ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ

နေပြည်တော် ၁ သြဂုတ်
    

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀ဝ၈ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။ 


လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုမစတင်မီပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ဆွေးနွေးရန်ကျန်ရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးခြင်း အစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစီရင်ခံစာအပေါ် ပြီးခဲ့သည့်လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးသွားကြသည့် လွှတ်တော်ကိုယ်စားလှယ်အချို့၏ ဆွေးနွေးချက်များသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေသည့်မသင့်တော်သော အသုံးအနှုန်းများဖြင့် လွတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်၍ ဆွေးနွေးကြသည့်အတွက် ယင်းအသုံးအနှုန်းများကို လွှတ်တော်မှတ်တမ်းတွင် ပယ်ဖျက်ခဲ့ရပါကြောင်း။


ထို့ပြင် အစီရင်ခံစာပါအကြောင်းအရာများ၊ အကြံပြုချက်များ၊ သုံးသပ်တင်ပြချက်များ အပေါ်တွင်သာ ဆွေးနွေးကြရန်  အသိပေးမှာကြားခဲ့သော်လည်း ဆွေးနွေးကြသည့်အခါ ဥပဒေ ကြမ်းတစ်ရပ်အပေါ်ဆွေးနွေးသကဲ့သို့ ပြင်ဆင်ရန် အကြံပြုချက်များကိုပါဖော်ပြပြီး ဆွေးနွေးကြသည်ကို တွေ့ရပါကြောင်း၊ သို့ဖြစ်၍ယနေ့တွင် ဆွေးနွေးကြမည့် လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် အစီရင်ခံစာပါ အကြောင်းအရာများကို ဆွေးနွေးကြရန်နှင့် ဌာန၊ အဖွဲ့အစည်းတစ်ခုခု၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ တိုင်းရင်းသားလူမျိုးစုတစ်ခုခုကို ထိခိုက်နစ်နာ စေမည့် ဆွေးနွေးချက်များကို ထည့်သွင်းဆွေးနွေးခြင်းမပြုကြရန်နှင့် လွှတ်တော်၏ဂုဏ်သိက္ခာ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာတို့နှင့် လျော်ညီစွာဆွေးနွေးသွားရန် ထပ်မံအသိ ပေးမှာကြားလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
    

မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို မိမိတို့ မကန့်ကွက်ပါကြောင်း၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် ပြင်ဆင်သင့်သည့်အချက်များကို ပြင်သင့်သည့်အချိန်ကာလတွင် ပြင်ဆင်ရန်သဘောထားရှိပြီးဖြစ်ပါကြောင်း၊ သို့သော်လည်း ဥပဒေနှင့်အညီဖြစ်စေရန် ဂရုပြုရမည်ဖြစ်ပါကြောင်း၊ မိမိတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၅ ပါ ဇယားနှင့်အညီ ကတိသစ္စာပြုထားကြသူများ ဖြစ်ပါကြောင်း၊ ယင်းကတိသစ္စာကို မိမိတို့အားလုံး လိုက်နာရန် လိုအပ်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
    

ကယားပြည်နယ်မဲဆန္ဒနယ်အမှတ် (၉)မှ ဦးစိုးသိန်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်မည်၊ ပယ်ဖျက်မည်၊ ဖြည့်စွက်မည်ဆိုပါက လေးလေးနက်နက် ကျယ်ကျယ်ပြန့်ပြန့် အချိန်ယူဆောင်ရွက်ရန် လိုပါကြောင်း၊ (၄၅)ဦး ကော်မတီ၏ ပြင်ဆင်ချက် ၃၇၆၅ ချက်ကို မည်ကဲ့သို့သော မူ၊ Criteria များဖြင့် ဦးစားပေးရွေးချယ်မည်ကို သိလိုပါကြောင်း၊ ထို့အတူ ပြင်သင့်သည်မှန်သော်လည်း လုပ်ချင်သည်၊ လုပ်သင့်သည်၊ လုပ်နိုင်သည်များကို ညှိနှိုင်းဆောင်ရွက်ပါက ပို၍အဆင်ပြေမည်ဟု ယူဆပါကြောင်း၊ ယခု (၄၅)ဦး ကော်မတီဝင်များ အားလုံးသည် ဥပဒေပညာရှင်များ မဟုတ်ပါကြောင်း၊ အကြံပြုလိုသည်မှာ တစ်အုပ်လုံး အသစ်ရေးဆွဲသကဲ့သို့ တွေ့ရသည့်အတွက် ပြည်သူအားလုံးနှင့်ဆိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲရေး ကော်မရှင်တစ်ရပ်ကို ဥပဒေပညာရှင်များ၊ သမိုင်းပညာရှင်များ၊ တတ်သိပညာရှင်များ၊ တိုင်းရင်းသား ၁၃၅ မျိုးကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ နိုင်ငံဝန်ထမ်းကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးဆောင်ရွက်နေသော လက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်များ၊ ဖိတ်ကြားသင့်သည့် ကိုယ်စားလှယ်များ၊ တောင်သူလယ်သမား၊ အလုပ်သမားကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့များဖြင့် ဆောင်ရွက်သင့်ပါကြောင်းနှင့် အစီရင်ခံစာပါ အပိုဒ် ၂၃ ကို ကန့်ကွက်ပါကြောင်း ဆွေးနွေးသည်။
    

မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းက ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဆန္ဒရှိခြင်းသည် ဒီမိုကရေစီကို မြတ်နိုးပြီး ဖက်ဒရယ်စနစ်ကို ယုံကြည်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူကိုသစ္စာရှိခြင်းလည်းဖြစ်ပါကြောင်း၊ ဖြစ်ချင်သည်၊ ဖြစ်သင့်သည်၊ ဖြစ်နိုင်သည်များကို လုပ်ပိုင်ခွင့်ရှိသည့်သူများက ညှိနှိုင်းအဖြေရှာရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဆွေးနွေးကြသည့် အခါတွင် ပညာရှိသတိဖြစ်ခဲဆိုသကဲ့သို့ မီးလောင်ရာလေပင့် မဖြစ်ရလေအောင်၊ အလဟသ အဖြစ်မျိုးမကြုံရလေအောင် သတိပေးတိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။
    

လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း ပုဒ်မ ၄၃၄တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းရမည်ဖြစ်ပါကြောင်း၊ ပုဒ်မ ၄၃၃ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ပြင်ဆင်လိုပါက သတ်မှတ်ထားသော နည်းလမ်းအတိုင်းဆောင်ရွက်ရမည်ဟု ပြဌာန်းထားပါကြောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာတွင် ရှင်းရှင်းလင်းလင်းမရှိပါသဖြင့် ဆက်လက်ဆောင်ရွက်ရန် မသင့်ပါကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၁၂)အတိုင်း ပြင်ဆင်သင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။


တာမွေမဲဆန္ဒနယ်မှ ဦးတိုးဝင်းက ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကိုလေ့လာသည့်အခါ ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေတွင်ပါရှိသည့် ပုဒ်မ၊ ပုဒ်မခွဲများကို လေ့လာသုံးသပ်ဆင်ခြင်ကြပြီး ပြင်ဆင်ရန်၊ အသစ်ဖြည့်စွက်ရန်၊ ပယ်ဖျက်ရန်၊ မူလအတိုင်းထားရှိရန် စသည်ဖြင့် လွတ်လပ်စွာ မီးမောင်းထိုးပြအကြံပြုခဲ့သည်ကို တွေ့ရပါကြောင်း၊ ပူးပေါင်းကော်မတီတွင် ပါဝင်အကြံပြုဆွေးနွေးကြသည့် ကိုယ်စားလှယ်များသည် မြန်မာပြည်တစ်နံတစ်လျားတွင်ရှိကြသည့် တိုင်းရင်းသား မိဘပြည်သူများမှ ရွေးချယ်တင်မြှောက်ထားသည့် နိုင်ငံရေးပါတီ ၁၄ ခုမှ ကိုယ်စားပြု ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များဖြစ်ကြသဖြင့် ဤအစီရင်ခံစာသည်လည်း ပြည်သူ့ကိုယ်စားပြုအစီရင်ခံစာ ဖြစ်ကြောင်းကို မည်သူမျှငြင်းပယ်၍မရအောင် ထင်ရှားပါကြောင်း။
    

မိမိတို့အားလုံးသည် အခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းရာတွင် မိမိတို့အပါအဝင် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၊  သားစဉ်မြေးဆက်များ၏ နောင်အနာဂတ်အရေး ယခုထက် ပိုမိုထွန်းလင်းတောက်ပလာနိုင်ရန် မျှော်ကိုးပြီး မိမိတို့၏ ဆောင်ရွက်ချက်များကို တာဝန်အရ၊ ဝတ္တရားအရဆိုသည်ထက် ဖြူစင်သောမေတ္တာ၊ နိုင်ငံသူနိုင်ငံသားများအပေါ်ထားရှိသည့် သစ္စာ တရားတို့ကို မမှိတ်မသုန် အရင်းတည်ကာ ဖြစ်ချင်သည်၊ ဖြစ်နေသည်၊ ဖြစ်သင့်သည်တို့ကို အရင်းတည်ပြီး စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်မှသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးဆီသို့ အရောက်လှမ်းနိုင်စေရေးငှာ စည်းလုံးခြင်းသည် ချမ်းသာကြောင်းဆိုသည့် ဆောင်ပုဒ်နှင့်အညီ စုပေါင်းအင်အားဖြင့် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာနှင့် လုပ်ငန်းစဉ်များကို ထောက်ခံအားပေးကြရန် မေတ္တာရပ်ခံပါကြောင်း ဆွေးနွေးသည်။


လဟယ်မဲဆန္ဒနယ်မှ ဦးသက်နောင်ကပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လေ့လာကြည့်သည့်အခါ ပြည်ထောင်စုလွှတ်တော်အတွင်းတွင် ရှိကြသည့် နိုင်ငံရေးပါတီများ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များနှင့် တပ်မတော်သား အစုအဖွဲ့ကိုယ်စားလှယ်များ၏ ပြင်ဆင်ရန်၊ အသစ်ဖြည့်စွက်ရန်၊ ပယ်ဖျက်ရန်နှင့် မူလအတိုင်းထားရှိရန် သဘောထားမှတ်ချက် စသည်ဖြင့် ဖော်ပြထားသည်ကို ပုဒ်မတစ်ခုချင်းစီအလိုက် အကြံပြုချက်များ၊ အဆိုပြုချက်များဖြင့် နောက်ဆက်တွဲဇယားနှင့်အတူ စုစည်းတင်ပြထားသည်ကို လေ့လာခြင်းအားဖြင့် ကော်မတီအနေနှင့် အစီရင်ခံစာ၏ အပိုဒ် ၃ ပါ ဦးတည်ချက်ငါးရပ်ကို အခြေခံပြီး လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရပါကြောင်း၊ အဆိုပြုချက်ပေါင်း ၃၇၆၅ ချက် ရှိသည်ကို ကြည့်ခြင်းအားဖြင့် လက်ရှိ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသား ပြည်သူလူထုများ၏ စစ်မှန်သည့် ဆန္ဒသဘောထားများနှင့် ကိုက်ညီရန် ဒီမိုကရေစီစံနှုန်းများနှင့်လည်း ကိုက်ညီရန် လိုအပ်နေသေးသည်ကို ဖော်ပြထားပါကြောင်း။


မိမိတို့နိုင်ငံတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီး အတိတ်ကာလက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များသည် ယနေ့ခေတ်အထိ ဖြေရှင်းနိုင်ရန် ကြိုးစားနေရဆဲ ရှိသေးသကဲ့သို့ တိုင်းပြည်သည်လည်း ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရန် ရုန်းကန်နေရဆဲဖြစ်ပါကြောင်း၊ ယင်းတို့ကို သင်ခန်းစာယူကြပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးကို ပိုမိုအထောက်အကူပြုစေပြီး ဒီမိုကရေစီစနစ် ပိုမိုအားကောင်းလာစေနိုင်မည့် ပြင်သင့် ပြင်ထိုက်သည့် အချက်များကို ယခုလိုအချိန်ကောင်းအခါကောင်းတွင် ပြင်ဆင်နိုင်မှသာ တိုင်းပြည်၏ ပြည်တွင်းအင်အားများကို အချိန်မီစုစည်းနိုင်မည်ဖြစ်ပြီး အရှိန်အဟုန်ဖြင့် ဘက်ပေါင်းစုံ တိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ပူးပေါင်းကော်မတီ၏ အစီအရင်ခံစာ သုံးသပ်ချက် အပိုဒ် ၂၂ နှင့် အပိုဒ် ၂၄ တို့အရ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ် ပြုစုရေးဆွဲပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တင်သွင်းသွားရန်ရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း။


ဒီမိုကရေစီစနစ်အရ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အချုပ်အခြာအာဏာ မူရင်း ပိုင်ရှင်များဖြစ်ကြသည့် ပြည်သူများ၏ ဆန္ဒသဘောထားကို အခြေခံပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရာတွင် အထောက်အကူပြုစေနိုင်မည့် ပြင်သင့်ပြင်ထိုက်သည့် အချက်များကို အမြင်ကျယ်ကျယ် သဘောထားစိတ်ရင်းမှန်ကန်စွာဖြင့် အပြန်အလှန်ညှိနှိုင်း ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းသား ပြည်သူလူထု၏ အကျိုးကို မျှော်ကိုးကာ ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် ထောက်ခံဆွေးနွေးသည်။


ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးရည်မွန်(ခေါ်)ဦးတင်သစ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ပါက ငြိမ်းချမ်းရေးနှင့် ပိုမိုနီးစပ်လာမည်ဖြစ်ပါကြောင်း၊ ထို့အတူ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းမှု၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတို့နှင့်ပါ  ပိုမိုနီးစပ်လာမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်း သည်နှင့်အမျှ လူမှုစီးပွားရေးအခြေအနေလည်း ပိုမိုကောင်းမွန်လာဖွယ်ရှိပါကြောင်း၊ ဖွဲ့စည်းပုံမပြင်နိုင်ပါက ဒီမိုကရေစီသဘောအရ ပြည်သူကရွေးကောက်တင်မြှောက်သည့် အစိုးရတစ်ရပ်က အုပ်ချုပ်သည်ဆိုသော်လည်း ယင်းအစိုးရသည် တိုင်းရေးပြည်ရာကိစ္စများတွင် အပြည့်အဝ တာဝန်ယူခွင့်မရသည့် အခြေအနေဖြစ်ပါကြောင်း။


(၄၅)ဦးကော်မတီတွင် ပါဝင်သူအားလုံးသည် အပြုသဘောဆောင်သည့် စိတ်ဓာတ်နှင့် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်နေကြခြင်း ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်ကို အခန်း(၁၂)နှင့် ဆီလျော်အောင် ဆောင်ရွက်နိုင်ရန် လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေး ဥပဒေမူကြမ်းတစ်ရပ် ပေါ်ပေါက်လာသည်အထိ ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် မိမိတို့နိုင်ငံ၌ ပိုမိုပြီး ဒီမိုကရေစီ ပီသသည့်၊ ဖက်ဒရယ်သက်ဝင်သည့်ဖွဲ့စည်းပုံတစ်ခုဖြစ်အောင် ပြုပြင်ပြောင်းလဲရန် တာဝန်သည် ပြည်ထောင်စုလွှတ်တော်ကြီး၏ ရှေ့မှောက်တွင်ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ယင်းသည်အခွင့် အလမ်းလည်းဖြစ်ပါကြောင်း၊ ယင်းအခွင့်အလမ်းကို မိမိတို့ အမိအရဆုပ်ကိုင်ပြီး တာဝန်ကျေပွန်သည့် လွှတ်တော်ကိုယ်စားလှယ်များဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံအတွက် သမိုင်းသစ်ကိုရေးရန် အချိန်အခါနှင့် အခြေအနေဖြစ်ပါကြောင်း ဆွေးနွေးသည်။


အလားတူ မိုင်းယန်းမဲဆန္ဒနယ်မှ ဦးစိုင်းဆမ်၊ ကယားပြည်နယ်မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်သန်း၊ မိုင်းခတ်မဲဆန္ဒနယ်မှ ဦးစဲကီကော်၊ မိုင်းရှူးမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအေး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်းနိုင်၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်သိန်း၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုင်းစံအောင်၊ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး၊ မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေး၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမြင့်နိုင်၊  လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာစိုင်းမောက်ခမ်း၊ နမ့်ဆန်မဲဆန္ဒနယ်မှ ဦးဝင်းထူး၊ ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါ်နန်းနီနီအေး၊ တွန်းဇံမဲဆန္ဒနယ်မှ ဦးခမ်ခန့်ထန်၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၊ မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်းနှင့်  ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်တို့ကလည်း  ဆွေးနွေးကြသည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ဇူလိုင် ၁၅ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ယင်းအစီရင်ခံစာကို ဇူလိုင် ၃၀ ရက်က ကျင်းပသည့် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦး၊ ယနေ့ကျင်းပသည့် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦးတို့က ဆွေးနွေးခဲ့ကြပြီး ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ကျန်ရှိသည့်အစီအစဉ်များ ဆက်လက်ဆောင်ရွက်မည့်နေ့ရက်ကို ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မျိုးမြင့်၊ ဟန်မော်