နေပြည်တော် ၂၁ သြဂုတ် 


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ယနေ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရခိုင်ပြည်နယ်အစိုးရ အဖွဲ့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးမင်းသန်းအား ခန့်အပ်တာဝန်ပေးအပ်ခြင်းကို တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။


ထို့နောက် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကိုဖတ်ကြားရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ နောက်ဆက်တွဲ-၂ ပါ နိုင်ငံပိုင်အခန်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်များအပေါ် စိစစ်ရေးပူးပေါင်းအဖွဲ့ (၂၀)၏ စိစစ်တင်ပြချက်များနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ စိစစ်သုံးသပ်ချက်များကို အခြေပြုဆောင်ရွက်ခဲ့သည့် အစီရင်ခံစာပါ အကြံပြုချက်များအပေါ် လွှတ်တော်က သုံးသပ်ဆောင်ရွက်ရန်နှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်ကို လွှတ်တော်က အတည်ပြုနိုင်ပါရန် ရှင်းလင်းပြောကြားသည်။


ပြည်ထောင်စုလွှတ်တော်နာယကက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင်ပါရှိသည့် စီမံကိန်းလုပ်ငန်းများအား ငြင်းပယ်ရန် သို့မဟုတ် လျှောက်၍ခွင့်ပြုရန်တင်ပြချက်များကို ဘတ်ဂျက်ဥပဒေကြမ်း၏ ငွေလုံးငွေရင်းအပိုင်းအတွက် အကျုံးဝင်သည့် ပြင်ဆင်ချက်အဆိုများအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ မူနှင့်အခြေခံသဘောကို ဆွေးနွေးလိုသည်ဖြစ်စေ၊ ဥပဒေအကြောင်းအရာ အပါဝင် နောက်ဆက်တွဲတွင်ပါရှိသည့် စီမံကိန်းလုပ်ငန်းများကို ငြင်းပယ်ရန် သို့မဟုတ် လျှော့၍ခွင့်ပြုရန် ပြင်ဆင်ချက်အဆိုတင်သွင်း ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။


ယင်းနောက် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေဆိုင်ရာနှင့် ရငွေသုံး ငွေဆိုင်ရာ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြရာတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် ၂၀၁၉-၂၀၂၀၊ ဘဏ္ဍာရေးနှစ်အရ အသုံးခန့်မှန်းခြေစာရင်းနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ ငွေကြေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာပါ စိစစ်ပြင်ဆင်ချက်များအတိုင်းလည်းကောင်း၊ ၂၀၁၉-၂၀၂၀၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း၏ အပိုဒ်၊ အပိုဒ်ခွဲများကို အဆိုပြုပြဋ္ဌာန်း ချက်အတိုင်းလည်းကောင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုဆောင်ရွက်နိုင်ပါရန် ရှင်းလင်းပြောကြားသည်။ 


ဆက်လက်၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေဆိုင်ရာနှင့် ရငွေသုံးငွေဆိုင်ရာ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော ၂၀၁၉-၂၀၂၀၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၉-၂၀၂၀၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်းပါ ဗဟိုအဖွဲ့အစည်းနှင့် ပြည်ထောင်စုဝန်ကြီးဌာန၊ ရငွေ၊ သုံးငွေများအပေါ် အဖွဲ့အစည်းများ၏ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့(၂၀)တို့၏ စိစစ်ချက်များအရ သာမန်ရငွေတွင် ငွေကျပ် ၁၀၁၄၄၇၀ဝ၀ သန်း တိုးမြှင့်ခြင်းနှင့် သုံးငွေစိစစ်လျှော့ချမှု ငွေကျပ် ၄၁၈၀၇၄ ဒသမ ၆၄၈ သန်းတို့ကို အတည်ပြုသင့်ပါကြောင်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၅ နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၄ (က)၊ (ခ)၊ (ဂ)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခြင်းဖြစ်ကြောင်း ပြောကြားသည်။


ပြည်ထောင်စုလွှတ်တော်နာယကက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ မူနှင့်အခြေခံ သဘောဆွေးနွေးခြင်းနှင့် စီမံကိန်းလုပ်ငန်းများ၊ ဘတ်ဂျက် ရငွေသုံးငွေများအပါအဝင် ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်ချက်အဆိုတင်သွင်းဆွေးနွေးခြင်းကို ၂၀၁၉ ခုနှစ် သြဂုတ် ၂၈ ရက်တွင် ဆောင်ရွက်ရန်လျာထားပါကြောင်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် တောင်းခံထားသည့် ငွေလုံးငွေ ရင်းအသုံးစရိတ်များသည် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ နောက်ဆက်တွဲတွင်ပါရှိသည့် စီမံကိန်းလုပ်ငန်းများ တန်ဖိုးဖြစ်သည့်အတွက် ဘတ်ဂျက်၏ ငွေလုံးငွေရင်းအသုံးစရိတ် လျှော့ချမှု စုစုပေါင်းနှင့် စီမံကိန်းလုပ်ငန်းတန်ဖိုး လျှော့ချမှုစုစုပေါင်းသည် အစီရင်ခံစာနှစ်ခုတွင် တူညီနေကြောင်း၊ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မူနှင့် အခြေခံသဘောဆွေးနွေးခြင်းကို အပိုင်းတစ်ပိုင်း၊ စီမံကိန်းလုပ်ငန်းများနှင့် ငွေလုံးငွေရင်းအသုံးစရိတ်တို့ကို အပိုင်းတစ်ပိုင်း၊ ဘတ်ဂျက်ဥပဒေကြမ်း၏ သာမန်အသုံးစရိတ်ကို အပိုင်းတစ်ပိုင်း လေ့လာစိစစ်ပြီး အတည်ပြုရန်၊ လျှော့ပြီးခွင့်ပြုရန်နှင့် ငြင်းပယ်ရန်တို့ကို ကွဲကွဲပြားပြားဖြစ်အောင် ဆွေးနွေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်းစားလှယ်များ ဆွေးနွေးလိုသည့်ဌာန၊ အဖွဲ့အစည်းတို့ကို ဖော်ပြရန်လိုအပ်ကြောင်း၊ မူသဘောဆွေးနွေးမည်ဆိုပါက အကြောင်းအရာ အကျဉ်းချုပ်ကိုဖော်ပြပြီး၊ ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးမည်ဆိုပါက ပြင်ဆင်လိုသည့့် အကြောင်းအရာ၊ ကိန်းဂဏန်းတို့ကို တိကျစွာရေးသား ဖော်ပြရန် လိုအပ်ပါကြောင်း ပြောကြားသည်။ 


ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ ပြည်ထောင်စု၏အရအသုံး ခန့်မှန်းခြေငွေ စာရင်းများနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၁/၂၀၁၉) အပါအဝင် လွှတ်တော်ကိုယ် စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းဝင်များက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၏ ဆွေးနွေးချက်နှင့်စပ်လျဉ်း၍ အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၇ အရ ရုပ်မြင်သံကြားနှင့် အသံလွှင့်ကောင်စီကို ဖွဲ့စည်းရမည်ဖြစ်ပြီး ကောင်စီဖွဲ့စည်းနိုင်ရေးအတွက် နည်းဥပဒေပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေဆဲကာလဖြစ်သော်လည်း လက်ရှိထုတ်လွှင့်နေသည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ FM ရေဒီယို အပါအဝင် မန္တလေး FM၊ ပဉ္စဝတီ FM ၊ ရွှေ FM ၊ ပတ္တမြား FM ၊ ချယ်ရီ FM နှင့် FM ပုဂံများအနေဖြင့် နိုင်ငံတစ်ဝန်းတပ်ဆင်ထားသော FM Station ၁၆၄ ရုံအတွက် လုပ်ငန်းလိုင်စင်ကြေးများကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ၂၀၁၀ ခုနှစ် ဇူလိုင် ၁၂ ရက်မှစ၍ နှစ်စဉ်မှန်မှန် ပေးသွင်းလျက်ရှိပါကြောင်း၊ သို့ပါ၍ FM ကုမ္ပဏီများမှရရန်ရှိသည့် နိုင်ငံ၏အခွန်ဘဏ္ဍာများသည် နစ်နာခြင်း လုံးဝမရှိပါကြောင်း။


၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ(၁၁/၂၀၁၉)ပါ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ ရငွေများလျာထားရာတွင် ကြွေးကျန်များထည့်သွင်းလျာထားမှု မရှိခဲ့ခြင်းနှင့် ပတ်သက်၍  ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေး နှစ်အတွက် သာမန်ရငွေများလျာထားရာတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရုပ်မြင်နှင့်ရေဒီယိုအစီအစဉ်များအကြား ထည့်သွင်းသည့်ကြော်ငြာခရငွေများနှင့် အခြားအထွေထွေရငွေများအပြင်ဌာနနှင့် ဆက်စပ်လုပ်ကိုင်လျက်ရှိသည့် ရုပ်သံလွှင့်ကုမ္ပဏီများထံမှ သဘောတူစာချုပ်များအရ တစ်နှစ်အတွက်ရသင့်သည့် ပေးသွင်းရငွေများ၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ရရန်ရှိကြွေးကျန်များနှင့် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း ၃ လအတွက် ကြွေးကျန်များကိုပါ ထည့်သွင်းတွက်ချက်၍ ငွေကျပ်သန်း ၈၂၀ဝ လျာထားပါကြောင်း။ 


ကုမ္ပဏီများက ဌာနသို့ပေးသွင်းရမည့် ငွေကြေးများ ပေးသွင်းရန်နောက်ကျပြီး ကြွေးကျန်များကျန်ရှိခြင်း၊ နောက်ကျပေးသွင်းခြင်းကိစ္စနှင့်ပတ်သက်၍ ပေးသွင်းရမည့် ငွေများကိုစာချုပ်ပါ စည်းကမ်းချက်များအတိုင်း တိကျစွာပေးသွင်းရန်နှင့် ကြွေးကျန်များမဖြစ်ပေါ်စေရေး အထူးဂရုပြု လိုက်နာဆောင်ရွက်ရန် သက်ဆိုင်ရာကုမ္ပဏီများသို့ ဝန်ကြီးရုံးမှ အသိပေးအကြောင်းကြားစာ ပေးပို့ထားခဲ့ပြီး ဌာနမှလည်း အကြိမ်ကြိမ်သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း။


ယခုအခါ စာချုပ်များ၏ ငွေကြေးပေးသွင်းခြင်းဆိုင်ရာအချက်များကို ပြင်ဆင်ပြီးဖြစ်ပါသဖြင့်  လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကုမ္ပဏီများ၏ ငွေကြေးပေးသွင်းမှုကို စနစ်တကျကြီးကြပ်ကိုင်တွယ် ဆောင်ရွက်ခဲ့သည့်အတွက် ဘဏ္ဍာရေးနှစ်အလိုက် ငွေကြေးပေးသွင်းမှုပုံမှန်ရရှိလာပြီး ကြွေးကျန်လျော့နည်းလာပါကြောင်း၊ သို့ပါ၍ ရငွေလျာထားချက်တွင် အမှန်တကယ်ရရှိနိုင်မည့်ရငွေများကို တိကျစွာအနီးစပ်ဆုံး မှန်ကန်အောင် လျာထားဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း။


ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ(၁၁/၂၀၁၉)ပါ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ လျာထားတောင်းခံထားသည့် ငွေလုံးငွေရင်းအသုံးစရိတ်များအား အချိန်နှင့်တပြေးညီ အကောင်အထည်ဖော်နိုင်မှုမရှိ၍ အပြည့်အဝသုံးစွဲမှုမပြုနိုင်ခြင်းနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော်ရေးဗဟို ကော်မတီအစည်းအဝေး (၂/၂၀၁၇)တွင် ရခိုင်ပြည်နယ်တွင် FM Radio များ ယခုထက် ပိုမိုထောက်ပံ့ပေးနိုင်ရေးဆောင်ရွက်ရန် လမ်းညွှန်ချက်အရ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် FM Radio များ အခမဲ့ဖြန့်ဝေနိုင်ရန် ဝန်ကြီးဌာနရှိ ဌာနအသီးသီးမှ ရန်ပုံငွေများကိုစိစစ်၍ ငွေကျပ်သန်း (၄၀ဝ)အား အထွေထွေပိုလျှံရန်ပုံငွေသို့အပ်နှံပြီး FM Radio များဝယ်ယူနိုင်ရေး ဆောင်ရွက်ခဲ့ရာ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ခွင့်ပြုပေးခဲ့သဖြင့် FM Radio များအား တင်ဒါစနစ်ဖြင့် ဝယ်ယူနိုင်ရန် ကြေးမုံသတင်းစာတွင် ကြော်ငြာ၍ တင်ဒါဈေးနှုန်းစိစစ်ခဲ့ပါကြောင်း။


ဈေးနှုန်းတင်သွင်းသည့် ကုမ္ပဏီ ၃ ခုအနက် Radio တစ်လုံးလျှင် ငွေ ၇၃၄၂ ကျပ်ဖြင့် အလုံးရေ  ၅၄၄၈၀ အတွက် ငွေကျပ် ၃၉၉ ဒသမ ၉၉၂ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုဝယ်ယူခဲ့ပါကြောင်း၊ တင်ဒါစိစစ်ချိန်က သတ်မှတ်ရက်အတွင်း ဘတ်ဂျက်နှစ်အမီ တင်သွင်းရန်  တင်ဒါအောင်မြင်သူက ကတိပြုခဲ့သော်လည်း အလုံးရေ ၅၄၄၈ လုံးကိုသာ အချိန်မီပေးသွင်းနိုင်ခဲ့သဖြင့် ယင်းအတွက်ကျသင့်ငွေ ငွေကျပ် ၃၉ ဒသမ ၉၉၉ သန်းကိုသာ ပေးချေနိုင်ခဲ့ပြီး ကျန်ရှိသည့်အလုံးရေ ၄၉၀၃၂ အတွက် ငွေကျပ် ၃၅၉ ဒသမ ၉၉၂ သန်းအား ပြန်လည် အပ်နှံခဲ့ရခြင်းဖြစ်ပါကြောင်း။  


စာချုပ်ပါအတိုင်း အချိန်မီတင်သွင်းနိုင်ခြင်းမရှိသည့် ထိုကုမ္ပဏီအား နောင်လာမည့် ဘဏ္ဍာနှစ်များတွင် ဝယ်ယူခွင့်မပြုတော့ကြောင်း အသိပေးကြေညာပြီး အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာနှစ်တွင် ကျန်ရှိသည့် FM Radio အလုံးရေ ၄၉,ဝ၃၂ အတွက် ငွေကျပ် ၃၅၉ ဒသမ ၉၉၂ သန်းအား ငွေလုံးငွေရင်းအသုံးစရိတ်တွင် တင်ပြ တောင်းခံ၍ပေး ချေခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ FM Radio များအားလုံးရောက်ရှိပြီးဖြစ်၍ ရခိုင်ပြည်နယ်အစိုး ရအဖွဲ့မှတဆင့် ပြည်သူများသို့ ဖြန့်ဝေခြင်းများကိုလည်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်တွင် FM Radio များအခမဲ့ဖြန့်ဝေခြင်းအတွက် အထက်ပါအခြေအနေများအရ တောင်းခံငွေအပြည့်အဝသုံးစွဲနိုင်မှု မရှိခဲ့ရခြင်းဖြစ်ပါကြောင်း။


ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ(၁၁/၂၀၁၉)ပါ နိုင်ငံတော်သို့ ထည့်ဝင်ငွေပေးသွင်းရန် ကျန်ရှိနေသည့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းသည် ယခင်နှစ်အဆက်ဆက်ပေးရန် ကျန်ရှိနေသည့် နိုင်ငံတော်သို့ ထည့်ဝင်ငွေများအနက် မူလပြုပြင်ပြီး ခွင့်ပြုငွေများတွင် ထည့်သွင်းလျာထားတောင်း ခံမှုမရှိခြင်းနှင့်စပ်လျဉ်း၍ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တင်ပြစဉ် အမြတ်၏ ၂၀ ရာခိုင်နှုန်းဖြစ်သော နိုင်ငံတော်ထည့်ဝင်ငွေသည် ငွေကျပ် ၁၁၅ ဒသမ ၃၃၆ သန်းဖြစ်ပါကြောင်း၊ နှစ်ချုပ်စာရင်းအရ နိုင်ငံတော်ထည့်ဝင်ငွေသည် ငွေကျပ် ၃၈၄ ဒသမ ၃၇၁ သန်းဖြစ်သဖြင့် လိုငွေ ငွေကျပ် ၂၆၉ ဒသမ ဝ၃၅ သန်းအား ထပ်မံပေးဆောင်ရမည်ဖြစ်ပါကြောင်း၊ ပေးဆောင်ရန်ကျန်ရှိသော နိုင်ငံတော်ထည့်ဝင်ငွေကျပ် ၂၆၉ ဒသမ ဝ၃၅ သန်းအား ၂၀၁၉ ခုနှစ် ဇွန် ၂၈ ရက်တွင် ဘဏ်၌ စာရင်းခုနှိမ်ပေးချေပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။ 


ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များကို လိုက်နာဆောင်ရွက်နိုင်ရေး ဝန်ကြီးဌာနအနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေများသုံးစွဲရာတွင် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း(၃၅/၂၀၁၇)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် အလေအလွင့်မရှိအောင် ဥပဒေ၊ နည်းဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။


ထို့ပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှပေးပို့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ ပြည်ထောင်စု၏အရအသုံး ခန့်မှန်းခြေငွေစာရင်းများနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ(၁၁/၂၀၁၉) အပါအဝင် လွှတ်တော်ကိုယ် စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတို့က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။


ထို့နောက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးခင်မောင်သန်းက အစီရင်ခံစာ (၁၁/၂၀၁၉)ကို လွှတ်တော်က သဘောတူအတည်ပြုရန် အဆိုတင်သွင်းပြီး ပြည်ထောင်စု လွှတ်တော်နာယကက ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက်  အစီရင်ခံစာ(၁၁/၂၀၁၉)ကို လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာပြီး အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ရပ်နားလိုက်သည်။


သတင်း-မော်စီ၊ မွှေးကြူဇင်
ဓာတ်ပုံ- ထန်းဖုန်