နေပြည်တော်  ၅   သြဂုတ် 


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ယနေ့အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတထံမှပေးပို့သော ကချင်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးဇော်ဝင်းအား ခန့်အပ်တာဝန်ပေးအပ်ခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ် ချောင်းဝကျေးရွာအုပ်စုရှိ ဆင်းကူး(သိုက်ကုန်း)ကျေးရွာအား ဧရိယာ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းကို  လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။


ထို့နောက်   အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌက  ၆ လတာကာလ (၂၀၁၈ ခုနှစ်၊  အောက်တိုဘာ ၁၀ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီ ၉ ရက်အထိ ) လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍  ပါမောက္ခချုပ်များကော်မတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အလုပ်အမှုဆောင်အဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း၊ အခြေခံပညာရေးကဏ္ဍ၊ ဆရာအတတ်ပညာကဏ္ဍ၊  နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ၊ အဆင့်မြင့်ပညာရေးကဏ္ဍ၊ လူတိုင်းအကျုံးဝင်ပညာရေး ကဏ္ဍ၊ ပုဂ္ဂလိကပညာရေးကဏ္ဍ၊ ပညာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ အကြံပြုချက်များပေးပို့ခြင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီ၏ ဆောင်ရွက်ချက်များ၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီ၏ ဆောင်ရွက်ချက်များ၊ ပါမောက္ခချုပ်များ ကော်မတီ၏ ဆောင်ရွက်ချက်များ၊ ကော်မရှင်ကို ပေးအပ်ထားသော တာဝန်နှင့် လုပ်ပိုင်ခွင့် များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ သုံးသပ်အကြံပြုချက်များကို ရှင်းလင်း ဆွေးနွေးသည်။ 


ပြည်ထောင်စုလွှတ်တော် နာယကက အထက်ပါကိစ္စနှင့်စပ်လျဉ်း၍  ၂၀၁၉ ခုနှစ် သြဂုတ် ၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးရန်လျာထားသဖြင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များအမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။


ယင်းနောက် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက် ရေးအကယ်ဒမီ (International Anti – Corruption Academy- IACA) ကို နိုင်ငံတကာအဖွဲ့ အစည်းထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ် ရေးထိုးနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

1


ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ် က ယခုအချိန်တွင် တိုင်းပြည်သည် စနစ်သစ်နှင့် ပြန်လည်ထူထောင်နေချိန်ဖြစ်သည့်အတွက် အပြောင်းအလဲတိုင်းသည် ရှေ့သို့သွားနေရန်လိုအပ်ပါ ကြောင်း၊  IACA ကို ဝင်ရောက်ခြင်းသည် ပြည်သူ့ဆန္ဒနှင့်အစိုးရလိုအပ်ချက်များကို ဖြည့်ဆည်းပေး ရာရောက်သည်ဟု ဆိုနိုင်ပါကြောင်း၊  အဂတိတိုက်ဖျက်ရေး စတင်ဆောင်ရွက်နေပြီဖြစ်သော်လည်း  အရှိန်ရလာနိုင်ရန်နှင့် အင်အားရှိနိုင်ရန် လိုအပ်သလို ရလာဒ်ကောင်းများ ဖြစ်လာနိုင်ရန် လိုအပ်ပါ ကြောင်း၊ အဂတိကြောင့် ကြာလေ နိုင်ငံသူနိုင်ငံသားတို့ နစ်နာလေ ဖြစ်ပါကြောင်း၊ ထို့ကြောင့် IACA တွင် ပါဝင်ခြင်းဖြင့် အဂတိတိုက်ဖျက်ရေးအတွက် လိုအပ်သော စွမ်းရည်နှင့် အတွေ့အကြုံများ ဖြည့် ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေနှင့် IACA တွင်ပါဝင်ရန်  ပြည်ထောင်စု လွှတ်တော်မှ  အတည်ပြုပေးသင့်ပါကြောင်း ဆွေးနွေးသည်။ 


ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်းက မြန်မာနိုင်ငံအနေဖြင့် IACA သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက် ခြင်းကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အသိပညာနှင့် လုပ်ငန်းစဉ်များ ပိုမို အမြင်ကျယ်ပြန့်လာစေမည့် IACA မှ စီစဉ်သည့် ကာလတိုနှင့် ဘွဲ့လွန်သင်တန်းများသို့ စေလွှတ် နိုင်ခြင်းဖြင့် နိုင်ငံတကာကျင့်သုံးသည့် စံချိန်၊ စံညွန်းများ၊ အတွေ့အကြုံများအပြင် လက်တွေ့လေ့ ကျင့်မှုများ ရရှိလာမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ပညာရပ် တစ်ရပ်အနေဖြင့် လေ့လာဆည်းပူးနိုင်ရန်  အခွင့်အလမ်းများရရှိခြင်း၊ ကျွမ်းကျင်ပညာရှင်များပေါ် ထွက်လာပြီး ရေရှည် ပြုလုပ်ရမည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ ပိုမိုထိရောက် စေနိုင်မည့်အပြင် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အခြားဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်သည့်အတွက် ပါဝင်လက်မှတ်ရေးထိုး သင့်ပါကြောင်း ဆွေးနွေးသည်။


ယင်းကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်၊ မြင်းခြံမဲဆန္ဒနယ်မှ ဦးစိန်မြင့်၊ မွန်ပြည် နယ်မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်း၊ ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခေါ်) ဒေါ်ရှားမီး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်နှင့် သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်တို့ကဆွေးနွေးကြသည်။


ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူးက ကော်မရှင်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ သုံးသပ်အကြံပြုချက်များအပေါ် အလေးအနက်ထား၍ လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ပါဝင်လက် မှတ်ရေးထိုးနိုင်ရေးကိစ္စကို လွှတ်တော်က အတည်ပြုပေးပါရန် ပြောကြားသည်။


ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကယ်ဒမီ (International Anti – Corruption Academy- IACA) ကို နိုင်ငံတကာအဖွဲ့အစည်း ထူထောင် ခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ် ရေးထိုးနိုင်ရေး ကိစ္စကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ  သဘောမတူသူမရှိသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်း ကြေညာပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။ 


သတင်း- မော်စီ၊ မွှေးကြူဇင်


ဓာတ်ပုံ-ထန်းဖုန်

 

2