင် နတ်မောက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်တင်လင်းအား အဖွဲ့ဝင်အဖြစ် အစားထိုး ခန့်အပ်ရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြ၍ သဘောတူညီချက် ရယူသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတွင် အဖွဲ့ဝင်အဖြစ် ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး အစား သရက်မဲဆန္ဒနယ်မှ ဦကံမြင့် အားလည်းကောင်း၊ မော်လိုက်မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်း အစား ပေါက်ခေါင်းမဲဆန္ဒနယ်မှ ဒေါ်နီနီဒွန်းအား လည်းကောင်း၊ မိုင်းဖြတ်မဲဆန္ဒနယ်မှ ဦးလင်းဇော်ထွန်း အစား တောင်သာမဲဆန္ဒနယ်မှ ဦးစစ်အေး အားလည်းကောင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ရဲနိုင်မျိုး အစား တပ်ကုန်း မဲဆန္ဒနယ်မှ ဦးကျော်တင့်အားလည်းကောင်း ပြောင်းလဲတာဝန်ပေးအပ်ခြင်းကို လွှတ်တော်သို့တင်ပြ၍ သဘောတူညီချက် ရယူသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ် က ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ၆ လပတ် အခွန်ကောက်ခံ ရရှိမှုအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၂/၂၀၁၉) ကိုဖတ်ကြားတင်ပြရာတွင် ဘဏ္ဍာရေးနှစ် တစ်နှစ်အတွက် အခွန်အကောက် ရငွေလျာထားချက်များ ရေးဆွဲရာတွင် ယခင် ဘဏ္ဍာရေးနှစ်များ၏ အမှန်ကောက်ခံရရှိမှုနှင့် ပကတိဖြစ်ပေါ်နေသော အခြေအနေများကို အခြေခံ၍ လျာထားသတ်မှတ်သင့်သည်ကို သဘောထားမှတ်ချက် ပြုအပ်ပါကြောင်း၊ အထူးကုန်စည်ခွန် နှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်းများ ပြုလုပ်ရာတွင် ထိုကဲ့သို့ ပြင်ဆင်သတ်မှတ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ကုန်ကျစရိတ်နှင့် အကျိုးကျေးဇူး နှိုင်းယှဉ်လေ့လာသုံးသပ်မှုကို စနစ်တကျ ပြုလုပ်ပြီးမှသာ ဆောင်ရွက်သင့်သည်ကို သဘောထားမှတ်ချက် ပြုအပ်ပါကြောင်း။

 

ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအဖြစ် ၂၀၁၄ ခုနှစ်မှ စတင်ပြဋ္ဌာန်း ဆောင်ရွက်ခဲ့ချိန်မှစ၍ နှစ်စဉ်ပြဋ္ဌာန်းချက်များတွင် အခွန်နှုန်းထားများ လျော့ချသတ်မှတ်ခြင်း၊ ကင်းလွတ်ခွင့်ပြုခြင်း ဖြေလျော့မှုများစွာ ပြုလုပ်ပေးလျက်ရှိသော်လည်း ပြည်သူများအနေဖြင့် အခွန်ဆိုင်ရာ မှန်ကန်သော သတင်းအချက်အလက်များကို ပြည့်ပြည့်ဝ၀ မရရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် အခွန်အကောက်ဆိုင်ရာ မှန်ကန်သော သတင်းအချက်အလက်များ ရရှိနိုင်ပြီး အခွန်ဆိုင်ရာလိုက်နာမှု အားကောင်းလာစေရေးအတွက် အခွန်ဆိုင်ရာ ပညာပေးလုပ်ငန်းများကို ပိုမိုထိရောက်အောင် တိုးချဲ့ဆောင်ရွက်လျက်ရှိရာတွင် IT နည်းပညာကိုပါ အသုံးပြုရန် သဘောထားမှတ်ချက် ပြုအပ်ပါကြောင်း။

 

ပြည်ထောင်စုလွှတ်တော်သို့ ပုံမှန်ပြုစုတင်ပြရမည့် အခွန်ဆိုင်ရာ အစီရင်ခံစာများတွင် အခွန်ထမ်း ပြည်သူများဆိုင်ရာ အချက်အလက်များကိုပါ ထည့်သွင်းဖော်ပြရန် သဘောထားမှတ်ချက် ပြုအပ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ အခွန်ရငွေစာရင်းများနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အမှတ်စဉ် (၂/၂၀၁၉) အား ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၄ (က)၊ (ခ)၊ (ဂ) ပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြရင်း အစီရင်ခံစာကို လွှတ်တော်မှ ဆွေးနွေးစဉ်းစားပေးနိုင်ပါရန် အဆိုတင်သွင်းအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ ခုနှစ်၊ ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာ ထုတ်ပြန်ရေးနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁/၂၀၁၉) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် ၂၀၁၈ ခုနှစ်၊ ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာကို ယခင်နှစ်များက ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက် အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ အကြံပြု ဆွေးနွေးချက်များ နှင့်အညီ ပိုမိုပြည့်စုံသည့် မဟာဗျူဟာဖြစ်စေရန် ပြုစုတင်ပြထားခြင်း ဖြစ်ပါကြောင်း။

 

နောင်နှစ်များတွင်လည်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက် အစီရင်ခံစာ (၁/၂၀၁၉)နှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ အပြုသဘောဆောင်သည့် ဆွေးနွေးအကြံပြုချက် များနှင့်အညီ ပြည့်စုံအောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့ပါ၍ ယခုတင်ပြသည့် ၂၀၁၈ ခုနှစ်၊ ကာလ လတ်ကြွေးမြီစီမံခန့်ခွဲ မှုမဟာဗျူဟာကို ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၁၁)နှင့်အညီ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ  ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက အဆိုပါ အစီရင်ခံစာ(၁/၂၀၁၉)ကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် ယင်းအစီရင်ခံစာ (၁/၂၀၁၉) ကို  လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ  သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော မြန်မာ့ကျောက်မျက်ရတနာဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အဆိုတင်သွင်းဆွေးနွေး၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော မြန်မာနိုင်ငံ စာရင်းကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အဆိုတင်သွင်း ဆွေးနွေး၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။

 

ဆက်လက်၍ အမျိုးသားပညာရေး မူဝါဒကော်မရှင်၏ ၆ လတာကာလ (၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှ အောက်တိုဘာလ ၉ ရက်နေ့အထိ) အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာလှမိုးက ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ နှစ်စဉ်ရာထူးတိုးပေးမည့် ရာသီရောက်တိုင်း ပညာရေးတိုးတက်မှုကို မဆောင်ရွက်နိုင်ဘဲ မတည်မငြိမ် မူဝါဒများနှင့် အငြင်းအခုန်များဖြင့် အချိန်ကုန်လူပန်းစိတ်ဓာတ်ကျပြီး မူရင်းအလုပ်များ ပျက်ပြားစေပါကြောင်း၊ ထို့ကြောင့် ကော်မရှင်အနေဖြင့် ဆရာ၊ ဆရာမများ ရာထူးတိုးမြှင့်ရေးအတွက် မှန်ကန်သောမူဝါဒတစ်ခု ပေါ်ပေါက်လာစေရေးကို အလေးထားဆောင်ရွက်ပေးပါရန်  အကြံပြု တိုက်တွန်းလိုပါကြောင်း၊ အဆင့်မြင့် ပညာကဏ္ဍ ဆရာ၊ ဆရာမများ အပြောင်းအရွှေ့နှင့်  ရာထူးတိုးမြှင့်ရေး မူဝါဒခိုင်ခိုင်မာမာ မရှိသေးသ၍  နစ်နာဆုံးရှုံးရမည်မှာ ကျောင်းသား၊ ကျောင်းသူများဖြစ်ပြီး ပညာရေးတွင်လည်း နိမ့်ကျမှုများ ဖြစ်နေမည် ဖြစ်ပါကြောင်း။

 

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို ပညာရေးဖြင့် အမှန်တကယ် တည်ဆောက်လိုပါက ပညာရေးဝန်ကြီးဌာနနှင့် အမျိုးသားပညာရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးသည်ကို သတိချပ်စေလိုပါကြောင်း၊ ကော်မရှင်မှ တင်ပြသည့် အကြံပြုချက်များကိုလည်း ဝန်ကြီးဌာနက အလေးထား စဉ်းစားအကောင်အထည်ဖော်ရမည် ဖြစ်သကဲ့သို့ ဝန်ကြီးဌာန၏ အခက်အခဲများကိုလည်း ကော်မရှင်က ပူးပေါင်းဖြေရှင်းပေးပါရန် အကြံပြုဆွေးနွေးသည်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေက နိုင်ငံတကာ ပညာတော်သင်ကဏ္ဍကို မြှင့်တင်ဆောင်ရွက် သင့်ကြောင်းကို တိုက်တွန်းလိုပါကြောင်း၊  မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ စံချိန်မီရန်အတွက် ကဏ္ဍတိုင်းတွင် ဆောင်ရွက်မည်ဆိုပါက နိုင်ငံ၏ လူသားစွမ်းအား အရင်းအမြစ်ကို ပထမဆုံး နိုင်ငံတကာစံချိန်မီအောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင်လည်း နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာကို အရေး၊ အဖတ်၊ အပြော၊ နားထောင်နှုန်းစွမ်းရည်အပြင် နိုင်ငံတကာတွင် ကျင့်သုံးနေသည့်  စနစ်များကိုလည်း မြန်မာနိုင်ငံတွင် အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ နိုင်ငံတကာစံချိန်မီသည့် မြန်မာ့ပညာရေးကို ရရှိမည်ဖြစ်သည့်အတွက် ကော်မရှင်အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနကို တိုက်တွန်းသင့်ပါကြောင်း အကြံပြု ဆွေးနွေးသည်။


ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ မင်္ဂလာဒုံမဲဆန္ဒနယ်မှ ဦးအောင်လှိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း၊ ကံမမဲဆန္ဒနယ်မှ ဦးစိန်ဟန်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာသန်းဝင်း၊ မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈)မှ ဦးဝင်းမြင့်၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ဦးရွှေလှ (ခေါ်) ဦးရွှေလှဝင်း၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်နော်ခရစ္စထွန်း (ခေါ်) ဒေါက်တာအားကာမိုးနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ထင်လင်းဦးတို့က ဆက်လက်ဆွေးနွေးကြသည်။

 

ထို့နောက် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ၂၀ဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီး အဆိုကို တင်သွင်းရာတွင် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေတွင် မြန်မာနိုင်ငံသား ပြည်သူများနှင့် အရေးကြီး သက်ဆိုင်သည့်ကိစ္စဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်၊ ရယူရန်လိုအပ်သည့် ကိစ္စလည်း ဖြစ်သည့်အတွက် တင်သွင်းရခြင်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တင်သွင်းရာတွင် ၂၀ဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ်ရာတွင် ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်ခြင်းမရှိသော ပြဋ္ဌာန်းချက်များ၊ ရှေ့နောက်ညီညွတ်ခြင်း မရှိသော ကွဲလွဲဆန့်ကျင်နေသည့် ပြဋ္ဌာန်းချက်များ၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်သည့် စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် အဟန့်အတားဖြစ်နေသည့် ပြဋ္ဌာန်းချက်များ၊ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အဟန့်အတား ဖြစ်စေသော ပြဋ္ဌာန်းချက်များ၊ အပြန်အလှန် ထိန်းကျောင်းရမည့် ဒီမိုကရေစီမဏ္ဍိုင်ကြီး သုံးရပ်အား တစ်ဖက်စောင်းနင်းဖြစ်စေသော ပြဋ္ဌာန်းချက်များ၊ နိုင်ငံသားများ၏ တန်းတူညီမျှမှုကို အကာအကွယ်ပေးနိုင်ခြင်း မရှိသည့် ပြဋ္ဌာန်းချက်များ၊ ရွေးကောက်ပွဲများတွင် လွတ်လပ်၍ တရားမျှတရေးကို ထိခိုက်နေသည့် ပြဋ္ဌာန်းချက်များကို စိစစ်လေ့လာ တွေ့ရှိရပါကြောင်း။

 

ထို့ပြင် ၂၁ ရာစု ပင်လုံညီလာခံတွင် ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် ဒီမိုကရေစီ အခြေခံအုတ်မြစ်များကို ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်းကိုလည်း လေ့လာတွေ့ရှိရပါကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ၂၀ဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စပ်လျဉ်း၍ ပြည်သူလူထု၏ ဆန္ဒသဘောထားများကို ၂၀၁၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံးပါဝင်သည့် မြို့နယ်ပေါင်း ၂၆၇ မြို့နယ်တွင် ရယူခဲ့ရာ ၉၇ ရာခိုင်နှုန်းသောပြည်သူများက ပြင်ဆင်ပြောင်းလဲလိုကြောင်း ဆန္ဒပြုကြပါကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရာတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်ဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတော်က တိုင်းရင်းသား ပြည်သူများ၏ ဆန္ဒသဘောထားကို အဓိကအခြေခံအချက်အဖြစ် ဖြည့်ဆည်းဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ပြည်သူ့သဘောထားကို လျစ်လျူရှု၍ နိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်တည်ဆောက်နိုင်မည် မဟုတ်သည်မှာလည်း အမှန်တရားတစ်ခုဖြစ်ပါကြောင်း။

 

နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်းဆုံး ကာကွယ်စောင့်ရှောက်ရေးမှာ လက်ရှိဖြစ်ပေါ် ရောက်ရှိနေသည့် နိုင်ငံတော်၏ မျက်မှောက်အခြေအနေနှင့် နိုင်ငံသားများ၊ တိုင်းရင်းသားများအားလုံး မျှော်မှန်းသည့် အနာဂတ် နိုင်ငံတော်ပုံဖော်ရေးကို ချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အထောက်အကူပြုမည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်မှန်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရေးသည် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကြီး၏ အဓိကတာဝန်ဖြစ်ပါကြောင်း။

 

ပြည်တွင်း၌ ထာဝရငြိမ်းချမ်းရေး ရရှိရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းများအတွက် ၂၁ ရာစုပင်လုံ ညီလာခံကြီးတွင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသည့် ယခုအချိန်အခါတွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁)တွင် အရေးကြီးဆုံးဖြစ်သည့် နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်ဟု သဘောတူညီခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ သဘောတူညီချက်နှင့် လိုက်လျောညီထွေစွာ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးတို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း။

 

ယခုလတ်တလော အခြေအနေတွင် လူမှုမီဒီယာသတင်းကွန်ယက်များ၌ တွေ့ရှိနေရသည့် အချို့မြို့ကြီးများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးနှင့် သက်ဆိုင်သည့် စတစ်ကာကမ်ပိန်းများဖြင့် စတင်၍ လှုပ်ရှားနေသည်ကို တွေ့ရပါကြောင်း၊ ယခုအခြေအနေမျိုးတွင် အလွန်အရေးကြီးသည့် ဥပဒေပြုရေးမဏ္ဍိုင် ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကြီးက မသိကျိုးကျွန်ပြုနေ၍ မသင့်လျော်ပါကြောင်းကို တင်ပြလိုပါကြောင်း၊ ထို့အပြင် မိမိ ယနေ့တင်ပြသည့် အဆိုသည် ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းနေခြင်း မဟုတ်ပါကြောင်း၊ ယခုကဲ့သို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြမ်းကို စနစ်တကျဖြင့် လျင်လျင်မြန်မြန် ဆောလျင်စွာ အကောင်အထည်ဖော်နိုင်ရန် အလွန်စနစ်ကျပြီး ပွင့်လင်းမြင်သာစွာနှင့် တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်မည့် ကော်မတီတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်ကြီးမှ အရေးတကြီး ဖွဲ့စည်းပေးရန် လိုအပ်နေပြီဖြစ်သည့်အတွက် တင်ပြခြင်းဖြစ်ပါကြောင်း၊ မိမိတင်ပြသည့် အဆိုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၁၂) ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ တို့တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိကြောင်းကို ရှင်းလင်းတင်ပြလိုပါကြောင်း၊ ယခု မိမိတင်ပြနေသော တင်ပြချက်သည် ဖွဲ့စည်းပုံများကို ပြင်ဆင်ရေးအတွက် မူကြမ်းကို တင်ပြနေခြင်းမဟုတ်ဘဲ အကောင်အထည်ဖော်ရန် လိုအပ်သည့် ယန္တရားတစ်ခု စနစ်တကျတည်ဆောက်ရန် လိုအပ်သည့်အတွက် နည်းဥပဒေ ၆၆ အရ တင်ပြခြင်း ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူလူထု၏ ဆန္ဒသဘောထားနှင့်အညီ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်လေ့လာ စိစစ်သုံးသပ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ပါရန် ယခုအရေးကြီးအဆိုကို မြန်မာနိုင်ငံသူနိုင်ငံသား၊ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ စစ်မှန်သည့် ဆန္ဒသဘောထားအပေါ် အခြေခံ၍ ပြည်ထောင်စုလွှတ်တော်သို့ လေးနက်စွာ အဆိုပြုတင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် သာကေတမဲဆန္ဒနယ်မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝေဖြိုးအောင်က ယင်းအဆိုကို ထောက်ခံဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အချိန်ကာလအားဖြင့် ၁၀ နှစ်ကျော်လာပြီ ဖြစ်ပါကြောင်း၊ ၁၀ စုနှစ် တစ်ခုကျော် ကြာမြင့်လာသည့်အခါ ခေတ်ကာလနှင့် အခြေအနေများအလိုက် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကို  ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယခုတင်သွင်းလာသည့် အဆိုအပေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံးက ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆွေးနွေးခွင့်ရမည် ဖြစ်သကဲ့သို့ ပြည်သူများ ကိုယ်စားပြု ဒီမိုကရေစီစနစ်အရ တာဝန်အပ်နှင်းလိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များက တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ စစ်မှန်သည့် သဘောဆန္ဒ၊ သဘောထားအပေါ်တွင် အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များအပေါ် သုံးသပ်ဆွေးနွေး ဆုံးဖြတ်ပြင်ဆင်ခွင့်များ ရလာမည်ဖြစ်သည့်အတွက် ပြောင်းလဲချိန်တန်သည့် အချိန်အခါသစ်တွင် ပြည်သူနှင့်အတူ စုပေါင်းအင်အားကို ဖော်ဆောင်နိုင်ရန်အတွက် ယခုအရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေး အတည်ပြုပေးနိုင်ပါရန် ထောက်ခံအပ်ပါကြောင်း ပြောကြားသည်။

 

တပ်မတော်သား ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ မိမိအနေဖြင့် မပြင်ရဟူ၍ ပြောခြင်းမဟုတ်ပါကြောင်း၊ ပြင်ဆင်ရန်အတွက် သဘောတူပါကြောင်း၊ သဘောတူသည့်အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြုလုပ်ရန်အတွက် တင်ပြခြင်း ဖြစ်ပါကြောင်း၊ မိမိတို့လွှတ်တော်ခန်းမထဲ ရောက်နေသူများသည် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအရ ရောက်ရှိနေခြင်း ဖြစ်ပါကြောင်း၊ ကော်မတီဖွဲ့စည်းမည်ဆိုပါက နည်းဥပဒေပုဒ်မ ၁၃၅ အရ ပြင်ဆင်ရန် ဥပဒေမူကြမ်းကိုတင်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ပူးပေါင်းကော်မတီအဖွဲ့မှ စိစစ်မည်ဟု ပါရှိပါကြောင်း၊ ယင်းသို့ မဟုတ်ဘဲ ကော်မတီဖွဲ့စည်းပြီး စိစစ်မည်ဆိုပါက မည်သည့်ပုဒ်မကို စိစစ်မည်၊ ကော်မတီက မည်သည့် အရာများကို လုပ်မည်၊  ပုဒ်မများကိုလည်း မသိရပါကြောင်း၊ ကော်မတီသည် မည်မျှကျယ်ပြန့်သည်ကိုလည်း မိမိတို့အနေဖြင့် မသိရပါကြောင်း၊ ထို့ကြောင့် နည်းဥပဒေ ၁၃၆ အရ ပြင်ဆင်သည့် ဥပဒေကြမ်းကိုလည်း စတင်ဆွေးနွေးခြင်း မပြုမီတွင် သက်ဆိုင်ရာ ပူးပေါင်းကော်မတီမှ ဆွေးနွေးစိစစ်ပြီး အဆိုပါ ဆွေးနွေးချက်နှင့် ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်အားလုံးသို့ ဖြန့်ဝေပေးရမည် ဖြစ်ပါကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ် အားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၅ ဇယား ၄ တွင် ပါသည့်အတိုင်း ကတိသစ္စာ ပြုထားကြသူများ ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဥပဒေပြုရေးတာဝန်ကို အဓိက လုပ်ဆောင်နေကြသည့် လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့၏ လုပ်ဆောင်ချက်များကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် အရေးကြီးပါကြောင်း၊ မိမိတို့အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သင့်ပါကြောင်း၊ ယခုကဲ့သို့ အဆိုတင်သွင်းပြီး မဲခွဲဆုံးဖြတ်ရမည့် ကိစ္စမဟုတ်ပါကြောင်း တင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က တပ်မတော်သား ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်၏ တင်သွင်းချက်ကို လွှတ်တော်က လက်မခံပါကြောင်း ပြောကြားခဲ့ရာ တပ်မတော်သား ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက မတ်တပ်ရပ်၍ ကန့်ကွက်ခဲ့ကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က ယခုအချိန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းနေခြင်း မဟုတ်ပါကြောင်း၊ ကိ်ုယ်စားလှယ်တစ်ဦးတစ်ယောက်၊ နိုင်ငံရေးပါတီ တစ်စုတစ်ဖွဲ့မှ တင်သွင်းမည်ဆိုပါက ပြည်သူအများစု၊ နိုင်ငံသားများ၊ တိုင်းရင်းသားများ အားလုံးနှင့် ၂၁ ရာစုပင်လုံညီလာခံ၏ ရည်မှန်းချက်များနှင့် သွေဖယ်သွားမည် ဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသည့် အချိန်ကာလဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ်တော်တွင် ရှိသည့် နိုင်ငံရေးပါတီအားလုံး၊ တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့များကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့်ရှိရန် အဆိုရှင်က တင်သွင်းခဲ့သည့် အဆိုဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်သည့်အတွက်ကြောင့် နာယကကြီးအနေဖြင့် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို ဆက်လက်ရယူဆောင်ရွက်ပေးနိုင် ပါရန်လေးနက်စွာ တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းအဆိုကို လက်ခံဆွေးနွေးရန် သင့်၊ မသင့် စက်ခလုတ် အသုံးပြု၍ လွှတ်တော်၏ ဆန္ဒရယူရာ ထောက်ခံမဲ ၃၉၄မဲ၊ ကန့်ကွက်မဲ ၁၇မဲ၊ ကြားနေမဲ ၃ မဲဖြစ်၍ ထောက်ခံသူ သုံးပုံ ၁ ပုံနှင့်အထက် ရရှိသည့်အတွက် လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူ အတည်ပြုကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ယင်းအဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဖေဖော်ဝါရီ ၁ ရက် တွင်ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်