နေပြည်တော် ၂၀ ဒီဇင်ဘာ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က အတည်ပြုပြီးဖြစ်သည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို လွှတ်တော်နှစ်ရပ် သဘောတူညီသည့် ဥပဒေကြမ်းများအဖြစ် ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထား ပါကြောင်း၊ အဆိုပါ ဥပဒေကြမ်းများကို နိုင်ငံတော်သမ္မတလက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ရန်အတွက် ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ပေးပို့ထားပါကြောင်းနှင့် ပြည်ထောင်စု လွှတ်တော်ဆိုင် ရာ နည်းဥပဒေ ၈၁ အရ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူ၍ မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ဥပဒေကြမ်း၏ အပိုဒ်(၇)ကို နိုင်ငံတော်သမ္မတ၏ သဘောထားမှတ် ချက်အတိုင်းလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် အဆိုပြု တင်ပြရာ ပြည်ထောင်စု လွှတ်တော်နာယက က လွှတ်တော်၏ အဆုံး အဖြတ်ရယူအတည်ပြုသည်။
ယင်းနောက် ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က ဥပဒေကြမ်း၏ အပိုဒ်၅ အပိုဒ်ခွဲ(ဆ)၊ အပိုဒ် ၆ အပိုဒ်ခွဲ(င)၊ အပိုဒ် ၁၄နှင့် အပိုဒ် ၄၈တို့ကို နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်နှင့်အညီ ပြင်ဆင်ထားသည့်အတိုင်း လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် အဆိုပြု တင်ပြရာ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀)မှ ဦးစိုးသိန်း (ခေါ်) ဦးမောင်စိုးက ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နာယကက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဥပဒေကြမ်းပူးပေါင်း ကော်မတီတို့၏ သဘောထားမေးမြန်း၍လည်းကောင်း၊ ဥပဒေကြမ်း၏ အပိုဒ် ၁၂၊ အပိုဒ်၃၄ ခြေဆင်း၊ အပိုဒ် ၃၈နှင့် အပိုဒ်၅၅ တို့ကို နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်အတိုင်း လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် အဆိုပြုတင်ပြချက် ကိုလည်းကောင်း လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က သွင်းကုန်ပမာဏမြင့်တက်ခြင်း မှ ကာကွယ်ပေးမှု ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင်ပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၉ နှင့်အညီ နိုင်ငံတော်သမ္မတထံသို့ ပြန်လည်ပေးပို့သွားမည် ဖြစ်ကြောင်း အသိပေးကြေညာသည်။

ထို့နောက် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော ကျေးလက်ဒေသဖွံ့ဖြိုး တိုး တက်ရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်း က တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြရာ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး ပြည်ထောင်စုလွှတ်တော် နာယက က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီတို့၏ သဘောထား မေးမြန်း၍ လွှတ်တော်၏ အဆုံး အဖြတ်ရယူအတည်ပြုသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က အတည်ပြုခဲ့သည့် အပိုဒ်၊ အပိုဒ်ခွဲများကို လွှတ်တော်နှစ်ရပ် အတည်ပြုချက်အတိုင်းလည်းကောင်း၊ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အပိုဒ်၊ အပိုဒ်ခွဲများကို ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် အတိုင်းလည်းကောင်း ပြန်လည်ပြင်ဆင်၍ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေ၊နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ဆက်လက်၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်းက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြု တင်ပြရာ ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။
ထို့ပြင် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင်က ယင်းဥပဒေကြမ်း၏ အပိုဒ်(၄) အပိုဒ်ခွဲ (က) အပိုဒ်ခွဲငယ်(၃)ကို ပြည်သူ့လွှတ်တော်ဥပဒေကြမ်း၏ အတည်ပြုချက်အတိုင်း အတည်ပြုပေးနိုင်ပါရန် အဆိုပြုချက်နှင့် အပိုဒ် ၁၅ အပိုဒ်ခွဲ(ဂ)ကို ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုပေးနိုင်ပါရန် အဆိုပြုချက်တို့ကို တနင်္သာရီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀) မှ ဦးစိုးသိန်း (ခေါ်) ဦးမောင်စိုးက ဆွေးနွေးရာ ပြည်ထောင်စုလွှတ် တော်နာယက က စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ဥပဒေကြမ်းပူးပေါင်း ကော်မတီတို့၏ သဘောထားမေးမြန်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုခဲ့သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က အတည်ပြုခဲ့သည့် အပိုဒ်၊ အပိုဒ်ခွဲများကို လွှတ်တော်နှစ်ရပ် အတည်ပြုချက်အတိုင်းလည်းကောင်း၊ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့်အပိုဒ်၊ အပိုဒ်ခွဲများကို ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်များ အတိုင်းလည်း ကောင်း၊ ပြန်လည် ပြင်ဆင်၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလ နိဂုံးချုပ်အမှာစကားပြောကြား ရာတွင် အစည်းအဝေး ကာလ တစ်လျှောက်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ လွှတ်တော်ဆိုင်ရာလုပ်ငန်း များနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှုကို အထောက်အကူဖြစ်စေမည့် ၂၀၂၀ခုနှစ်အတွက် လွှတ်တော် ပုံမှန်အစည်းအဝေးများ ကျင်းပပြုလုပ်မည့် ရက်ကာလလျာထားချက်ကိုလည်း ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ အဆိုပါလျာထားချက်အပေါ် မူတည်၍ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ လုပ်ဆောင်ရန်ရှိသည့် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ အတွက် ကြိုတင်စီမံပြီး အကျိုးရှိရှိအသုံးပြုနိုင်ရန် မျှော်လင့်ပါကြောင်း၊ အလားတူ လွှတ်တော် ပူးပေါင်းကော်မတီများအနေဖြင့်လည်း ဆက်လက်လုပ်ဆောင်ကြရမည့် လုပ်ငန်းစဉ်များကို ဦးစားပေး အလိုက် စနစ်တကျနှင့် အောင်မြင်ပြီးစီးအောင် စီမံပြင်ဆင်ကြရန် မှာကြား လိုပါကြောင်း။
၂၀၁၉ - ၂၀၂၀ဘဏ္ဍာရေးနှစ်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခွင့် အဆိုပြုချက်များမှာ ယနေ့အထိ ၄၉ မြို့နယ်သာ ရောက်ရှိထားပါကြောင်း၊ ကျန်ရှိသည့် မြို့ နယ်များအနေဖြင့် အချိန်မီပေးပို့ကြရန် မှာကြားလိုပါကြောင်း၊ ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုအဖြစ် တည်ဆောက်နိုင်ရန် ကြိုးစားဆောင်ရွက်နေကြသည့် ယခုကာလတွင် လွှတ်တော်ကိုယ်စားလှယ်များ အားလုံး နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် မှန်ကန်သည့် စေတနာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြပါစေ။ ပြည်သူများအတွက် အမြဲတမ်းတာဝန်ရှိသည့် ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်သည်နှင့်အညီ ပြည့်စုံခိုင်မာသည့် ဥပဒေများ ထွက်ပေါ်လာရေး၊ ပြည်သူများ၏လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် နယ်မြေဒေသအလိုက် အခြေခံလိုအပ်ချက်များ ပိုမိုတိုးတက် ကောင်းမွန် လာစေရေးတို့အတွက် ကြိုးစားဆောင်ရွက်ပေးနိုင်ကြပါစေ။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် များအားလုံး ၂၀၂၀ ခုနှစ် နှစ်သစ်တွင် ကျန်းမာရွှင်လန်းစွာဖြင့် ပြန်လည်တွေ့ဆုံနိုင်ကြပါစေကြောင်း ဆုမွန်တောင်းရင်း နှုတ်ဆက်လိုက်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ် ပြည်ထောင် စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ ကျင်းပပြီးစီးပြီ ဖြစ်ပါကြောင်းနှင့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန် အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ပြီဖြစ်ကြောင်း ကြေညာသည်။
အောင်ရဲသွင်၊ အေးအေးသန့်