နေပြည်တော် ၃ မတ်
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်ဇော်လှိုင်က ပုဒ်မ ၃၁၉ တွင် ဖော်ပြထားသည့် အခြားဥပဒေ (Other Law) ဆိုရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေမှအပ စစ်ဘက်ဆိုင်ရာ ဥပဒေများအပါအဝင် နယ်ဘက်တည်ဆဲဥပဒေများ၊ နိုင်ငံတွင် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေအားလုံး လွှမ်းခြုံပါဝင်နေပါကြောင်း၊ စစ်ဖက်ဆိုင်ရာတရား စီရင်ရေးနှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်များသည် တပ်မတော်သားများအတွက် ထားရှိအပ်သည့် စစ်ဖက်ဆိုင်ရာ တရားစီရင်ရေးကို အကောင်အထည်ဖော်ဆောင်ရန် ပြဋ္ဌာန်းထားသည့် ပုဒ်မများသာ ဖြစ်သည့်အတွက် ပုဒ်မ ၃၁၉ ကို ပြင်ဆင်ရန် မသင့်ဘဲ မူလအတိုင်းသာထား ရှိသင့်ပါကြောင်း ဆွေးနွေးသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဦးစိုးမိုးက ဖက်ဒရယ်စနစ်၏ အနှစ်သာရကို လက်တွေ့အမှန်တကယ် အကောင်အထည်ဖော်စေလိုပါက အခြေခံမူများ ပြင်ဆင်နိုင်ရန် အားထုတ်ကြရမည် ဖြစ်ပါကြောင်း၊ အခြေခံမှစ၍ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပြင်ဆင်မှသာ ရှေ့နောက်မညီသည့် ပြင်ဆင်မှုများ၊ ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်းများကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြင်ဆင်တင်သွင်းလာသည့် ပုဒ်မ ၂၆၁၊ ၂၆၂ နှင့် ဆက်စပ်သည့် ပုဒ်မ၊ ပုဒ်မခွဲများကို ကန့်ကွက်ပါကြောင်း ဆွေးနွေးသည်။
မယ်စဲ့မဲဆန္ဒနယ်မှ ဦးသန်းလင်းလင်း က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၉ တွင် နိုင်ငံတော်သည် ဥပဒေကျူးလွန်၍ ပြစ်ဒဏ်ပေးခြင်းကို ခံရသဖြင့် အလုပ်ဒဏ် ထမ်းဆောင်ခိုင်းခြင်းနှင့် အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထားခြင်းမှတစ်ပါး အဓမ္မစေခိုင်းခြင်းကို တားမြစ်သည်ဟု ဖော်ပြထားသည်ကိုတွေ့ရှိရပါကြောင်း၊ ဦးထွန်းထွန်းဟိန် ဦးဆောင်သော အဖွဲ့၏ပြင် ဆင်ချက်ဖြစ်သော နိုင်ငံတော်သည် ဥပဒေကျူးလွန်၍ ပြစ်ဒဏ်ပေးခြင်းကို ခံရသဖြင့် အလုပ်ဒဏ် ထမ်းဆောင်ခိုင်းခြင်းနှင့် အဓမ္မစေခိုင်းခြင်းကို တားမြစ်သည်ဟူ၍ ပြင်ဆင်ထားသည်ကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာဦးကြွယ်ကြွယ်က ယခု မျက်မှောက်ကာလ ပြည်သူတစ်ရပ်လုံးခံယူထားသည့် အမျိုးသားနိုင်ငံရေးသည် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအားလုံး၏ တန်းတူညီမျှသာယာ၀ပြောရေး၊ ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံတော်ကြီး ဂုဏ်ကျက်သရေဖြင့် တင့်တယ်ထည်ဝါရေး ဖြစ်ပါကြောင်း၊ ယနေ့ပြည်ထောင်စုလွှတ်တော်တွင်ရှိကြသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထု၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုကို ခံယူပြီး ပြည်ထောင်စုလွှတ်တော်ကို တိုင်းပြုပြည်ပြု လွှတ်တော်ကဲ့သို့လည်းကောင်း၊ အမျိုးသားညီလာခံကဲ့သို့လည်းကောင်း သဘောထားပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အောင်မြင်စွာ ပြင်ဆင်ကြရမည့် အခွင့်အခါကောင်းဖြစ်ပါကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီဖွဲ့စည်းအုပ်ချုပ်ပုံများတွင် ပုဒ်မ ၆ ပုဒ်မခွဲ(စ) ပြဋ္ဌာန်းချက်သည် မရှိအပ်ပါကြောင်း၊ သို့သော် တပ်မတော်၏ အစဉ်အလာ ဂုဏ်သိက္ခာများကို လေးစားသောအားဖြင့် ဦးထွန်းထွန်းဟိန်၏ ပုဒ်မ ၆ ပုဒ်မခွဲ(စ) ပြင်ဆင်ချက်ကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ယင်းဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်စန်းလင်း၊ မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်း ဆိုင်ဟိန်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် သက်ထွန်းအောင်၊ ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၊ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဝင်းမိုး၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မိုး၊ ရွာငံမဲဆန္ဒနယ်မှ ဦးအောင်စိုးမင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးတင်လင်း၊ မိုင်းရယ်မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သန်းဦးလွင်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်မြင့်ဦး၊ ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးစတီဖန်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဆီဟူးဒွေ့၊ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးကျော်ကျော်နှင့် သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင် တို့က ဆက်လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ကို မတ် ၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်
ဓာတ်ပုံ - စိုးဝင်းထွန်း