နေပြည်တော်   ၄  မတ်

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

2

 

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်းက ပြင်ဆင်ချက် ပုဒ်မ ၁၀၉ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မ ၁၄၁ ပုဒ်မခွဲ(ခ) ပြင်ဆင်ချက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သား ကိုယ်စားလှယ်များကို လွှတ်တော်သက်တမ်းအလိုက် အချိုးကျလျော့ချခြင်းသည်လည်း သင့်မြတ်ပါကြောင်း၊ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ဆိုသည့်အတိုင်း ယခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူအများ၏ဆန္ဒဖြင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်တွင် ၇၅ ရာခိုင်နှုန်းပင်ရှိပါကြောင်း၊ ထို့ကြောင့် လွှတ်တော်သက်တမ်းအလိုက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တင်ပြသည့် တပ်မတော်သား ကိုယ်စားလှယ်အချိုးအစား ပါဝင်မှုပြင်ဆင်ခြင်းသည် သင့်လျော်သည့်အတွက် ထောက်ခံအပ်ပါကြောင်း ဆွေးနွေးသည်။

 

3

 

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ရဲနိုင်မျိုးက ကမ္ဘာပေါ်တွင် ပြီးပြည့်စုံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည်မှာ မရှိနိုင်ပါကြောင်း၊ ထို့ကြောင် ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည့် အချိန်အခါနှင့် အခြေအနေ ရောက်ပါက  ပြင်ဆင်ရမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ခြင်း၏ နောက်ဆက်တွဲ ပေါ်ပေါက်လာနိုင်သည့်ကိစ္စများကို အဖက်ဖက်မှ ချင့်ချိန်သုံးသပ်ရန် လိုအပ်နေသေးသည့် အခြေအနေ အချိန်အခါ ဖြစ်သောကြောင့်  ပုဒ်မ ၄၃၆  ပုဒ်မခွဲ (က)ကို ပြင်ဆင်ရန်မသင့်ဘဲ မူလအတိုင်းသာ ထားရှိသင့်ပါကြောင်း ဆွေးနွေးသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်က ပုဒ်မ ၈ မူလပြဋ္ဌာန်းချက်တွင် နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်ဟု ဖြစ်ပါကြောင်း၊ ပြင်ဆင်ချက်တွင် နိုင်ငံတော်ကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု စနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်ဟု ပြင်ဆင်ထားသည်ကို ထောက်ခံပါကြောင်း၊ ယင်းအချက်သည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင်လည်း သဘောတူပြီး ဖြစ်ပါကြောင်း၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုစနစ် အမှန်တကယ် ဖြစ်လာပါက လက်ရှိနိုင်ငံ တော်အတွင်း ဖြစ်ပွားနေသည့် တိုင်းရင်းသား ပြဿနာအချို့ကိုလည်း ဖြေရှင်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးသည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇော်မင်းလတ်က ပုဒ်မ ၆ ပုဒ်မခွဲ (စ) ကို နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍတွင် ပြည်သူ့ဆန္ဒနှင့်အညီ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို ဦးတည်သည်ဟူ၍ စကားရပ် ပြောင်းလဲပြင်ဆင်ပြဋ္ဌာန်းခြင်းကို ထောက်ခံပါကြောင်း၊ သို့မှသာ အခန်း ၁ ပုဒ်မ ၄ တွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်ဟူသော အခြေခံမူနှင့် ညီညွတ်မည် ဖြစ်ပါသဖြင့် ပုဒ်မ ၆ ပုဒ်မခွဲ(စ) ပြင်ဆင်ခြင်းကို လေးနက်စွာ ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းက ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်နှင့် ကိုယ်စားလှယ် ၃၅၁ ဦးတို့က ပြင်ဆင်အသုံးပြုရန် တင်သွင်းထားသည့် နိုင်ငံတော်အလံအသစ်သည် ယနေ့ စစ်မှန်သည့် ဒီမိုကရေစီခေတ်ကို လျှောက်လှမ်းနေသည့်ကာလတွင် ဖက်ဒရယ်ပြည်ထောင်စုစနစ် အဓိပ္ပာယ်ဆောင်ပြီး လွတ်လပ်ရေး ကြိုးပမ်းရယူခဲ့ကြသည့် ခေါင်းဆောင်များ၏ ဆန္ဒကိုလည်း ပစ်ပယ်ရာမရောက်စေရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် အနီ၊ အပြာထောင့်တွင် ကြယ်ဖြူတစ်လုံးကို ကြယ်ဖြူငယ် ၁၄ လုံး ခြံရံထားကာ ဝင့်ကြွားထည်ဝါစွာ လွှင့်ထူနိုင်ရန်အတွက် အချိန်အခါကောင်းနှင့်အညီ သင့်လျော်သောကြောင့် ပုဒ်မ ၄၃၇ ပုဒ်မခွဲ (က)၏ ပြင်ဆင်ချက်ကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ယင်းဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် နောင်မွန်းမဲဆန္ဒနယ်မှ ဦးဂျီဖုန်ဆားရ်၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမျိုးဝင်း၊ တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထင်လင်းဦး၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်၊ လင်းခေးမဲဆန္ဒနယ်မှ ဦးစိုင်းဘသိန်း၊ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ဦးလမာနော်အောင်၊ ဆိပ်ကြီး/ခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး တင်ထွန်းဦး၊ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်ကျိန်ငိုက်မန်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်၊ မချမ်းဘောမဲဆန္ဒနယ်မှ ဦးနန်မွန်ထင်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်ဆန်း၊ မြစ်သားမဲဆန္ဒနယ်မှ ဒေါက်တာ လင်းလင်းကျော်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးကျင့်ခန့်ပေါင်၊ တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်မိုးအောင်၊ မိတ္တီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး အေးလွင်နှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်းတို့က ဆက်လက် ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်၏ အဆုံးအဖြတ်ရယူမည့် အစီအစဉ် လျာထားမှု အပါအဝင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်နှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ နောက်ဆက်တွဲ (ဇ - ၁)၊ (ဈ - ၁)တို့ပါ ဥပဒေမူကြမ်းများ၏ ပြင်ဆင်ချက်ဇယားများဖြစ်သည့် နောက်ဆက်တွဲ (ဇ - ၂)၊ (ဈ - ၂) ဇယား (၂)ခုပါ ပြင်ဆင်ချက်များအပေါ် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ် မတ် ၁၀ ရက်တွင် စတင်ဆောင်ရွက်ရန် လျာထားပါကြောင်း၊ ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ (က)နှင့် သက်ဆိုင်သည့် ပြင်ဆင်ချက် ပုဒ်မ၊ ပုဒ်မခွဲ ၅၅ ခုပါဝင်သည့် ဥပဒေမူကြမ်း၏ ပြင်ဆင်ချက်ဇယား နောက်ဆက်တွဲ (ဇ - ၂)ကို အပိုင်း(၄)ပိုင်း ဆန္ဒမဲလက်မှတ် (၄)စောင် ခွဲခြားပြီးလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ) နှင့် သက်ဆိုင်သည့် ပြင်ဆင်ချက် ပုဒ်မ၊ ပုဒ်မခွဲ ၈၀ ပါဝင်သည့် ဥပဒေမူကြမ်း၏ ပြင်ဆင်ချက်ဇယား နောက်ဆက်တွဲ (ဈ - ၂) ကိုအပိုင်း(၅)ပိုင်း ဆန္ဒမဲလက်မှတ် (၅)စောင်ခွဲခြားပြီးလည်းကောင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စုစုပေါင်း ဆန္ဒမဲလက်မှတ် (၉)စောင်အတွက် တစ်စောင်ချင်းစီတွင် ပါဝင်မည့် ပုဒ်မ၊ ပုဒ်မခွဲများအတွက် အသေးစိတ် နမူနာပုံစံများကိုလည်း လွှတ်တော်ကိုယ်စားလှယ်အားလုံးထံ ဖြန့်ဝေထားပြီး ဖြစ်ပါကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ (က)နှင့် သက်ဆိုင်သည့် ပြင်ဆင်ချက်များအတွက် အဆုံးအဖြတ်ရယူခြင်း (၄)ကြိမ်နှင့် ပုဒ်မခွဲ(ခ)နှင့် သက်ဆိုင်သည့် ပြင်ဆင်ချက်များအတွက် အဆုံးအဖြတ်ရယူခြင်း (၅)ကြိမ်ခွဲပြီး ဆောင်ရွက်ရန် လျာထားပါကြောင်း၊ ထူးခြားမှုတစ်ခုအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၆ ပုဒ်မခွဲ (က)တွင် အကျုံးဝင်သည့် ပုဒ်မ ၅၉ ပုဒ်မခွဲ(ဂ)အတွက် ပြင်ဆင်ချက် (၂)ခု ပါရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားသည့် နမူနာပုံစံ ဆန္ဒမဲလက်မှတ် (၂)၏ အမှတ်စဉ်(၁)တွင် တွေ့ရှိနိုင်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းအနေဖြင့် ပြင်ဆင်ချက်(၂)ခုလုံးကို ဆန္ဒပြုရမည်ဖြစ်ပါကြောင်း၊ ပြင်ဆင်ချက်(၂)ခုလုံးအတွက် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရရှိခဲ့ပါက ထောက်ခံမဲပိုများသည့် ပြင်ဆင်ချက်ကို အတည်ပြုမည်ဖြစ်သည်ကို ကြိုတင်မှာကြားလိုပါကြောင်း။

ထို့ပြင် နမူနာပုံစံ ဆန္ဒမဲလက်မှတ်များကို ကျောကပ်ဖြန့်ဝေထားသော်လည်း အဆုံးအဖြတ်ရယူမည့် ဆန္ဒမဲလက်မှတ် များကို စာမျက်နှာတစ်ဖက်သာ အသုံးပြုဆောင်ရွက်သွားမည် ဖြစ်သည်ကို ဖြည့်စွက်အသိပေး ပြောကြားလိုပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများအပေါ် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာတွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ပွဲကျင်းပစဉ်က လုပ်ငန်းစဉ်များအတိုင်း အခြေခံ၍ ဆန္ဒမဲလက်မှတ်အသုံးပြုပြီး လျှို့ဝှက်စွာ ဆန္ဒပြုသည့်နည်းလမ်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်တွင် လွှတ်တော်ရုံးဝန်ထမ်းအဖွဲ့ (၈)ဖွဲ့၏ ဆောင်ရွက်မှုအပေါ် တစ်ဖွဲ့လျှင် (၄)ဦးနှုန်းဖြင့် ကြီးကြပ်စောင့်ကြည့်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ် (၃၂)ဦး၏ အမည်စာရင်းကိုလည်း နိုင်ငံရေးပါတီအစု အဖွဲ့အလိုက် သင့်တော်သည့် အင်အားသတ်မှတ်တောင်းခံထားပါကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (၁၂)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၈)ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (၅)ဦး၊ ရခိုင်အမျိုးသားပါတီ (၂)ဦး၊ ရှမ်းတိုင်းရင်းသားများ  ဒီမိုကရေစီအဖွဲ့ချုပ်(၂)ဦး၊ တအောင်းပလောင်အမျိုးသားပါတီ (၁)ဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (၁)ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ပါတီ (၁)ဦး ဖြစ်ပါကြောင်း၊ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ် စတင်မည့်ရက်တွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အသေးစိတ်ကို ထပ်မံရှင်းလင်းပြောကြားပေးသွားမည် ဖြစ်ပါကြောင်း။

ယခုအချိန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများပါအတိုင်း ဆောင်ရွက်နေသည့် ကာလဖြစ်ပါကြောင်း၊ လွှတ်တော်အတွင်း ရောက်ရှိနေကြသည့် နိုင်ငံရေးပါတီ အစုအဖွဲ့အလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ဥပဒေနှင့်အညီ တူညီသည့် အခွင့်အရေးကို ရယူအသုံးပြုခွင့်ရရှိနေသည့် အချိန်ကာလဆိုသည်ကိုလည်း ထပ်မံပြောကြားလိုပါကြောင်း၊ မိမိတို့ပြည်ထောင်စု လွှတ်တော်အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အခြေအနေ၊ အချိန်အခါအလိုက် ဦးစားပေးအလိုက် ပြီးပြတ်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရရှိထွက်ပေါ်လာသည့် ရလဒ်အပေါ်တွင်လည်းအားလုံးက နားလည်လက်ခံကြရမည် ဖြစ်ပါကြောင်း။

ထို့ကြောင့် လက်ရှိဆောင်ရွက်ဆဲဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်များ ပြီးပြတ်အောင် လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပူးပေါင်းပါဝင်ပြီး ကူညီဆောင်ရွက်ပေးကြရန် မှာကြားလိုပါကြောင်း၊ အားလုံးက ပူးပေါင်းဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ကို မတ် ၅ ရက်  တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်
ဓာတ်ပုံ - စိုးဝင်းထွန်း