ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

နေပြည်တော် ၁၇ ဇူလိုင် 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့တွင် ဝန်ကြီးများ ခန့်အပ်တာဝန်ပေးအပ်ခြင်းကို တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင် ကြောင်း ကြေညာသည်။ 

ထို့နောက် မြန်မာနိုင်ငံ အမျိုသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ကော်မရှင်၏ ၂၀၁၈ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍  ရှင်းလင်းတင်ပြရာတွင် သတ်မှတ်ထားသည့် အကျဉ်းသား အရေအတွက်ထက် ၅၀ ရာခိုင်နှုန်းကျော်လွန်နေသည့် အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေ လျှော့ချနိုင်ရေး နည်းလမ်းရှာဖွေ သင့်ပါကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲနေသူများကို ဖမ်းဆီးအကျဉ်းချခြင်းထက် အသိပညာပေးဟောပြောခြင်း၊ လူမှုရေးနည်းဖြင့် ပြစ်ဒဏ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက် မှုပေးခြင်းများပြုလုပ်ပြီး မူးယစ်ဆေးဝါး ဖြန့်ဝေရောင်းချနေသူကိုသာ ဖမ်းဆီးနိုင်ရေး အဓိကထားဆောင်ရွက်သင့်ပါကြောင်း။

ကျောက်ထုတ်လုပ်သည့် ကုန်ထုတ်စခန်းများတွင် လေးလံသည့်ဝန်များကို ထမ်းပိုး၊ ထုရိုက်ရသည့်အလုပ်များကို နေ့စဉ်နှစ်ရှည်လုပ်ကိုင်နေရမည်ဆိုပါက အမျိုးသမီးများအတွက် သားအိမ်ဆိုင်ရာ ထိခိုက်မှုများဖြစ်လာနိုင်သည့်အတွက် အမျိုးသမီးကုန်ထုတ် စခန်းများကိုပိတ်ပင်ရန် စဉ်းစားသင့်ပါကြောင်း၊ အကျဉ်းသားဦးရေအလိုက် သောက်ရေလိုအပ်ချက်နှင့်ကိုက်ညီသည့် ရေသန့်စက်များကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် နှစ်စဉ် စီမံချက်ချမှတ် တပ်ဆင်ပေးရန် လိုအပ်ပါကြောင်း၊ အကျဉ်းသားများ၏ ကျန်းမာရေးအတွက် လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများ ဖြည့်စွက်ခန့်ထားပေးသင့်ပါကြောင်း။

သက်မွေးဝမ်းကြောင်းပညာ သင်ကြားပေးခြင်းကို အင်းစိန်နှင့် မန္တလေးဗဟို အကျဉ်းထောင်တို့တွင် ပီပြင်စွာဆောင်ရွက်နေသည်ကို တွေ့ရှိရသကဲ့သို့ ကျန် အကျဉ်း ထောင်များတွင်လည်း သက်မွေးပညာသင်တန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် လည်းကောင်း၊ ပုဂ္ဂလိက သက်မွေးပညာ သင်တန်းကျောင်းများနှင့် လည်းကောင်း ဆက်သွယ်၍ ဖွင့်လှစ်ပေးသင့်ပါကြောင်း၊ လူငယ်အကျဉ်းသားများ၏ ပညာသင်ကြားမှု အဆက်မပြတ်စေရေးကိုလည်း အင်းစိန်၊ မန္တလေး၊ အိုးဘိုဗဟိုအကျဉ်းထောင်များတွင် ကြိုးစားဆောင်ရွက်မှုများ တွေ့ရှိရသကဲ့သို့ ကျန်အကျဉ်းထောင်များတွင်လည်း ဆောင်ရွက်ပေးသင့်ပါကြောင်း၊ ဂုဏ်ထူးများဖြင့် အောင်မြင်ကြသည့် အကျဉ်းသားလူငယ်များကို လွတ်ငြိမ်းချမ်းသာခွင့်နှင့် လျှော့ပေါ့သက်သာခွင့်များ ပေးသကဲ့သို့ သင်ကြားပေးသည့် အကျဉ်းသား ဆရာများကိုလည်း အလားတူ လျှော့ပေါ့သက်သာခွင့်များ ပေးသင့်ပါကြောင်း။

မြန်မာနိုင်ငံ အမျိုသားလူ့အခွင့်အရေးကော်မရှင်ရုံးသည် လူ့အခွင့်အရေးအသိ ပညာပေးခြင်း၊ လူ့အခွင့်အရေး ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နိုင်ငံတော်အစိုးရသို့ ဥပဒေရေးရာအကြံပြုချက်များပေးပို့ခြင်း၊ ကုလသမဂ္ဂအပါအဝင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်သည့်နေရာတွင် နိုင်ငံတော်အစိုးရ၏ အားပေးကူညီထောက်ပံ့မှု၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ ပူးပေါင်းကူညီဆောင်ရွက်မှုများ အထူးလိုအပ်လျက်ရှိပါကြောင်း။ 

လက်ရှိအခြေအနေတွင် ယခင်နှစ်များကထက် ပိုမိုတိုးတက်ပူးပေါင်း ဆောင်ရွက်လာမှုများ ရရှိလာသည်ကို တွေ့မြင်ရသည့်အတွက် မြန်မာနိ်ုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများ တိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း ရှင်းလင်းပြောကြားသည်။ 

ပြည်ထောင်စုလွှတ်တော်နာယကက အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏  ဘဏ္ဍာငွေအရအသုံးဆိုင်ရာ  ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍  ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ရှင်းလင်း တင်ပြကြသည်။

နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏  ဘဏ္ဍာငွေအရအသုံးဆိုင်ရာ  ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် နိုင်ငံတော်သမ္မတရုံးတွက် အသုံးစရိတ်ကို ရသုံးမှန်ခြေငွေစာရင်း ဦးစီးဌာနက သတ်မှတ်ထားသော အသုံးစရိတ်ဘောင်အတွင်း ရေးဆွဲထားပါကြောင်း။

သာမန်အသုံးစရိတ်သည် ငွေကျပ် ၉၁၉၈ ဒသမ ၇၂၆ သန်းနှင့် ငွေလုံးငွေရင်း အသုံးစရိတ်သည် ငွေကျပ် ၈၆၁၉ ဒသမ ၉၃၅ သန်းဖြစ်ပါကြောင်း၊ ငွေလုံးငွေရင်း အသုံးစရိတ်ခေါင်းစဉ်အောက်တွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနရုံး တည်ဆောက်ခြင်းအတွက် ငွေကျပ် ၈၆၀၆ ဒသမ ၂၄၉ သန်းနှင့် ရုံးသုံးစက်ကိရိယာပစ္စည်းများနှင့် ရုံးသုံးပရိဘောဂများဝယ်ယူရန်  ငွေကျပ် ၁၃ ဒသမ ၆၈၆ သန်းဖြစ်ပါကြောင်း၊ သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်း အသုံးစရိတ် စုစုပေါင်းသည် ငွေကျပ် ၁၇၈၁၈ ဒသမ ၆၆၁ သန်းဖြစ်ပါကြောင်း၊ ယခုတင်ပြထားသည့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ပါဝင်သည့် နိုင်ငံတော်သမ္မတရုံး၏ ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေငွေစာရင်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပါရန် ရှင်းလင်းပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်ရုံး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးခင်မောင်သန်းက ဝန်ထမ်းများအတွက် လစာစရိတ်ငွေကျပ် ၉၀၁ ဒသမ  ၉၂၉ သန်း အပါအဝင်၊ လွှတ်တော်အစည်းအဝေးကျင်းပရေးဆိုင်ရာနှင့် ရုံးလုပ်ငန်းဆိုင်ရာ အုပ်ချုပ်မှုအသုံးစရိတ်များအတွက် ငွေကျပ် ၁၂၉၀ ဒသမ ၃၃၁ သန်း၊ အတိုးပေးငွေကျပ် ၁၈ ဒသမ ၂၃၉ သန်းနှင့် အရေးပေါ်ရန်ပုံငွေအတွက် ခွင့်ပြုထားငွေကျပ်သန်း ၄၀ စုစု ပေါင်းငွေကျပ် ၁၃၄၈ ဒသမ ၅၇၀ သန်း လျာထားတင်ပြထားပါကြောင်း။ 
ငွေလုံးငွေရင်းအသုံးစရိတ်တွင်လည်း သုံးစွဲရန် လိုအပ်သည့် ကိစ္စရပ်များအတွက် ငွေကျပ် ၂၆ ဒသမ ၁၂၅ သန်းကိုသာ သတ်မှတ်မူဘောင်အတွင်းမှ လျာထားတင်ပြထားပါကြောင်း၊ ပြည်ထောင်စုအဆင့် လွှတ်တော်ရုံးသုံးရပ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်ရုံးများအတွက် ICT Infrastructure လုပ်ငန်းများဆောင်ရွက်ရန် အမေရိ ကန်ဒေါ်လာ ၁၃၈၀ဝ၀ နှင့်ညီမျှသည့် ငွေကျပ် ၂၁၀ ဒသမ ၄၅၀ သန်းကို ငွေလုံးငွေ ရင်းအသုံးစရိတ်၊ ချေးငွေနှင့် အကူအညီရငွေခေါင်းစဉ်တွင် ထည့်သွင်းလျာထားခြင်း ဖြစ်ပါကြောင်း၊ အသုံးစရိတ်တင်ပြချက်များအပေါ် ဘဏ္ဍာရေးကော်မရှင်ကလည်း  ခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စုလွှတ်တော်ရုံးက တင်ပြထားသည့် သာမန်အသုံး စရိတ်ငွေကျပ် ၁၃၄၈ ဒသမ ၅၇၀ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် ၂၃၆ ဒသမ ၅၇၅ သန်း၊ စုစုပေါင်း ငွေကျပ် ၁၅၈၅ ဒသမ ၁၄၅ သန်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းပြေကြားသည်။ 

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်သည့်အတွက် ယနေ့ ပြည်ထောင်စုလွှတ်တော် တင်သွင်းခဲ့သည့်  ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ် စုစုပေါင်း ငွေကျပ်သန်းပေါင်း ၇၂၁၅၁ ဒသမ ၂၉၉ နှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုပေးနိုင်ပါရန် ရှင်းလင်းပြောကြားသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ အမျိုးသားစီမံကိန်းနှင့်အညီ ဘဏ္ဍာငွေ အခြေအနေအပေါ်ချင့်ချိန်လျက် နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် ဆောင်ရွက်ရန် လိုအပ်သည့် ဝန်ကြီးဌာန၏ နှစ်အလိုက် စီမံကိန်းလုပ်ငန်းများနှင့် အကြီးအကဲခရီးစဉ်၊ လွှတ်တော်ကတိကဝတ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှတင်ပြချက်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၏ တင်ပြချက်များ၊ ငြိမ်းချမ်းရေးနှင့် (IDP) ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများ၏ စားဝတ်နေရေးကိစ္စရပ်များနှင့် စပ်လျဉ်းသော နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုသာ ရန်ပုံငွေအနည်းဆုံးဖြင့် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လျာထားတောင်း ခံထားခြင်းဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၉- ၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၊ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့်စပ်လျဉ်း၍ တင်ပြလျာထားချက်များအပေါ် အကြံပြုပေးနိုင်ပါရန်နှင့် အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏  ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ပြည်သူ့လွှတ်တော်ရုံး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ဘဏ္ဍာ ငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊  အမျိုးသားလွှတ်တော်ရုံး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ စောသန်းထွဋ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ တရားလွှတ်တော်ချုပ်ရုံး တရားသူကြီး ဦးမြင့်အောင်၊  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ခုံရုံးအဖွဲ့ဝင် ဦးမြင့်ဝင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း ပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ် ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ရှင်းလင်းပြောကြားကြသည်။

ပြည်ထောင်စုလွှတ်တော် နာယကက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ရှင်းလင်းရန်ကျန်ရှိသည့် ဌာနများအနေဖြင့် ဇူလိုင် ၂၂ ရက်တွင် ကျင်းပမည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့တွင် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကြေညာပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။

သတင်းစဉ်