နေပြည်တော် ၂၈ ဖေဖော်ဝါရီ
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်ဇင်ဝင်းက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်ပါက ပြင်ဆင်ပြဋ္ဌာန်း ကျင့်သုံးကြသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ(၁၉၄၇ခုနှစ်)၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄ခုနှစ်)နှင့် လက်ရှိတည် ဆဲဖြစ်သည့် ဖွဲ့ စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ခုနှစ်) တို့ကို လိုအပ်သလို ပြင်ဆင်ပြဋ္ဌာန်း ခဲ့ကြသည်ကို ထင်ရှားစွာ တွေ့ရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ပြင်ဆင်သည့်နေရာတွင် ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည့် ပုဒ်မများကို ပြင်ဆင်သင့်သည့်အချိန်တွင် ပြင်ဆင်နိုင်ရေး အချိန်ကိုက်ဆောင်ရွက်နိုင်ရန် လိုအပ်မည်ဖြစ်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရကို မထိခိုက်စေရန်လည်း သတိပြုဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ပြည်မဲဆန္ဒနယ်မှ ဒေါက်တာခင်စိုးစိုးကြည် က ပုဒ်မ၂၆၂ ပုဒ်မခွဲ(က) အပိုဒ်ခွဲငယ် (၁) ပြင်ဆင်လိုခြင်းကို ထောက်ခံပါကြောင်း၊ ယခုပုဒ်မသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ရွေးချယ်ခန့်ထားခြင်းအတွက် ပြဋ္ဌာန်းထားသည့်ပုဒ်မဖြစ်ပါကြောင်း၊ မူလပြဋ္ဌာန်းချက်သည် သက်ဆိုင်ရာ တိုင်ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲက ဖြစ်စေ ပုဒ်မ ၂၆၁ ပုဒ်မခွဲ(က) ပြဋ္ဌာန်းချက်ပါ သတ်မှတ်ထားသည့် အရည် အချင်းများနှင့် ပြည့်စုံ သည့် သင့်လျော်သော ပုဂ္ဂိုလ်များ ရွေးချယ်ရမည်ဟု ပြဋ္ဌာန်းထားခြင်းဖြစ်ပြီး ပြင်ဆင်လို သည်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများ ထဲကဖြစ်စေဆိုသည့် စကားရပ်ကို ပယ်ဖျက်ထားခြင်းသာ ဖြစ်ပါကြောင်း၊ ယခု စာပိုဒ်ကို ပယ်ဖျက်လိုက်ခြင်းသည် မူရင်း အဓိပ္ပာယ်မပျက်သည့်အပြင် ဥပဒေရေးထုံးအရ ပိုမိုကျစ်လျစ်ခိုင်မာသည့်အတွက် ထောက်ခံအပ်ပါကြောင်း ဆွေးနွေးသည်။
စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၄ မူလ ပြဋ္ဌာန်းချက်၌ နိုင်ငံတော်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တစ်ရပ် ထားရှိပြီး စစ်ဘက်ဆိုင်ရာ တရားရုံးများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့် အာဏာများကို မထိခိုက်စေဘဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ အဆိုပါ ပြဋ္ဌာန်းချက်အရ နိုင်ငံတော်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်အပြိုင် စစ်ဘက်ဆိုင်ရာ တရားရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဟူ၍ တရားစီရင်ရေးဆိုင်ရာ အမြင့်ဆုံး ရုံး(၃)ရုံးပေါ်ပေါက်နေသည့်အတွက် တရားစီရင်ရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေနိုင်ပါကြောင်း၊ ထို့ကြောင့် ဦးထွန်းထွန်းဟိန်၏ ပြင်ဆင်ချက် အဆိုဖြစ်သည့် နိုင်ငံတော်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တစ်ရပ်ထားရှိပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည် ဆိုသည့် ပြဋ္ဌာန်းချက်ကို လေးနက်စွာ ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ယင်းဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် တပ်မတော်သားပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဗိုလ်မှူးဇေဖြိုး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစောယှား ဖောင်အွာ၊ ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၈)မှ ဦးကျော်သန်း၊ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး သိမ်းထွဋ်၊ ပေါက်တောမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံ၊ တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး မောင်ဆန်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဝင်းအောင်၊ လဲချား မဲဆန္ဒနယ်မှ ဦးစိုင်းဥက္ကာ၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးရဲထွန်း၊ ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်၊ ဘော်လခဲ မဲဆန္ဒနယ်မှ ဦးအေးမောင်နှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဂျေယောဝူ တို့က ဆက်လက်ဆွေးနွေးကြသည်။
ယနေ့အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ဒုတိယ ၆ လပတ် အခွန်ရငွေ များနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၂/၂၀၂၀) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့် က ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ ၆လပတ်အတွင်း ယစ်မျိုးခွန် ငွေကျပ် ၄၉၀ ဒသမ ၂၇၅သန်း ကောက်ခံရန် လျာထားခဲ့ရာ ငွေကျပ် ၇၀၇ ဒသမ ၄၅၃ သန်း ကောက်ခံရရှိခဲ့ပြီး ငွေကျပ် ၁၄၄ ဒသမ ၃ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ဒုတိယ၆ လပတ်တွင် ယစ်မျိုးခွန် ငွေကျပ် ၆၅၁ ဒသမ ၈၅၈ သန်းကောက်ခံရန် လျာထားခဲ့ရာ ငွေကျပ် ၆၁၄ ဒသမ ဝသန်း ကောက်ခံရရှိခဲ့ပြီး ငွေကျပ် ၉၄ ဒသမ ၁၉ ရာခိုင်နှုန်းသာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ထို့ပြင် မြို့နယ်များတွင် တရားမဝင်ယစ်မျိုးဆိုင်များ ဖမ်းဆီးရန်အတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ အဖွဲ့များဖွဲ့စည်းပြီး ကွင်းဆင်းဟောပြောခြင်း၊ ဖမ်းဆီးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယစ်မျိုးလိုင်စင် ခွင့်ပြုချထားမှုအခြေအနေနှင့် စပ်လျဉ်း၍ ယစ်မျိုးလိုင်စင်များ ခွင့်ပြုချထားရာတွင် ယစ်မျိုးမူဝါဒနှင့် ယစ်မျိုးအခြေခံမူတို့အရ ယစ်မျိုးလိုင်စင်အရေအတွက်ကို ကန့်သတ်ထားခြင်း၊ ပြည်သူများ၏ ကျန်းမာရေးနှင့် ကိုယ်ကျင့်တရားကောင်းမွန်စေရေး၊ ရာဇဝတ်မှုများ လျော့နည်းစေရေးတို့အတွက် ယစ်မျိုးလိုင်စင်များ လျှော့ချခွင့်ပြုလျက်ရှိပါကြောင်း။
၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် မြေခွန်လျာထားချက်ကောက်ခံ ရရှိမှုအခြေအနေနှင့် စပ်လျဉ်း၍ ၂၀၁၈ -၂၀၁၉ဘဏ္ဍာနှစ် ပထမ ၆လပတ်အတွင်း မြေခွန်ငွေကျပ် ၂ ဒသမ ၃၉၂သန်း ကောက်ခံရန် လျာထားခဲ့ရာ ငွေကျပ် ၃ ဒသမ ၁၀၄ သန်းကောက်ခံရရှိခဲ့ပြီး ၁၂၉ ဒသမ ၇၇ ရာခိုင် နှုန်းအကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၈ - ၂၀၁၉ဘဏ္ဍာနှစ် ဒုတိယ ၆လပတ်အတွင်း မြေခွန် ငွေကျပ် ၁၆ ဒသမ ၁၈၉သန်း ကောက်ခံရန် လျာထားခဲ့ရာ ငွေကျပ် ၁၇ ဒသမ ၅၆၉သန်း ကောက်ခံရရှိခဲ့ပြီး ၁၀၈ ဒသမ ၅၂ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ထို့ပြင် ရွာမြေများသည် အခွန်ပေးဆောင်ရန်မလိုအပ်ဘဲ ကျေးရွာသူ၊ ကျေးရွာသားများ နေထိုင်နိုင်ပါကြောင်း၊ သို့သော် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် မိမိတို့၏ မြေယာပိုင်ဆိုင်မှုကို တိကျခိုင်မာစွာ ရရှိလိုခြင်း၊ ကျေးရွာမြေအတွင်းပိုင်ဆိုင်မှု အထောက်အထားကင်းမဲ့စွာ နေထိုင်ခြင်းအစား မြေငှားဂရန် ရရှိခြင်းဖြင့် ခိုင်မာသည့် တရားဝင်အထောက်အထား ရရှိပြီး စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုများ ရရှိစေနိုင်ခြင်း၊ မြေငှားဂရန် ရရှိထားမှသာ မိမိတို့နေထိုင် ပိုင်ဆိုင်သည့် မြေကွက်များကို မြန်မာ့စီးပွားရေးဘဏ်နှင့် အခြားပုဂ္ဂလိကဘဏ်များတွင် ပေါင်နှံ၍ ချေးငွေရယူပြီး စီးပွားရေးလုပ်ကိုင်ရာတွင် အရင်းအနှီးများ ရယူနိုင်ခြင်း စသည်တို့အတွက် နိုင်ငံတော်အကြီးအကဲများ ခရီးစဉ်တွင် ဒေသခံကျေးရွာသူ ကျေးရွာသားများ တင်ပြချက်အရ ကျေးရွာမြေငှားဂရန်များကို ထုတ်ပေးခြင်းဖြစ်ပါကြောင်း၊ ကျေးရွာမြေငှားဂရန်ကို မဖြစ်မနေလုပ်ရန် ဆောင်ရွက်ပေးခြင်းမဟုတ်ဘဲ ဒေသခံများအနေဖြင့် တင်ပြတောင်းခံလာသည့်အခါ (၁)ဧကနှင့်အောက် ဆိုပါက သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးအနေဖြင့် ဥပဒေနှင့်အညီ ထုတ်ပေးနိုင်ပြီး (၁)ဧကမှ (၅)ဧက အကြားကို တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့၏ အတည်ပြုချက်ဖြင့် ထုတ်ပေးလျက်ရှိပါကြောင်း၊ (၅)ဧကကျော်သည့် မြေငှား ဂရန်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးနှင့် ပြည်ထောင်စု ဝန်ကြီး၏ အတည်ပြုချက်အရ ထုတ်ပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊အသုံးပြုခွင့် ရရှိသူများထံမှ မြေခွန် ကောက်ခံရရှိမှုအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၃၁)ရက်အထိ စာရင်းအရ ငွေကျပ် (၁ ဒသမ ၆) ဘီလီယံ ကောက်ခံရရှိပြီးဖြစ်ပါကြောင်း၊ ခွင့်ပြုခဲ့သည့် မြေလွတ်၊ မြေရိုင်း များ အမှန်စိုက်ပျိုးမှုကို စိစစ်နိုင်ရန်အတွက်လည်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေ ၄၀ ပါ ပြဋ္ဌာန်းချက်နှင့်အညီ “အထူးအဖွဲ့”များ ဖွဲ့စည်းပြီး တိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်ပါကြောင်း၊ ထို့ပြင် ယခင်အစိုးရ အဆက်ဆက်က နိုင်ငံတော်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများအပေါ် ခွင့်ပြုပေးခဲ့သည့် ဒေသဆိုင်ရာ ကြိုတင်ခွင့်ပြုမိန့်၊ ဝန်ကြီးဌာန ကြိုတင်ခွင့်ပြုမိန့် စသည့် ခွင့်ပြုမိန့်များ အသီးသီးပေးခဲ့မှု ရှိခဲ့ပါကြောင်း၊ ယင်းတို့နှင့်စပ်လျဉ်း၍ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး အမှန်ရငွေ လျာထားငွေသည် ငွေကျပ် (၂ဒသမ၇၄၁)ဘီလီယံဖြစ်ပါကြောင်း၊ ယင်းအပေါ် ကောက်ခံ ရရှိငွေသည်ငွေကျပ် (၆ဒသမ၂၉၆)ဘီလီယံ ဖြစ်ပါကြောင်း၊ ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ငါးသယံဇာတထိန်းသိမ်းရေး၊ တရားမဝင် ငါးဖမ်းဆီးမှုပပျောက်စေရေးနှင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဥပဒေနှင့်အညီ ထိန်းကျောင်းဆောင်ရွက် လျှက်ရှိပါကြောင်း၊ ထို့ပြင် ၂၀၁၉-၂၀၂၀ ငါးဖမ်းရာသီမှ စတင်၍ VMS တပ်ဆင်ခြင်းနှင့် Check Point များတွင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ ပေါင်းစပ်ပြီး နိုင်ငံတော် အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများရရှိစေရန် ကြပ်မတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ အခွန်အခများကို အပြည့်အဝ စည်းကြပ်ကောက်ခံရရှိရေးအတွက် အထူးအလေးအနက်ထား စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းကိစ္စရပ်များအပေါ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က ဆက်လက် ရှင်းလင်း ဖြေကြားကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောသန်းထွဋ်က အဆိုပါအစီရင်ခံစာကို လွှတ်တော်က သဘောတူ လက်ခံရန် အဆိုတင်သွင်းသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့်အတွက် အစီရင်ခံစာ(၂/၂၀၂၀)ကို လွှတ်တော်က သဘောတူ အတည်ပြုကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့သည့် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ဒုတိယ ၆ လပတ် အခွန်ရငွေများ အစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို မတ် ၃ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်
ဓာတ်ပုံ - ထန်းဖုန်