နေပြည်တော် ၂၆ သြဂုတ်
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့တွင် မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာ မောင်သင်း အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး ပေးပို့တင်ပြ ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း နှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့် က တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး လိုလားတောင်းတနေသည့် နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈)ခုနှစ်ကို ပြင်ဆင်ပြဋ္ဌာန်းပေးရန် လိုအပ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈)ခုနှစ်ကို လေ့လာကြည့်သည့်အခါတွင် ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်ခြင်း မရှိသည့် ပြဋ္ဌာန်းချက်များ၊ ရှေ့နောက်ညီညွတ်ခြင်းမရှိ ဆန့်ကျင်ကွဲလွဲနေသည့် ပြဋ္ဌာန်းချက်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ရာတွင် အဟန့်အတား ဖြစ်စေသည့် ပြဋ္ဌာန်းချက်များ ပါရှိနေပါကြောင်း။
နိုင်ငံတော်၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အနာဂတ်မျိုးဆက်သစ်များ အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ်များအားလုံး အပြည့်အဝနားလည် ယုံကြည်မှု၊ လုပ်ရဲကိုင်ရဲသည့် သတ္တိရှိမှု၊ အပြု သဘောဆောင်မှုတို့နှင့်အတူ တစ်စိတ် တစ်ဝမ်းတည်း လက်တွဲညီညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ရန် အချိန်တန်ပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအား လေးနက်စွာ ထောက်ခံပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးလွင်မောင်စိုးက လွှတ်တော်၏ဆောင်ရွက်ချက်အားလုံးသည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီဖြစ်ရန် လိုပါကြောင်း၊ ဥပဒေနှင့်မညီသည့် ဆောင်ရွက် ချက်များကို တားဆီး ထောက်ပြရန် လွှတ်တော်ကိုယ်စားလှယ်တိုင်းတွင် တာဝန်ရှိပါကြောင်း၊ ယခုကဲ့သို့ အစီရင်ခံစာ အပေါ်တွင် အဆုံးအဖြတ်ရယူပြီး မတူညီသည့် လုပ်ငန်းစဉ်နှစ်ခုကို ပေါင်းစည်းရန် ဆောင်ရွက် နေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက်ချက်ကို ကန့်သတ် ပိတ်ပင်ရာ ရောက်နေပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး နည်းလမ်း များနှင့်လည်း လုံးဝကိုက်ညီမှုမရှိပါကြောင်း၊ ထို့ကြောင့် အစီရင်ခံစာအပေါ်တွင် ဆုံးဖြတ်အတည်ပြုဆောင်ရွက်ခြင်းကို ကန့်ကွက်ပါကြောင်းနှင့် ဥပဒေမူကြမ်းကို ဖွဲ့စည်း ပုံအခြေခံဥပဒေ၊ လွတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွွှတ်တော်တွင် ဆက်လက်ဆွေးနွေး ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။
မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း က မိမိတို့ အဓိကလိုအပ်ချက်မှာ အားလုံးစေတနာ ပါပါဖြင့် ညှိနှိုင်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ အဓိကအခက်အခဲမှာ အချိန်အလွန် နည်းနေခြင်းဖြစ်ပါကြောင်း၊ သီးခြား (သို့မဟုတ်) တစ်ပေါင်းတည်း တင်စေကာမူ ညှိနှိုင်း ၍မရပါက လွှတ်တော်၏ အဆုံးအဖြတ်ကို ခံယူကြရမည် ဖြစ်သည့်အတွက် လွှတ်တော် သို့ အမြန်ဆုံးရောက်စေရန် ကြိုးစားပေးရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် များစွာအရေးကြီးသည့် အချိန်ကာလကို ရောက်နေပါကြောင်း၊ မိမိတို့ ပြောဆိုချက် အနိုင်ရရန်အတွက် ငြင်းခုန်နေကြရန် မဟုတ်ဘဲ တိုင်းရင်း သားပြည်သူ တစ်ရပ်လုံး၏ အကျိုးအတွက် အမြင်ကျယ်ကျယ်ဖြင့် ဆွေးနွေးကြရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
ယင်းအစီရင်ခံစာအပေါ် တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦး၊ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသောင်းထိုက်စိုး၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး အောင်သွင်စိုး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်မြင့်ဦး၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးနေဝင်း၊ မချမ်းဘော မဲဆန္ဒနယ်မှ ဦးနန်မွန်ထင်၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးစိန်ထွန်း နှင့်ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဆီဟူးဒွေ့တို့က ဆွေးနွေးကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေး ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးလက်လမ်းများဆက်သွယ် ရေးစီမံကိန်းဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၂၀သန်းချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။
ဒုတိယဝန်ကြီး ဦးကျော်လင်း ကအဆိုပါ စီမံကိန်းကို ဆောင်ရွက်ခြင်းဖြင့် ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ အတွင်းရှိ ကျေးလက်လမ်းများ အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ကျေးလက် လမ်းကွန်ယက်အား သဘာဝ ဘေးအန္တရာယ် ကာကွယ်ဆောင်ရွက်နိုင်ခြင်းစသည့် နည်းပညာအသစ်များနှင့် ပြုပြင် ထိန်းသိမ်းခြင်းဆိုင်ရာ နည်းပညာများရရှိမည်ဖြစ်ပြီး ရာသီမရွေး လွယ်ကူချော မွေ့စွာ သွားလာနိုင်ခြင်းနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်သို့ လျှင်မြန်စွာ ပို့ဆောင်နိုင် ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း။
ကျေးလက်နေ ပြည်သူများအတွက် သဘာဝဘေး အန္တရာယ်ခံနိုင်သော လမ်းများ အဖြစ် ပြင်ဆင်တည်ဆောက်ပေးရန်၊ ပြုပြင်ထိန်းသိမ်း၍ အဆင့်မြှင့်တင်ရန်၊ ကျေးလက် လမ်းများ အန္တရာယ်ကင်းရှင်းစေရန်စသည့် လုပ်ငန်းစဉ် (၃) ရပ်ကို အခြေခံပြီး ဧရာဝတီ တိုင်းဒေသကြီး မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးလက်လမ်း အရှည် ၁၅၂ ကီလို မီတာကို ကတ္တရာလမ်းနှင့် ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင် တည်ဆောက် ခြင်းလုပ်ငန်း၊ ကျေးလက်လမ်းပြုပြင်ထိန်းသိမ်းရေးစနစ် အဆင့်မြှင့်တင်ခြင်း၊ ကျေးလက်လမ်းကွန်ယက်အား သဘာဝဘေးအန္တရာယ်ထိခိုက်မှုကို တုံ့ပြန်ရန်နှင့် အန္တရာယ်ကင်းရှင်းရေး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါ သဖြင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ (၅၁ ဒသမ ၂၀ သန်း) ချေးငွေရယူရေးကိစ္စအား ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါ ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က အဆိုပါ ချေးငွေ နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ပထမ ၆ လပတ် အခွန်ရငွေ စာရင်းများနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၂/၂၀၁၉) အပါအဝင် လွွှတ်တော်ကိုယ်စား လှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများထံမှ ကောက်ခံရ မည့် မြေခွန်များကို လုပ်ကိုင်ခွင့်ပြုသည့်နေ့မှစ၍ လုပ်ငန်းအမျိုးအစားအလိုက်၊ သီးနှံ အမျိုးအစားအလိုက် မြေခွန်ကင်းလွတ်ခွင့်ကာလကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေ ၃၉ အရ သတ်မှတ်ထားရှိပါကြောင်း၊ ကောက်ခံရန် ကျန်ရှိ သော မြေခွန်များနှင့် ပတ်သက်၍ မြေခွန်ကောက်ခံရန် ညွှန်ကြားချက်တွင် သတ်မှတ် ကာလထက်နောက်ကျ၍ မြေခွန်ပေးသွင်းလာပါက ဒဏ်ကြေးပေးဆောင်စေခြင်း၊ မြေခွန်ပေးဆောင်မှုမရှိဘဲ ရှောင်တိမ်းနေကြောင်း (သို့မဟုတ်) ပျက်ကွက်နေကြောင်း တွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ ကောက်ခံရန်လည်း ညွှန်ကြားထားရှိပြီး ဖြစ်ပြီး မြေခွန်ပေးသွင်းရန် ကျန်ရှိသူများကိုလည်း နှိုးဆော်စာများ ပေးပို့ဆောင်ရွက်လျက်ရှိ ပါကြောင်း။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၁ အရ မြေခွန် ထမ်းဆောင်ရမည့် စည်းကမ်းချက်များကို ဖောက်ဖျက်ပါက ပေးသွင်းထားသော အာမခံ ကြေးကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းရမည့်အပြင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ကို ပြန်လည်ရုပ်သိမ်းပိုင်ခွင့်ရှိပါကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ ၂၀၁၇-၂၀၁၈ ခုနှစ် မြေခွန်ကြွေးကျန်များနှင့် ပတ်သက်၍ ဆောင်ရွက်ရန် ကိစ္စကိုလည်း ဗဟိုကော်မတီ (၂၁/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် မြေခွန်ကင်းလွတ်ခွင့် ကာလကင်းလွတ်သည့် စည်းကြပ်ရမည့် ဦးရေ ၃၄၀၄ ဦး၊ မြေဧရိယာဧက ၅၁၂၀ဝ၀ ကျော်အတွက် စည်းကြပ်ရန်ငွေပမာဏမှာ ငွေကျပ် ၁၄၂၁ သန်းလျာထားပြီး ဖြစ် သည့်အလျောက် ဥပဒေနှင့်အညီ ယခု စက်တင်ဘာလမှ စတင်ကောက်ခံရန် ကာယ ကံရှင်များ အားအသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိပါကြောင်း။
၂၀၁၈-၂၀၁၉ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ပထမ ၆ လပတ်တွင် မိမိဝန်ကြီး ဌာနအနေဖြင့် ငါးလုပ်ငန်းဆိုင်ရာ အခွန်အခရငွေ ကောက်ခံရရှိငွေသည် ငွေကျပ် ၃၄၈၄ ဒသမ ၃၃၂ သန်း ဖြစ်ပါကြောင်း၊ တစ်နှစ်လုံး လျာထားချက် ငွေကျပ် ၂၆၀၇ သန်းပေါ်တွင် ၁၃၄ ရာခိုင်နှုန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းကဏ္ဍဆိုင်ရာ အခွန်အခများကို နိုင်ငံတော်မှ ချမှတ် ထားသည့် ရည်မှန်းချက်များနှင့်အညီ အပြည့်အဝ ကောက်ခံရရှိရေး လျာထားချက် နှင့်အညီ စီမံအကောင်အထည်ဖော်သွားနိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြား သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး က အော်ပရေတာများအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကောက်ခံထားသည့် ကုန်သွယ်လုပ်ငန်းခွန်များကို ပြည်တွင်းအခွန်များဦးစီးဌာနသို့ လစဉ်ပေးသွင်းခြင်းနှင့် (၃)လ ပတ် အလိုက် အခွန်ဦးစီးဌာနနှင့် စာရင်းညှိနှိုင်းခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာနှင့် မြန်မာနိုင်ငံစာရင်းကောင်စီ အသိ အမှတ်ပြု 3RD Party Audit အဖွဲ့အစည်းများဖြင့် တစ်နှစ်တစ်ကြိမ် အခွန်ပေး ဆောင်မှုစာရင်း များအပါအဝင် စာရင်းများစစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံတစ်ဝန်းတွင် အော်တိုတယ်လီဖုန်းလိုင်းပေါင်း ၅၈၀ဝ၀ဝ ကျော်နှင့် အိတ်ချိန်းပေါင်း ၄၃၈ ခု တပ်ဆင်သုံးစွဲလျက်ရှိရာ ၂၀၁၉ ခုနှစ် ဇူလိုင်လကုန်အထိ အော်တိုတယ်လီဖုန်းလိုင်းပေါင်း ၃၃၀ဝ၀ဝ ကျော်နှင့် အိတ်ချိန်းပေါင်း ၁၁၀ ကို MSAN အိတ်ချိန်းများဖြင့် လဲလှယ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ပထမဦးစားပေးအနေဖြင့် သက်တမ်း လွန် အိတ်ချိန်းများကို MSAN အိတ်ချိန်းများဖြင့် အဆင့်မြှင့်တင် လဲလှယ်ခြင်းကို ဆောင်ရွက်လျက်ရှိပြီး ကျန်အိတ်ချိန်းများကိုလည်း ဆက်လက် အစားထိုးလဲလှယ် သွား မည်ဖြစ်သဖြင့် တစ်နိုင်ငံလုံးရှိ အိတ်ချိန်းအားလုံးကို ၂၀၂၀ ဘဏ္ဍာရေးနှစ် အကုန်တွင် လဲလှယ်ပြီးစီးနိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါစီမံကိန်း ဆောင်ရွက်ပြီးစီးပါက အော်တိုတယ်လီဖုန်းသုံးစွဲမှု တိုးတက်လာသည်နှင့်အညီ ဝင်ငွေ လည်း တိုးတက်လာမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံရှိ မြစ်ချောင်းများအတွင်း နှစ်စဉ်များပြားလှသော အနည်ကျဆင်းမှု များကြောင့် ရေအောက်သောင်စွယ်များ၊ သဲသောင်များဖြစ်ပေါ်ပြီး ရေလမ်းကြောင်း ပြောင်းလဲမှုများ၊ ကမ်းပြိုကမ်းစားမှုများ ပိုမိုဖြစ်ပေါ်ခံစားနေရပါကြောင်း၊ သို့ဖြစ်ပါ၍ လိုအပ်သော နေရာများတွင် မြစ်သဲကျောက်စရစ်များအား ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုနေရာ များတွင်သာ ဆောင်ရွက်ရေး၊ တရားမဝင်ထုတ်လုပ်မှုမရှိစေရေးတို့ကို ကြပ်မတ် ထိန်းသိမ်း ပြီး ခွင့်ပြုဆောင်ရွက်မည်ဆိုပါက ကမ်းပြိုမှုများလည်း သက်သာ၊ နိုင်ငံတော် ဘဏ္ဍာငွေ ကုန်ကျမှုလည်း သက်သာပြီး ထိုက်သင့်သည့် အခွန်ဘဏ္ဍာငွေလည်းရရှိခြင်း စသည့် အကျိုးကျေးဇူးများ ရှိနိုင်မည်ဖြစ်ပါကြောင်း။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့်လည်း မော်တော်ယာဉ်များ ၏ အချက်အလက်မှတ်တမ်းများကို ထိန်းသိမ်းရသည့် ဌာနတစ်ခုဖြစ်သောကြောင့် လက်ရှိယာဉ်ပိုင်ရှင်၏ အမည်၊ နေရပ်လိပ်စာ မှန်ကန်ရေးသည် အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ၂၀ဝ၃ ခုနှစ် မတိုင်မီအထိ ပိုင်ရှင်အမည်ပြောင်း ဆောင်ရွက်ပေးရာတွင် အမျိုးသားမှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်၊ ဓာတ်ပုံပါ စိစစ်ရေး ကတ်နှင့် အရောင်းအဝယ်စာချုပ်များကို မူရင်းနှင့် တိုင်ဆိုင်စိစစ်၍ အမည်ပြောင်းခ ကောက်ခံလျက် အမည်ပြောင်းမှတ်တမ်းတင်ဆောင်ရွက်ပေးခဲ့ပါကြောင်း။
သို့ရာတွင် ၂၀ဝ၃ ခုနှစ်မှစ၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန် များဦးစီးဌာန၏ ညှိနှိုင်းမေတ္တာရပ်ခံချက်အရ ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန် ပုံစံ (၁) (အခွန်စိမ်း) ပါရှိမှသာ အခွန်ပုံစံတွင်ပါရှိသော အမည်၊ နေရပ်လိပ်စာအတိုင်း ပိုင်ရှင်အမည်ပြောင်း ဆောင်ရွက်ပေးခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
မော်တော်ယာဉ်ပိုင်ရှင်အများစုသည် ဝယ်ယူခွန် အခွန်နှုန်းထားများပြားသဖြင့် အခွန်တိမ်းရှောင်ပြီး မိမိအမည်သို့ မပြောင်းလဲလိုသောကြောင့် နေရပ်လိပ်စာများ မမှန်ကန်ခြင်းများ ရှိနေခြင်းကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် ဧပြီလတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ညှိနှိုင်းခဲ့ရာ နိုင်ငံတော် က ရသင့်ရထိုက်သည့်အခွန်များ လျော့နည်းမှုမရှိစေရန် ယခင်အတိုင်း ယာဉ်ပိုင်ရှင် အမည်ပြောင်းလဲချိန်တွင် အခွန်ကိစ္စ စိစစ်ဆောင်ရွက်ပြီးမှသာ ယာဉ်ပိုင်ရှင် အမည် ပေါက် ဆောင်ရွက်ပေးခြင်းကို ဆက်လက်ကျင့်သုံးဆောင်ရွက် ပေးစေလိုပါကြောင်းကို ညှိနှိုင်းပြန်ကြားလာသည့်အတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင် ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင် ထူး နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့ က ဆက်လက်ဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင် ဒေါ်နီနီဒွန်း က ယင်းအစီရင်ခံစာ (၁၂/၂၀၁၉)ကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ယင်း အဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၂/ ၂၀၁၉)ကို လွှတ်တော်က သဘောတူအတည်ပြုကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ကပေးပို့သည့် ၂၀၁၈ - ၂၀၁၉ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာနအဖွဲ့အစည်း များ၏ ပထမ (၆)လပတ် အခွန်ရငွေစာရင်းများကို လွှတ်တော်က မှတ်တမ်းတင် ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ကို သြဂုတ် ၂၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်