ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

နေပြည်တော် ၂၄  ဇူလိုင်

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

2

 

အစည်းအဝေးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးဆန်းဝင်းက နိုင်ငံတော်သမ္မတထံ မှပေးပို့ထားသော နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအကယ်ဒမီ (International Anti–Corruption Academy- IACA) ကို နိုင်ငံတကာအဖွဲ့အစည်း ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသည် နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကယ်ဒမီသို့ အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်သည့် အသိပညာနှင့် လုပ်ငန်းစဉ်များအပေါ် ပိုမိုအမြင်ကျယ်ပြန့်စေနိုင်ခြင်း၊ IACA က စီစဉ်သည့် ကာလတိုနှင့် ဘွဲ့လွန်သင်တန်းများသို့ စေလွှတ်နိုင်ခြင်းဖြင့် နိုင်ငံတကာက ကျင့်သုံးသည့် စံချိန်စံညွှန်းများ၊ အတွေ့အကြုံများအပြင် လက်တွေ့လေ့ကျင့်မှုများ ရရှိနိုင်ခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ပညာရပ်တစ်ရပ်အနေဖြင့် လေ့လာဆည်းပူးနိုင်ရန် အခွင့်အလမ်းများရရှိ၍ ကျွမ်းကျင်ပညာရှင်များ ပေါ်ထွက်လာပြီး ရေရှည်ပြုလုပ်ရမည့် နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စေနိုင်ခြင်း၊ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အခြားအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါကြောင်း။

နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကယ်ဒမီ (IACA) ကို နိုင်ငံတကာ အဖွဲ့အစည်းအဖြစ် ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ်ပါဝင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေပါ အပြည်ပြည်ဆိုင်ရာ Covention များနှင့် သဘောတူညီချက်များ၊ ဒေသဆိုင်ရာ စာချုပ်များနှင့် သဘောတူညီချက်ဆိုင်ရာ ကိစ္စရပ်များတွင် အကျုံးဝင်နေသည့်အတွက် နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကယ်ဒမီ (IACA)ကို နိုင်ငံတကာ အဖွဲ့အစည်းအဖြစ် ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်နာယကက အထက်ပါကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ ၂၀၁၈ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ကသာမဲဆန္ဒနယ်မှ ဦးမြင့်ကြည်က အစီရင်ခံစာတွင် အကျဉ်းထောင်များ၌ လူဦးရေ ကျပ်တည်းနေခြင်းကြောင့် တာဝန်ရှိ ဝန်ထမ်းများအနေဖြင့် စီမံအုပ်ချုပ်မှု အခက်အခဲများ အလွန်များပြားခြင်း၊ ဝန်ထမ်းအင်အား နည်းပါးသဖြင့် အနားယူရသည့်အချိန် နည်းပါးခြင်း၊ အကျဉ်းသားများအနေဖြင့် အိပ်စက်ရန်နေရာ ကျဉ်းမြောင်းကျပ်တည်းသဖြင့် ကျန်းမာရေး၊ လူမှုရေးပြဿနာများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် အကျဉ်းသားဦးရေ လျှော့ချနိုင်ရေးအတွက် နည်းလမ်းများရှာဖွေ ဆောင်ရွက်သင့်ပါကြောင်း။

အကြောင်းအမျိုးအမျိုးကြောင့် ရောက်လာကြသည့် အကျဉ်းသူ အကျဉ်းသားများသည် လူသားများ ဖြစ်သည့်အတွက် ကျန်းမာရေး၊ စိတ်ဓာတ်ခွန်အား မပျက်ပြားစေရေး စသည့် အချက်များကိုထည့် သွင်းစဉ်းစားပြီး လိုအပ်သည့် နေရာများတွင် အကျဉ်းထောင်များ ထပ်မံဆောက်လုပ်ပေးရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းက အမျိုးသမီးကုန်ထုတ် စခန်းများ လုံးဝမထားရှိဘဲ ပိတ်ပင်ရန် တိုက်တွန်းလိုပါကြောင်း၊ အလွန်ပင်ပန်းဆင်းရဲပြီး အဆိုးဆုံးသော အလုပ်ကြမ်းမျိုး ဖြစ်သည့်အတွက် နာတာရှည် ရောဂါစွဲကပ်ပြီး အကျဉ်းစခန်းမှ လွတ်သော်လည်း ပြင်ပတွင် ရောဂါအခံကြောင့် သေဆုံးရန်သာ များသည့်အတွက် အလုပ်သမားအခွင့်အရေး ILO ၏ စံနှုန်းများနှင့် ကိုက်ညီမှုမရှိသည်ကို လက်ခံစဉ်းစားပြီး အလုပ်ကြမ်းများ ခိုင်းစေခြင်းစသည် မသင့်တော်သည့်အချက်အဖြစ် ထောက်ပြမှုသည် ပြုပြင်သင့်သည့် လုပ်ရပ်ဖြစ်သောကြောင့် ကြိုဆိုပါကြောင်း။ 

အပြင်လောကတွင် တက္ကသိုလ်ဝင်တန်းပညာကို ခဲရာခဲဆစ် သင်ကြားနေရချိန်၊ အောင်မြင်ရန် ခက်ခဲနေချိန်တွင် ရန်ကုန်၊ မန္တလေး ဗဟိုအကျဉ်းထောင်တို့၏ အောင်ချက်များ ပိုမိုမြင့်တက်နေပါကြောင်း၊ သင်ကြားပေးလျက်ရှိသည့် ထောင်တွင်း အကျဉ်းစံ ဆရာများ၏ တစ်နှစ်တာလုံး ကြိုးစားအားထုတ်မှုများအတွက် အသိအမှတ်ပြုသည့် အနေဖြင့် ၎င်းတို့ကိုလည်း လျော့ရက်၊ လွတ်ရက်များ သက်သာခွင့်ပေးနိုင်ရန် အမျိုးသာ လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် မှတ်ချက်ပြု ထောက်ခံပေးထားမှုကို ထိထိရောက်ရောက် အကောင်အထည်ဖော်သင့်ပါကြောင်း ဆွေးနွေးသည်။

သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်က အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေ ကျပ်တည်းမှုကို လေ့လာသည့်အခါ မူးယစ်ဆေးဝါးအမှုဖြင့် အကျဉ်းကျသည့်ဦးရေသည် သာမန်အမှုများဖြင့် အကျဉ်းကျသည့် ဦးရေထက် အလွန်များပြားနေသည်ကို သိရသည့်အတွက် ကော်မရှင်၏ အစီရင်ခံစာပါ အပိုဒ် ၁၀၆၊ ၁၀၇ ပါအတိုင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရန် ကော်မရှင်အနေဖြင့် ပေါင်းစပ် ညှိနှိုင်း တိုက်တွန်းပေးရန်လည်း လိုအပ်ပါကြောင်း၊ ထို့ပြင် အကျဉ်းထောင်များ၌ မူးယစ်ဆေးဝါးများ ဖမ်းဆည်းရမိသည့် အခြေအနေများ ဖြစ်နေပြီဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် အထူးဂရုပြုပြီး ပင်မထုတ်လုပ်ဖြန့်ဖြူး နေသူများကို ကြိုးစားဖော်ထုတ် အရေးယူရန် လိုအပ်ပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် ပညာပေးခြင်း၊ တရားဥပဒေစိုးမိုးမှုကို ထိရောက်စွာ ဆောင်ရွက်ပေးခြင်း၊ ပြစ်မှုကျူးလွန်သူများ နည်းပါးလာအောင် ဆောင်ရွက်ပေးခြင်းဖြင့် အကျဉ်းသား ဦးရေလျော့နည်းစေမည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။ 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦး၊ စဥ့်ကိုင်မဲဆန္ဒနယ်မှ ဒေါက်တာကြည်မို့မို့လွင့်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်၊ အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာ၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုး၊ ဗဟန်းမဲဆန္ဒနယ်မှ ဦးထွန်းမြင့်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ  ဒေါက်တာသန်းဝင်း၊ ပဲခူးမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ရွှေပုံ၊ မရမ်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်မေဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊  ဗန်းမော် မဲဆန္ဒနယ်မှ ဦးအောင်သိန်း၊ ဒီပဲယင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဦးနေကျော်၊  စမ်းချောင်းမဲဆန္ဒနယ်မှ ဦးဘိုဘိုဦး၊ ဒလမဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်း၊ ဒေါပုံ မဲဆန္ဒနယ်မှ ဦးဌေးဝင်းအောင်(ခေါ်)ဦးပြုံးချို၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်၊ တောင်ကုတ် မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်နှင့် ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်တို့က ဆွေးနွေးကြသည်။

ပြည်ထောင်စုလွှတ်တော် နာယကက အထက်ပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဆောင်ရွက်ရန်လျာထားကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စု အစိုးရအဖွဲ့မှပေးပို့သော ၂၁၀၈-၂၀ဝ၁၉ ခု၊ ဘဏ္ဍာ ရေးနှစ် ပထမ ၆ လပတ် အမျိုးသားစီမံကိန်း အစီရင်ခံစာနှင့် ၎င်းအပေါ် ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၉/၂၀၁၉)တို့နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

တနသာၤရီတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးခင်မျိုးဝင်းက ပြည်သူငွေစာရင်း ပူးပေါင်းကော်မတီ၏ (၉/၂၀၁၉) အစီရင်ခံစာ အကြံပြုချက်အတိုင်း EDB ညွှန်းကိန်းအဆင့်တိုး တက်ကောင်းမွန်လာရန် ပြည်တွင်းပြည်ပ ကျွမ်းကျင် ပညာရှင်များ၏ အကြံဉာဏ်၊ အတွေ့အကြုံများအတိုင်း လေ့လာကြိုးပမ်းဆောင်ရွက်ရမည့်အပြင် နိုင်ငံတော်အစိုးရ၏ ဌာနအသီးသီးတွင်ရှိသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်တွင် ဖြတ်ကျော်နေရဆဲ ကြိုးနီစနစ်များကို လုံးဝဖြေလျှော့ပြီး နိုင်ငံတော်အနေဖြင့် အာမခံချက် အပြည့်အဝပေးနိုင်မှသာ Ease of Doing Business ညွှန်းကိန်းတိုးမြှင့်ရန်အတွက် လက်တွေ့အကောင်အထည်ဖော်ရာ ရောက်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ထိထိရောက်ရောက် ဆွဲဆောင်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။  

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းက JV, Law မရှိခြင်း၊ ကြိုက်သလို အပေးအယူ ညှိနေရခြင်း၊ အစိုးရပါဝင်သည့် ရင်းနှီးမြှုပ်နှံမှုများဖြစ်၍ အချိန်ကြာမြင့်နေခြင်းများ စသည့် အဓိကအကြောင်းရင်းများကြောင့် စီမံကိန်းများ အကောင်အထည် မဖော်နိုင်ခြင်းဖြစ်ပါကြောင်း၊  သူဌေးစီမံကိန်းသည် ယခုအခါ (၉)နှစ် ကျော်သွားပြီဖြစ်သော်လည်း ပြီးစီးရန်နောက်ထပ် (၆) နှစ်ကျော် စောင့်ရဦးမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်က လိုအပ်နေသည့် လျှပ်စစ်မီးရရှိရေး ရည်မှန်းချက်ကို အထောက်အကူပြုရန် နိုင်ငံခြား Consultant များကို ငှားရမ်းထားရသဖြင့် စီမံကိန်း  ကုန်ကျစရိတ် သက်သာသည်ဆိုသည်မှာ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားရန် လိုအပ်ပါကြောင်း၊ တိုင်းပြည်အတွက် ဝန်ထုတ်ဝန်ပိုး အနည်းဆုံးဖြင့် လျှပ်စစ်မြန်မြန်ရရှိနိုင်မည့် နည်းလမ်းကောင်းများကို အသုံးပြုပြီး စီမံကိန်းများကိုဆောင်ရွက်ခြင်းဖြင့် ၂၀၃၀ ခုနှစ် တစ်နိုင်ငံလုံး မီးလင်းရေးစီမံချက်သည် အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်၊  ကျောက်ဆည် မဲဆန္ဒနယ်မှ ဒေါက်တာ တင်အောင်၊ ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ  ဒေါက်တာဦးကြွယ်ကြွယ်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅)မှ ဦးမောင်မောင်အုန်း၊ ပြည်မဲဆန္ဒနယ်မှ  ဒေါက်တာခင်စိုးစိုးကြည်၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦဥက္ကာမင်းတို့က ဆွေးနွေးကြသည်။

ပြည်ထောင်စုလွှတ်တော် နာယကက အထက်ပါအစီရင်ခံစာများနှင့်စပ်လျဉ်း၍ ကျန်ရှိသည့် အစီအစဉ်များကို ဆက်လက်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆောင်ရွက်ရန် လျာထားကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့ထားသော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင် ခံစာနှင့် ၎င်းအပေါ်ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၉/၂၀၁၉) တို့နှင့်စပ်လျဉ်း၍  လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးက ပထမ ၆ လပတ် လျာထားအသုံးစရိတ်ကို ရခိုင်နှုန်းပြည့် အပြည့်အဝ မသုံးစွဲနိုင်သကဲ့သို့ တစ်နှစ်လုံး၏ မူလခန့်မှန်းခြေနှင့် နှိုင်းယှဉ်တွက်ချက်ကြည့်လျှင် အသုံးစရိတ်များသည် ၅၀ ရာခိုင်နှုန်း မကျော်သည်ကို တွေ့မြင်နိုင်ပါကြောင်း၊ ဘဏ္ဍာရေးနှစ်တစ်နှစ် ကုန်ခါနီးတွင် ဖြည့်စွက်ရန် ပုံငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းများ ရေးဆွဲတင်ပြသည့်အခါ အသုံးစရိတ်များတွင် ပိုငွေပြန်အပ်ခြင်းများ မတွေ့ရဘဲ အသုံးစရိတ် ထပ်မံတောင်းခံကြခြင်းကို သာတွေ့မြင်ရပါကြောင်း။

သို့ပါ၍ ဘဏ္ဍာရေးနှစ် တစ်နှစ်၏ ပထမ ၆ လပတ် ရငွေသုံးငွေများတင်ပြ အတည်ပြုသည့်အခါ စီမံကိန်းများကိုသာ ကြည့်ရှုအတည်ပြုခြင်းမဟုတ်ဘဲ ပြုပြင်ပြီးခန့်မှန်းခြေရေးဆွဲရာတွင် မှန်ကန်သော ကိန်ဂဏန်းများရရှိစေရန် ဘဏ္ဍာရေးနှစ်၏ ပထမ ၆ လပတ်စာရင်းများကို အခြေခံ၍ သေချာစွာ စိစစ်ရေးဆွဲအတည်ပြုသွားရန် အရေးကြီးပါကြောင်း သို့မှသာ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့်အခါ ခွင့်ပြု အသုံးစရိတ်များအား အသုံးမပြုနိုင်သဖြင့် ပြန်အပ်ငွေများမရှိတော့ဘဲ ထိရောက်သော အသုံးစရိတ်များ ဖြစ်မည်ဖြစ်ကြောင်း ဆွေးနွေးသည်။ 

ဆက်လက်၍ ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာ ခွန်ဝင်းသောင်း၊ ရေကြည်မဲ ဆန္ဒနယ်မှ ဒေါက်တာစံရွှေဝင်း၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊ လှိုင်ဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုနှင့် တိုက်ကြီးမဲဆန္ဒနယ်မှ ဦးကျော်မြင့်တို့က ဆွေးနွေးကြသည်။

ပြည်ထောင်စုလွှတ်တော် နာယကက အထက်ပါ အစီရင်ခံစာများနှင့် စပ်လျဉ်း၍ ကျန်ရှိသည့် အစီအစဉ်များကို ဆက်လက်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆောင်ရွက်ရန် လျာထားကြောင်း ကြေညာပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။ 

သတင်း- မော်စီ၊ မွှေးကြူဇင်
ဓာတ်ပုံ-ထန်းဖုန်