နေပြည်တော် ၃၀  သြဂုတ်

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

mdn

 

အစည်းအဝေးတွင် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်နှင့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်များ အတွက် ငွေကြေးမူဝါဒအကောင်အထည်ဖော် ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေး ကြေးရေးတည်ငြိမ်မှု အခြေအနေ အစီရင်ခံစာတို့နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေအခန်း(၆) ပုဒ်မ ၄၀(က) အရ ငွေကြေးမူဝါဒကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေကြေးမူဝါဒရည်မှန်းချက်မှာ ပြည်တွင်းဈေးနှုန်း တည်ငြိမ်မှုရရှိစေရန်နှင့် ထိန်းသိမ်းရန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် စီးပွားရေးစနစ်တွင် သင့်လျော်သော ငွေကြေးပမာဏရှိနေစေရန်နှင့် ဈေးနှုန်းများ တည်ငြိမ်မှုရှိစေသည့် စီးပွားရေးတိုးတက်မှုကို ရရှိစေရန် သီးသန့် ငွေကြေးပမာဏကို ဦးတည်သတ် မှတ်ထားရှိသည့် ငွေကြေးမူဝါဒမူဘောင်ကို ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှု အခြေအနေမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ် တွင်  ၅ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၆ ဒသမ၈ ရာခိုင်နှုန်း ရှိပါ ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၏ တိုးတက်နှုန်း ၅ ဒသမ၉ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုရှိခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ အကြောင်းမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးရေးကဏ္ဍ၏ ထုတ်လုပ်မှုနှင့် ပို့ကုန်တင်ပို့မှု တိုးမြင့်လာခြင်း၊ ထုတ်လုပ်မှု ကဏ္ဍတွင် အထည်ချုပ်တင်ပို့မှုတိုးမြင့် လာခြင်း၊ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ပိုမို ကောင်းမွန်လာခြင်းတို့ကြောင့် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွဲမှုအခြေအနေကို ၂၀၁၂ ခုနှစ်၏ ဈေးနှုန်းကို အခြေခံနှစ်အဖြစ် ထားရှိတွက်ချက်ပါက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နှစ်အလိုက်ငွေကြေး ဖောင်းပွမှုနှုန်းမှာ  ၇ ရာခိုင်နှုန်း၊ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၆ ဒသမ ၈ ရာခိုင်နှုန်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း ၅ ဒသမ ၄ရာခိုင်နှုန်း၊ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၄ ရာခိုင်နှုန်းတို့ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၏ နှစ်အလိုက်ငွေကြေး ဖောင်းပွမှုနှုန်း ၇ ရာခိုင်နှုန်း နှင့် ပျှမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ၈ ရာခိုင်နှုန်းတို့ နှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း သိသာစွာ ကျဆင်းသွားသည်ကို တွေ့ရှိရပါကြောင်း၊ အကြောင်းရင်းမှာ အဆိုပါ ကာလတွင် နိုင်ငံခြားငွေလဲလှယ်နှုန်း အထူးတည် ငြိမ်မှုရှိခဲ့ခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အစိုးရဘတ်ဂျက်လိုငွေဖြည့်ဆည်းမှု လျော့နည်းခဲ့ခြင်း၊ စားသုံးကုန်စည်ဈေးနှုန်းများ တည်ငြိမ်မှုရှိခဲ့ခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ ၂၀၁၆-၂၀၁၇ နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်များတွင် မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုနှုန်းမှာ  သိသာစွာကျဆင်းခဲ့သော်လည်း အခြားအိမ်နီးချင်း အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အတော်အသင့်မြင့်မားဆဲရှိသည် ဟုဆိုနိုင်ပါကြောင်း။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် သီးသန့်ငွေကြေးပမာဏ တိုးတက်မှုနှုန်းအား ၁၃ ရာခိုင်နှုန်း ရည်မှန်းချက်ထားရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မတ်လကုန်တွင် သီးသန့် ငွေကြေးပမာဏတိုးတက်မှုနှုန်းမှာ ၉ ရာခိုင်နှုန်းရှိသဖြင့် ရည်မှန်းချက် ဘောင်အတွင်း ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် သီးသန့်ငွေကြေး ပမာဏ တိုးတက်မှုနှုန်း ၁၆ ရာခိုင်နှုန်း ရည်မှန်းထားရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ်လကုန်တွင် သီးသန့်ငွေကြေးပမာဏ တိုးတက်မှုနှုန်းမှာ ၆ ရာခိုင်နှုန်း ရှိသဖြင့် ရည်မှန်းချက်ဘောင်အတွင်းရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

စီးပွားရေးစနစ်အတွင်းတွင် သင့်လျော်သည့် ငွေကြေးပမာဏရရှိစေရန် ဘဏ်များ လက်ဝယ်ရှိ ပိုလျှံငွေကြေးများကို အတိုးပေး၍ အပ်ငွေလေလံစနစ်ဖြင့် နှုတ် သိမ်းခြင်းအား ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှစတင်၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ပိုလျှံငွေကြေးများအား နှုန်းသိမ်းရန် အပ်ငွေလေလံ စုစုပေါင်း ၂၃ ကြိမ် ခေါ်ယူခဲ့ပြီးတစ်ကြိမ်လျှင် ပျမ်းမျှ ငွေကျပ် ၃၄၃ ဘီလီယံအား စီးပွားရေးစနစ်အတွင်းမှ နှုတ်သိမ်းခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ပိုလျှံငွေကြေးများအား နှုတ်သိမ်းရန် အပ်ငွေ လေလံစုစုပေါင်း ၂၄ ကြိမ် ခေါ်ယူခဲ့ပြီး တစ်ကြိမ်လျှင် ပျမ်းမျှငွေကျပ် ၃၀၇ ဘီလီယံ အားစီးပွားရေးစနစ်အတွင်းမှ နှုတ်သိမ်းခဲ့ပါကြောင်း။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဈေးကွက်တွင် နိုင်ငံခြားသုံးငွေစီးဆင်းမှု လွယ်ကူ ချောမွေ့စေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်အကျ မြင့်မားခြင်းကို ရှောင်ရှားနိုင်ရန်အတွက် နိုင်ငံခြားသုံးငွေဈေးပြိုင်လေလံစနစ်ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘဏ်အချင်းချင်းနိုင်ငံခြားငွေရောင်း/ဝယ်မှု ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရန်ကုန် နိုင်ငံခြားငွေဈေးကွက်ကို ၂၀၁၃ ခုနှစ် သြဂုတ် ၅ ရက်တွင် စတင်တည်ထောင် ခဲ့ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ၏ ဈေးကွက်ငွေလဲလှယ်နှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် အနိမ့်ဆုံး ငွေကျပ် ၁၁၅၉ ကျပ်နှင့် အမြင့်ဆုံး ငွေကျပ် ၁၄၃၄ ကျပ် ရှိခဲ့ပါကြောင်း၊ ငွေလဲလှယ်နှုန်းများ၏ နေ့စဉ်ပြောင်းလဲမှုနှုန်းမှာ အများအားဖြင့် ၁ ရာခိုင်နှုန်းအတွင်းသာ ပြောင်းလဲခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ၏ ဈေးကွက်ငွေလဲလှယ်နှုန်း မှာ အမေရိကန်တစ်ဒေါ်လာလျှင်  အနိမ့်ဆုံး ငွေကျပ် ၁၃၂၈ ကျပ်နှင့်  အမြင့်ဆုံး ငွေကျပ် ၁၃၆၇ ကျပ် ရှိခဲ့ပါကြောင်း၊ ငွေလဲလှယ်နှုန်းများ၏ နေ့စဉ် ပြောင်းလဲမှုနှုန်းမှာ အများဆုံး ဝ ဒသမ၅ ရာခိုင်နှုန်းအတွင်းသာ ရှိခဲ့ပါကြောင်း။

ငွေကြေးစနစ်တည်ငြိမ်ရေးသည် ဗဟိုဘဏ်၏ အဓိကရည်မှန်းချက်တစ်ခု ဖြစ်ပါကြောင်း၊ ငွေကြေးစနစ်တည်ငြိမ်စေရန်အတွက် ဗဟိုဘဏ်သည် ငွေရေး ကြေးရေးအဖွဲ့အစည်းများအား စည်းမျဉ်းများချမှတ်၍ ကြပ်မတ်ကွပ်ကဲခြင်းနှင့် ကြီးကြပ် စစ်ဆေးခြင်းကို ဆောင်ရွက်ပါကြောင်း၊ ကြပ်မတ်ကွပ်ကဲခြင်းနှင့် ကြီးကြပ်စစ် ဆေးခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဘဏ်လုပ်ငန်းများတောင့်တင်းခိုင်မာစေရန်၊ ဘဏ်များ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ၎င်းတို့၏ ငွေရေးကြေးရေးအခြေအနေကို ကြီးကြပ်ရန်၊ လိုအပ်ပါက အရေးယူဆောင်ရွက်မှုကို အချိန်မီပြုလုပ်နိုင်ရန်၊ ဆုံးရှုံးနိုင်ခြေများကို ဖော်ထုတ်သတ်မှတ်ရန်၊ ဆုံးရှုံးနိုင်ခြေများကို အနည်းဆုံး အခြေအနေသို့ လျှော့ချရန် တို့ဖြစ်ပါကြောင်း၊ ငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြီးကြပ်စစ်ဆေးရာတွင် စောင့်ကြည့်ကြီးကြပ်စစ်ဆေးခြင်းနှင့် ကွင်းဆင်းကြီးကြပ် စစ်ဆေးခြင်း နည်းလမ်း နှစ်သွယ်ဖြင့် စစ်ဆေးပါကြောင်း။ 

ငွေရေးကြေးရေးကုမ္ပဏီများသည် အများပြည်သူထံမှ အပ်နှံငွေများကို လက်ခံ ဆောင်ရွက်ခြင်းမပြုဘဲ ရင်းနှီးထည့်ဝင်ငွေနှင့် ချေးငွေများရယူခြင်းဖြင့်  လုပ်ငန်း ဆောင်ရွက်ကြပါကြောင်း၊ ၎င်းတို့သည် မိမိ၏ ဖောက်သည်များအား ကုန်စည်များ ဝယ်ယူနိုင်ရန်လည်းကောင်း၊ ဝန်ဆောင်မှုများအတွက်သုံးစွဲနိုင် ရန်လည်း ကောင်း ချေးငွေများထုတ်ပေးခြင်းဖြစ်ပါကြောင်း၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းများ အငှားချထား ခြင်း၊ အရစ်ကျဝယ်ယူခြင်းများအတွက် ငွေကြေးပံ့ပိုးမှုဆောင်ရွက် ကြ ပါကြောင်း၊ ငွေရေးကြေးရေးကုမ္ပဏီများမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကုန်အထိ ချေးငွေ ထုတ်ချေးမှု စုစုပေါင်းမှာ ငွေကျပ် ၃၉ ဒသမ ၆၉ ဘီလီယံရှိပြီး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်ကုန်အထိ ချေးငွေထုတ်ချေးမှုစုစုပေါင်းမှာ ငွေကျပ် ၆၈ ဒသမ ဝ၆ ဘီလီယံရှိပါကြောင်း၊ အထက်ပါအခြေအနေအရ ၂၀၁၆-၂၀၁၇ နှင့် ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်များ အတွင်း ငွေရေးကြေးရေးတည်ငြိမ်မှုရှိခဲ့ပါကြောင်း၊ 
၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာ အထိ ၆ လတာ ကာလအတွက် ငွေကြေးမူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်ချက် နှင့် ငွေရေးကြေးရေးတည်ငြိမ်မှု အခြေအနေ အစီရင်ခံစာများကို နိုင်ငံတော်သမ္မတရုံး သို့ တင်ပြခဲ့ပြီး အတည်ပြုချက်လည်း ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းအစီရင်ခံစာများကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ဆက်လက်တင်ပြရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ အတည်ပြုချက် ရရှိပါက ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က အဆိုပါ အစီရင် ခံစာများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏ မူနှင့်အခြေခံသဘောများ၊ စီမံကိန်းလုပ်ငန်းများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးကြသည်။

လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက  ဘတ်ဂျက်လိုငွေလျော့နည်းကျဆင်း လာရန်အတွက် ရငွေပိုမိုရရှိရေးသည် အဓိကဖြစ်သောကြောင့် အခွန်အကောက်ဥပဒေ အရ ကောက်ခံမှုများတွင် ခေတ်နှင့်မညီမျှမှုများ ပြုပြင်ရန်နှင့် ပြည်ပချေးငွေ၊ ကူညီ ထောက်ပံ့ငွေများ ပြည့်ပြည့်ဝ၀ရရှိသုံးစွဲနိုင်ရန် လိုအပ်ပါကြောင်း၊  အသုံးစရိတ်တောင်း ခံငွေများကိုလည်း ထိထိရောက်ရောက် ပြည့်ပြည့်ဝ၀ သုံးစွဲနိုင်အောင် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ပိုလျှံငွေများကိုလည်း ဥပဒေနှင့်အညီ အချိန်မီပြန်လည်အပ်နှံနိုင်အောင် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပြီး စီမံကိန်းလျာထားချက်များ ပြည့်မီအောင်ကြိုးစားဆောင်ရွက်ကြရန် အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။

လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီက ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေးတိုးတက်မှုကို လယ်ယာကဏ္ဍကြီးတွင် ၂ ဒသမ ၅ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် ၈ ဒသမ ၆ ရာခိုင်နှုန်း၊ ဝန်ဆောင်မှု ကဏ္ဍကြီးတွင် ၈ ဒသမ ၁ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းချက်ကို သိရှိရပါကြောင်း၊ စက်မှုကဏ္ဍတွင် ၈ ဒသမ ၆ရာခိုင်နှုန်း မြင့်မားနေသည်ကို တွေ့ရှိရပြီး ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်ရန် တိုယိုတာ ကားကုမ္ပဏီမှ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသဖြင့် ကြိုဆိုပါကြောင်းနှင့် ဈေးနှုန်းများ အထူးသက်သာစွာ ရောင်းချပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးပါရန် အကြံပြုအပ်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့မဲဆန္ဒနယ်ကို ကိုယ်စားပြု၍ မဲဆန္ဒရှင်ပြည်သူများအတွက် ဆောင်ရွက်ပေးစေလိုသည့် လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ရည်ရွယ်သည့် ကိစ္စရပ်များကို ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြ မေးခွန်းများ အဖြစ် သက်ဆိုင်ရာလွှတ်တော်များမှ နှုတ်ဖြင့် မေးမြန်းခြင်း၊ စာဖြင့်ရေးသားမေးမြန်းခြင်းကို ဆောင်ရွက်ကြရပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ဖြေကြားရှင်းလင်းကြပါကြောင်း၊ အဆိုပါ မေးမြန်းသည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးမည်ဟု ကတိကဝတ်ပြုကြပါကြောင်း၊ ထို့ကြောင့် ကတိကဝတ်ပြုပြီးလုပ်ငန်းများ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များတွင် ပါဝင်သင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လက်ရှိဆောက်လုပ်ဆဲ အခြေခံအဆောက်အဦများကို သက်ဆိုင်သည့်ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များက စိစစ်မှုအားနည်းသည်ကို တွေ့ရှိပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများက အချိန်မီ ပြီးစီးနိုင်ရေး ညွှန်ကြားပေးရန်လိုအပ်သည်ကို အကြံပြုလိုပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တင်ဒါကော်မတီများသည် တည်ဆောက်ရေး လုပ်ငန်းကိစ္စရပ်များ သတ်မှတ်ထားသည့် ဘဏ္ဍာနှစ်တွင် အမြန်ပြီးစီးနိုင်ရေး တင်ဒါဆိုင်ရာကိစ္စရပ်များ ကိုလည်း စောနိုင်သမျှစောအောင်  ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပြီး တင်ဒါကိစ္စ ကြန့်ကြာမှုများကို သက်ဆိုင်ရာမှ ရှင်းလင်း ပေးစေလိုပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အမျိုးသားစီမံကိန်းဘဏ္ဍာငွေများ အလေအလွင့် မရှိစေရန်နှင့် နိုင်ငံသူ၊ နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေလိုပါကြောင်း ဆွေးနွေးသည်။

တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းအောင်က အရေးပေါ်ရန်ပုံငွေသုံးစွဲမှုဆိုင်ရာ ကဏ္ဍ တွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း၏ ပုဒ်မ ၂၆၊ ပုဒ်မခွဲ (က၊ခ၊ဂ၊ဃ၊င၊စ) တို့အရ ယခင်နှစ်များနှင့်မတူဘဲ ခွဲဝေလျာထားခဲ့ပါကြောင်း၊ အရေးပေါ်ရန်ပုံငွေသုံးစွဲမှုဆိုင်ရာ စည်းမျဉ်းများကို ဖြေလျော့၍ ထိုသို့ ခွဲဝေလျာထားပေး ခြင်းသည် ကြိုတင်မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကိစ္စရပ်များအတွက် လျင်မြန်စွာ တုံ့ပြန် ဆောင်ရွက်နိုင်စွမ်း ရှိလာနိုင်မည် ဖြစ်သော်လည်း သီးသန့်ရန်ပုံငွေမှ ငွေကျပ် ၃၀ ဘီလီယံ ခွဲဝေပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း နွေရာသီလျှပ်စစ်ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး အတွက် တိုင်းဒေသကြီး တစ်ခုတည်းက အများစုခွဲဝေယူသွားခြင်းမျိုး ထပ်မံမဖြစ်ပေါ်စေရန် အထူးလိုအပ်ပါကြောင်း ဆွေးနွေးသည်။

ယင်းကိစ္စတို့နှင့် စပ်လျဉ်း၍ သန်လျင်မဲဆန္ဒနယ်မှ ဦးလွင်ကိုလတ်၊ ပြည် မဲဆန္ဒနယ်မှ ဒေါက်တာ ခင်စိုးစိုးကြည်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးသန်းစိုး (ခေါ်) သန်းစိုး (ဘောဂဗေဒ)၊ ကျုံပျော်မဲဆန္ဒနယ်မှ ဦးစိုးအောင်နိုင်၊ လေးမျက်နှာမဲဆန္ဒနယ်မှ ဦးဇော် မင်းသိန်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးနိုင်၊ တပ်မတော်သား ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဗိုလ်မှူးထင်လင်းဦး၊ တန့်ဆည်မဲဆန္ဒနယ်မှ ဦးမြင့်ထွန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၊ မောင်တောမဲဆန္ဒ နယ်မှ ဦးလှထွန်းကျော်၊ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့် (စိစစ်ရေးပူးပေါင်းအဖွဲ့ - ၅)၊ ဧရာဝတီတိုင်းဒေသ ကြီးမဲဆန္ဒနယ်အမှတ် (၇)မှ ဒေါက်တာပြည့်ဖြိုးနှင့် လဟယ်မဲဆန္ဒနယ်မှ ဦးသက်နောင် တို့က ဆက်လက် ဆွေးနွေးကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ကို စက်တင်ဘာ၂ ရက် တွင်ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်