နေပြည်တော် ၁၉ ဖေဖော်ဝါရီ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ရန် ဆောင်ရွက်ထားမှုနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို အဖွဲ့ဝင် (၁၀၉)ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာတွင် ယင်းကော်မတီတွင် ပါဝင်သည့် ကိုယ်စားလှယ်ဦးရေ များပြားလွန်းခြင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို အဖွဲ့ဝင်(၃၁)ဦးဖြင့် ထပ်ဆင့်ဖွဲ့စည်းခဲ့ရာတွင် ယင်းကော်မတီတွင် ပါဝင်သည့် ကိုယ်စားလှယ်ဦးရေ နည်းပါးခြင်းတို့ကြောင့် လုပ်ငန်းဆောင်ရွက်မှုများ နှောင့်နှေးကြန့်ကြာခဲ့ရပြီး ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းဆောင်ရွက်မှုများကို အရေးကြီးအဆို တင်သွင်းသည်မှ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေအတည်ပြုသည်အထိ (၂၂)လတိုင်တိုင် အချိန်ကြာမြင့်စွာ ဆောင်ရွက်ခဲ့ကြောင်းကို လေ့လာတွေ့ရှိခဲ့ရပါကြောင်း။
ထို့ကြောင့် ယခုတစ်ကြိမ်တွင် မနည်းလွန်းမများလွန်းသော ကိုယ်စားလှယ် အရေအတွက်ဖြစ်သည့် ၄၅ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပူးပေါင်းကော်မတီ ဖွဲ့စည်းရေးအတွက် ပြည်ထောင်စုလွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီ (၁၄)ခုနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အသီးသီးက တာဝန်ခံများနှင့် ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်အတူ အစည်းအဝေးများ ကျင်းပခဲ့ပါကြောင်း၊ ပူးပေါင်းကော်မတီတွင် ပါဝင်မည့် ပြည်ထောင်စုလွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီ (၁၄)ခု၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာပါတီ၊ အစုအဖွဲ့ကိုယ်စားပြု ကိုယ်စားလှယ်များ၏ အမည်စာရင်းများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၄ နာရီ အချိန်နောက်ဆုံးထား၍ နာယကထံ ပေးပို့နိုင်ရန် ပြည်ထောင်စုလွှတ်တော်ရုံးမှ ရုံးတွင်းစာများ ထုတ်ပြန်အကြောင်းကြားခဲ့သည်ကို တင်ပြအပ်ပါကြောင်း။
ပူးပေါင်းကော်မတီကို ကော်မတီဝင် ၄၅ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်သည့် နေရာတွင် ဒုတိယနာယကသည် ရာထူးအလျောက် ပူးပေါင်းကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည့်အတွက် ပြည်သူ့လွှတ်တော်မှ ပါဝင်ဖွဲ့စည်းမည့် ကိုယ်စားလှယ်အရေအတွက်တွင် ဒုတိယနာယကကို ထည့်သွင်းရေတွက်ခြင်း မပြုပါကြောင်းကို တင်ပြအပ်ပါကြောင်း၊ ပူးပေါင်းကော်မတီတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် (၂၂)ဦး၊ ရာထူးအလျောက် ပူးပေါင်းကော်မတီ၏ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၂၁)ဦး စုစုပေါင်း ၄၄ ဦး ပါဝင်ဖွဲ့စည်းမည် ဖြစ်ပါကြောင်း။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံရေးပါတီ ၁၄ ခုကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း ၄၈၆ ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၅ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦး စုစုပေါင်း ၆၅၇ ဦးရှိကြောင်းကို တင်ပြလိုပါကြောင်း။
ကိုယ်စားလှယ်ဦးရေ ၁၀ ဦးအထက်ပါဝင်သည့် နိုင်ငံရေးပါတီများနှင့် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့အတွက် အချိုးကျအရေအတွက် သတ်မှတ်ဖွဲ့စည်းထားပါကြောင်းနှင့် ကိုယ်စားလှယ်ဦးရေ ၁ ဦးမှ ၅ ဦးအထိ ပါဝင်သည့် နိုင်ငံရေးပါတီများအတွက် တစ်ဦးကျစီ ဖွဲ့စည်းထားပါကြောင်းကို တင်ပြအပ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် ကိုယ်စားလှယ်အရေအတွက် ပါဝင်မှုနည်းပါးသည့် နိုင်ငံရေးပါတီများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်သည့် ဥပဒေကြမ်း ရေးဆွဲပြုစုခြင်း လုပ်ငန်းစဉ်များတွင် ပါတီကြီးများနည်းတူ ပါဝင်ဆောင်ရွက်ခွင့် ရရှိနိုင်ရန်အတွက် ဖြစ်ပါကြောင်း။
ပူးပေါင်းကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် ဒုတိယနာယကမှအပ ပူးပေါင်းကော်မတီဝင် ၄၅ ဦးအနက် ကော်မတီဝင် ၄၄ ဦး ကျန်ရှိကြောင်း တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်ဦးရေ ၁ ဦးမှ ၅ ဦးအထိပါဝင်သည့် နိုင်ငံရေးပါတီ ၁၀ ခု ရှိသည့်အတွက် ၄င်းပါတီများအတွက် ပါတီတစ်ခုလျှင် တစ်ဦးကျစီဖြင့် စုစုပေါင်း ၁၀ ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၁ ဦး၊ ရာထူးအလျောက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ၁ ဦးအပါအဝင် စုစုပေါင်း ၁၂ ဦးကို ၄၄ ဦးထဲမှ နှုတ်လိုက်သည့်အခါ ပူးပေါင်းကော်မတီဝင် ၃၂ ဦးဖြည့်စွက်ရန် ကျန်ရှိကြောင်းကို တင်ပြအပ်ပါကြောင်း။
ကျန်ရှိသည့် ပူးပေါင်းကော်မတီဝင် ၃၂ ဦးအတွက် ပြည်ထောင်စုလွှတ်တော်အတွင်း ကိုယ်စားလှယ် ၁၀ ဦးအထက်ပါဝင်သည့် ပါတီနှင့် တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့တို့အတွက် အချိုးကျ တွက်ချက်ဖွဲ့စည်းထားပါကြောင်း၊ အချိုးအစားနှင့် တွက်ချက်ရာတွင် ဒသမဂဏန်းများ ပါရှိနေသည့်အတွက် ပူးပေါင်းကော်မတီဝင် ၁ ဦး နေရာလိုနေပါကြောင်း၊ ယင်းတစ်နေရာကို ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦးကို ထည့်သွင်းဖွဲ့စည်းထားပါကြောင်း၊ ထို့ကြောင့် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပူးပေါင်းကော်မတီဝင် နှစ်ဦး ပါဝင်ခွင့်ရရှိပါကြောင်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအနေဖြင့် ရာထူးအလျောက်ပါဝင်ခွင့် ရရှိထားသည့်အတွက် ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး အမည်စာရင်း ပေးပို့လာသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အချိုးအစားအရ ရရှိထားသည့် ပူးပေါင်းကော်မတီဝင် ၁၉ ဦးအစား ၁၈ ဦးဖြင့်သာ ထည့်သွင်းဖွဲ့စည်းထားပါကြောင်း။
ပါတီများမှ ကိုယ်စားပြုကော်မတီဝင်များကို ထည့်သွင်းဖွဲ့စည်းရာတွင် (၁)ဦးထက် အမည်စာရင်း ပိုမိုတင်သွင်းပိုင်ခွင့်ရှိသည့် နိုင်ငံရေးပါတီများနှင့် တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့တို့မှ ကိုယ်စားပြုကော်မတီဝင်များကို ပူးပေါင်းကော်မတီဖြစ်သည့်အတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် (၂)ရပ်မှ တူညီသည့် အရေအတွက်ဖြင့် ထည့်သွင်းဖွဲ့စည်းထားပါကြောင်း။
ပူးပေါင်းကော်မတီ၏ အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၃)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးနှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် ဒေါပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချိုတို့ကို တာဝန်ပေးအပ်သွားမည် ဖြစ်ကြောင်း။
ဦးတည်ချက် (၅)ရပ်၊ တာဝန်(၁၄) ရပ်၊ လုပ်ပိုင်ခွင့် (၆)ရပ်၊ လုပ်ထုံးလုပ်နည်း (၄) ရပ်၊ ရပိုင်ခွင့် (၄)ရပ်တို့ပါရှိပြီး ပူးပေါင်းကော်မတီ၏ သက်တမ်းသည် စတင်ဖွဲ့စည်းသည့်အချိန်မှ အစီရင်ခံစာတင်သွင်းခြင်း၊ ယင်းအစီရင်ခံစာအပေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ လွှတ်တော်၏အဆုံးအဖြတ် ရယူခြင်းတို့ ဆောင်ရွက်ပြီးမြောက်ပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်ကို ပြုစုရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပြီးသည့် အချိန်အထိဖြစ်သည်ကို တင်ပြပါကြောင်း။
ပူးပေါင်းကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ပြီး လွှတ်တော်ကို အစီရင်ခံစာ တင်သွင်းရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ အစီရင်ခံစာတင်ပြသည့်အခါ သဘောကွဲလွဲသည့် ပူးပေါင်းကော်မတီဝင်များရှိပါက သဘောမတူသည့် အချက်များကို တစ်ပါတည်းပူးတွဲ တင်ပြဆောင်ရွက် ခွင့်ရမည်ဖြစ်ပါကြောင်း။
လွှတ်တော်အတွင်း အစီရင်ခံစာပါအချက်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးသည့်အခါ လွှတ်တော်၏ အတည်ပြုချက်ကို ရယူဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ လွှတ်တော်၏ အတည်ပြုချက်များအပေါ်တွင် အခြေခံပြီး ပူးပေါင်းကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်ကို ဆက်လက်ပြုစုရေးဆွဲသွားမည် ဖြစ်ပါကြောင်း။
ယခုပေါ်ပေါက်လာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၁၂) ပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ပြဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန်ကို ရှင်းရှင်းလင်းလင်း တင်ပြအပ်ပါကြောင်း။
ပူးပေါင်းကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို အခြေခံဥပဒေပါ ပြဌာန်းချက်များ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ဆောင်ရွက်သွားမည် မဟုတ်ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး လုပ်ငန်းစဉ်၏ အဓိက အကျဆုံးဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ် ပေါ်ပေါက်လာရေးကိုသာ ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖြတ်လမ်းနည်းနှင့် ပြင်ဆင်ရန် ကြိုးပမ်းဆောင်ရွက်မည် မဟုတ်ပါကြောင်း၊ တစ်ပါတီ၊ တစ်စုတစ်ဖွဲ့မှ ဆောင်ရွက်ခြင်းထက် ပြည်သူ့ဆန္ဒအစစ်အမှန်နှင့် ကိုက်ညီသည့် ပြင်ဆင်ရေး လုပ်ငန်းများကို အားလုံးအတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို လေးနက်စွာ တင်ပြလိုပါကြောင်း။
ယခုအချိန်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်(၁၈)ဦး၊ ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ် (၂)ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်(၂)ဦး၊ တအာင်း(ပလောင်) အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ “ဝ” ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်(၁)ဦးစီ စုစုပေါင်း နိုင်ငံရေးပါတီ (၁၃) ခုနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦးတို့၏ အမည်စာရင်းပေး ပို့ခဲ့ပြီးဖြစ်သည့်အတွက် ယင်းကိုယ်စားလှယ်များ၏ အမည်စာရင်းများကို ပူးပေါင်းကော်မတီတွင် ပါဝင်ဖွဲ့စည်းပြီးဖြစ်ပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားတဲ့ ဖွဲ့စည်းခြင်း အမိန့်ကြော်ငြာစာ မူကြမ်းတွင်ပါရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်းအနေဖြင့် ပူးပေါင်းကော်မတီတွင် ပါဝင်ခြင်း မရှိတော့ပါကြောင်းနှင့် ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု ပေါက်တောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၅)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်၊ တစ်သီးပုဂ္ဂလ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅)မှ ဦးတင်အောင်ထွန်းတို့ကို ပါဝင်ဖွဲ့စည်းပြီး ဖြစ်ပါကြောင်း။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့တို့မှ အမည်စာရင်း ပေးပို့လာခြင်း မရှိသေးသည့်အတွက် အမှတ်စဉ်အလိုက် နေရာများ ချန်လှပ်ဖွဲ့စည်းထားပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ရန် ဆောင်ရွက် ထားရှိမှု အခြေအနေများ ပူးပေါင်းကော်မတီဖွဲ့စည်းခြင်း၊ ဦးတည်ချက်၊ တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ လုပ်ထုံးလုပ်နည်းများ၊ ရပိုင်ခွင့်များနှင့် သက်တမ်းသတ်မှတ်ခြင်းတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ကြောင်း။
ပူးပေါင်းကော်မတီကို All Inclusive အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း တစ်ပါတည်း အလေးအနက်ပြု တင်ပြအပ်ပါကြောင်း။
သို့ဖြစ်ပါ၍ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀ဝ၈ ခုနှစ်၊ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ” ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အမိန့်ကြော်ငြာစာ မူကြမ်းကိုလည်း လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို ဖြန့်ဝေထားပြီး ဖြစ်သည့်အတွက် လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ ရှိသည့်အတွက် စက်ခလုတ် အသုံးပြုသည့် နည်းလမ်းဖြင့်ဆောင်ရွက်ရာ ထောက်ခံမဲ ၃၈၉ မဲ၊ ကန့်ကွက်မဲ ၁၉၂ မဲ၊ ကြားနေမဲ ၃ မဲဖြစ်၍ ထောက်ခံဆန္ဒမဲများသည့်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အမိန့်ကြေညာစာ မူကြမ်းကို လွှတ်တော်က အတည်ပြုကြောင်းနှင့် ဖွဲ့စည်းမိန့်၏ နိုင်ငံရေး ပါတီအစုအဖွဲ့ အချို့နေရာတွင် ကျန်ရှိနေသည့် အမည်စာရင်းများအတွက် အမည်စာရင်း ရရှိချိန်တွင် ထပ်မံထုတ်ပြန်ပေးမည် ဖြစ်ပါကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၃ ဦးက လက်မှတ်ရေးထိုး တင်ပြလာသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥ့ပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးတင်ပြရာတွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၃၈ ဦး၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၁၀၅ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးက လက်မှတ်ရေးထိုးပြီး ပေးပို့ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်က လက်ခံရရှိခဲ့ပါကြောင်း။
အဆိုပါ ဥပဒေ(မူကြမ်း) တင်ပြလာမှုနှင့် စပ်လျဉ်း၍ စိစစ်ရာတွင် လက်ရှိ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး၏ ၂၀ ရာခိုင်နှုန်းကျော်က လက်မှတ်ရေးထိုးထားသည့်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ နှင့်အညီ လက်ခံဆွေးနွေးရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၅ နှင့်အညီ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးခြင်းမပြုမီ အသေးစိတ် လေ့လာစိစစ်နိုင်ရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင်အားလုံး ပါဝင်သည့် “ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ် ရေးပူးပေါင်းကော်မတီ” ကို ပြည်ထောင်စုလွှတ်တော်ရုံး၏ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၄/၂၀၁၉) ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်ပါကြောင်း။
ယင်းအမိန့် ကြေညာစာနှင့်အတူ ဦးသိန်းထွန်းနှင့်အဖွဲ့ တင်ပြထားသည့် “ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)” မိတ္တူတို့ကိုလည်း လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပါကြောင်း အသိပေး ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဒေါ်အုန်းကြည်က လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဒေါ်နွယ်နွယ်အောင်က လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ၂၀၁၈ ခုနှစ်၊ လောင်းကစားဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိ်ုင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ စာရင်းများနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက်အပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၃/၂၀၁၉) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ မူဝါဒနှင့် သက်ဆိုင်သည့် အပိုင်း၊ စီမံခန့်ခွဲ ကြီးကြပ်မှုနှင့် သက်ဆိုင်သည့်အပိုင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် သက်ဆိုင်သည့် အပိုင်း(၃) ပိုင်းအနက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် သက်ဆိုင်သည့် စစ်ဆေးရေး လုပ်ငန်းဆောင်ရွက်မှုနှင့် စစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကော်မတီအတွင်းရေးမှူး ဦးခင်မောင်သန်းက အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာပါ အကြံပြုချက်များ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်များ၊ ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း၊ လိုအပ်သည့် ဥပဒေလုပ်ထုံး လုပ်နည်းများအား ပြင်ဆင်ဆောင်ရွက်ခြင်းတို့ဖြင့် ဒေသနေပြည်သူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ရည်ရွယ်ချက်အတိုင်း အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ချက်ထားရှိပြီး ပြည်သူ့ကိုယ် စားလှယ်အပေါင်းက မဲဆန္ဒရှင် ပြည်သူများနှင့်အတူ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံသစ်ကို လက်တွဲတည်ဆောက်နိုင်ပါစေကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောသန်းထွဋ်က အဆိုပါ အစီရင်ခံစာ (၃/၂၀၁၉)ကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့်အတွက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၃/၂၀၁၉) ကို လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အခြေပြစာချုပ်ငယ် (၂) ၏ အတည်ပြု စာချွန်လွှာအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့ရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်က တိုင်းပြည်၏ ပထဝီအနေအထားအရ မဟာဗျူဟာမြောက် အားသာချက်ကို ယခုလို ဒေသတွင်းနှင့် နိုင်ငံတကာကူးသန်း ရောင်းဝယ်မှု သဘောတူညီချက်များနှင့် ပေါင်းစပ်ပြီး ဒေသတွင်း နယ်စပ်ဖြတ်ကျော် ကုန်စည်စီးဆင်းမှု ကွင်းဆက်အတွက် ကုန်တွင်းပိတ်နိုင်ငံများ၊ သင်္ဘောဆိပ်ကမ်းများနှင့် ကမ်းရိုးတန်းနိုင်ငံများအကြား အချက်အခြာဒေသ တစ်ခုဖြစ်သည်အထိ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန် အကြုံပြု ဆွေးနွေးသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်က ဖြတ်သန်းကုန်စည်များ လွယ်ကူချောမွေ့စေရေးဆိုင်ရာ အာဆီယံမူဘောင် သဘောတူညီချက်အရ နယ်စပ်စခန်းများ သတ်မှတ်ခြင်းနှင့် အာဆီယံ အကောက်အခွန် ဖြတ်သန်းကုန်သွယ်မှု စနစ်ကိုသာ သေချာကျင့်သုံးနိုင်မည်ဆိုပါက အာဆီယံအဖွဲ့ဝင် နိုင်ငံများအချင်းချင်း ကုန်စည်များ သယ်ယူပို့ဆောင်မှုတွင် အာဆီယံမူဘောင် သဘောတူညီချက်အရ ဥပဒေနှင့်အညီ ဆောင်ရွက်သွားနိုင်မည် ဖြစ်သည့်အတွက် တရားမဝင် ကုန်စည် ဖြတ်သန်းဝင်ရောက်မှုကို တားဆီးနိုင်မည်ဖြစ်ပြီး နိုင်ငံအတွက်လည်း အကျိုးရှိနိုင်မည်သည့်အတွက် အခြေပြစာချုပ်ငယ်(၂)၏ အတည်ပြုစာချွန်လွှာကို လွှတ်တော်က အတည်ပြုသင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း၊ ဒက္ခိဏသီရိမဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်းနှင့် မြဝတီမဲဆန္ဒနယ်မှ ဦးစိန်ဗိုလ်တို့က ဆက်လက်ဆွေးနွေးကြသည်။
ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် အာဆီယံအတွင်း ဖြတ်သန်းကုန်သွယ်မှုကဏ္ဍ လွယ်ကူချောမွေ့စေရန် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အာဆီယံဖြတ်သန်းကုန်သွယ်မှုတွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လည်းကောင်း၊ လိုအပ်သော အကောက်ခွန် စည်းမျဉ်း၊ ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍတို့တွင် လွယ်ကူရှင်းလင်းစေခြင်းဖြင့် လည်းကောင်း တစ်ပြေးညီဖြစ်သော စနစ်နှစ်ခု ဖြစ်ထွန်းစေရန်နှင့် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုပဒေသကို အကောင်အထည်ဖော်ခြင်းတွင် အထောက်အကူ ဖြစ်စေရန်တို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ဖြတ်သန်းကုန်စည်များ လွယ်ကူချောမွေ့စေရေး အာဆီယံမူဘောင် သဘောတူညီချက်၏ အခြေပြစာချုပ်ငယ်(၂)အတွက် အတည်ပြုစာချွန်လွှာ (Instrument of Ratification) လက်မှတ်ရေးထိုး၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့နိုင်ရန် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၁၊ ပုဒ်မခွဲ(က)၏ နောက်ဆက်တွဲ ဇယား ၁၊ အမှတ်စဉ် ၈ ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အခြေပြစာချုပ်ငယ်(၂)၏ အတည်ပြု စာချွန်လွှာအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့ရန်ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်မော်၊ အေးအေးသန့်(သတင်းစဉ်)
