နေပြည်တော် ၁၉ ဖေဖော်ဝါရီ

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က နိုင်ငံတော်သမ္မတရုံးမှ ပေးပို့ထားသော ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ အမည်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခြင်း၊ ဧရိယာ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ပယ်ဖျက်ခြင်းတို့ကို တင်ပြ၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားရှိသော အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီတွင် အဖွဲ့ဝင်အဖြစ် တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဇဝန အစား ဗိုလ်မှူးချုပ်ဇော်မြင့်စန်းအား ပြောင်းလဲတာဝန်ပေးအပ်ခြင်းကို တင်ပြ၍ လွှတ်တော်၏ သဘောတူညီချက် ရယူသည်။

 

ယင်းနောက် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော မြန်မာနိုင်ငံ ဘူမိသိပ္ပံကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြရာ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး ပြည်ထောင်စုလွှတ်တော် နာယက က ပညာရေးဝန်ကြီးဌာနနှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီတို့၏ သဘောထားမေးမြန်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။

 

ဆက်လက်၍ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ၆ လတာကာလ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

 

ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်က မိမိတို့အဖွဲ့သည် ဥပဒေ၏ ရည်မှန်းချက်ထဲတွင် ပါရှိသည့်အတိုင်း ဥပဒေနှင့်အညီခုခံချေပ နိုင်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ပါကြောင်း၊ မိမိတို့သည် ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် ဥပဒေအခက်အခဲကို ဝန်ဆောင်မှုပေးခြင်းအားဖြင့် ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ပါကြောင်း။

 

ထို့ပြင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေနှင့် နည်းဥပဒေတွင် ပါဝင်သည့် ဥပဒေပြဋ္ဌာန်းချက်ကို အခြေခံပြုပြီး ရာဇဝတ်မှုနှင့် တရားစွဲခံရသည့် အမှုများတွင် ဥပဒေဆိုင်ရာ အထောက်အကူတောင်းခံခွင့်ရှိသူကို မည်သို့စိစစ်၍ အမှုလက်ခံဆောင်ရွက်ရမည်ကို ပုံစံများသတ်မှတ်၍ တိုင်းဒေသကြီးနှင့် မြို့နယ်များအားလုံးသို့ ဖြန့်ဝေထားပါကြောင်း၊ ဝန်ထမ်းများခန့်ထားခြင်းနှင့် စပ်လျဉ်း၍လည်း နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဥပဒေဆိုင်ရာအထောက်အကူပေးရေး အဖွဲ့အဆင့်ဆင့်တွင် ထမ်းဆောင်ရမည့် ဝန်ထမ်းများကို ခန့်အပ်ထားခြင်း ဖြစ်ပါကြောင်း။

 

ထို့ပြင် မိမိတို့အဖွဲ့တွင် ပြည်သူ့ဝန်ထမ်းနှင့် ဥပဒေဝန်ထမ်း ရောထွေးနေကြသည့်ကိစ္စနှင့် စပ်လျဉ်း၍ ဥပဒေဆိုင်ရာအထောက်အကူပေးရေး ပုဒ်မ - ၄၁တွင် ဥပဒေဆိုင်ရာ အထောက်အကူအပေးရေးအဖွဲ့ အဆင့်ဆင့်၌ တာဝန်ပေးအပ်ခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် ပုဂ္ဂိုလ်များသည် ပြည်သူ့ဝန်ထမ်းများဖြစ်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ရာဇသတ်ကြီးပုဒ်မ ၂၁အရ ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်ဟုလည်း ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့်  မိမိတို့အဖွဲ့တွင် ပြည်ထောင်စုအဆင့် တရားလွှတ်တော်ရှေ့နေ (၆) ဦးပါရှိပါကြောင်း၊ ကျန်ရှိသည့်အဖွဲ့ဝင်များသည် မူလကတည်းက နိုင်ငံ့ဝန်ထမ်းများဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း နိုင်ငံ့ဝန်ထမ်းများ ပါဝင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့သည် ပြည်သူ့ဝန်ထမ်းအဖြစ် တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ကွဲပြားခြားနားပါကြောင်း။

 

မိမိတို့အဖွဲ့တွင် အကြံပေးပုဂ္ဂိုလ်ခန့်ထားခြင်း၊ နိုင်ငံ့ဘဏ္ဍာငွေသုံးစွဲခြင်းနှင့် စပ်လျဉ်း၍ ပုဒ်မ ၃၆ တွင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဆင့်ဆင့်တွင် တာဝန်ပေးခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် ပုဂ္ဂိုလ်များ၊ ယင်းအဖွဲ့၏ အကြံပေးပုဂ္ဂိုလ်များ၊ ဥပဒေဆိုင်ရာ အထောက်အကူပေးသူများအတွက် ချီးမြှင့်ငွေနှင့် စရိတ်များကို ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ သဘောတူညီချက်ဖြင့် သတ်မှတ်ပေးရမည်ဟု ပါရှိပါကြောင်း၊ မိမိတို့အနေဖြင့် အစီရင်ခံကာလအတွင်းတွင် နိုင်ငံခြားအကြံပေးပုဂ္ဂိုလ်များ ခန့်ထားခြင်းမရှိပါကြောင်း၊ ထို့ပြင် နိုင်ငံ့ဘဏ္ဍာငွေမှ သုံးစွဲ၍ အကြံပေးများခန့်ထားခြင်းလည်း ယနေ့အထိ မရှိသေးပါကြောင်း။

 

အစီရင်ခံကာလအတွင်း အလှူငွေများ လက်ခံသုံးစွဲမှုနှင့်စပ်လျဉ်း၍ အစီရင်ခံကာလအတွင်း ပြည်တွင်းပြည်ပ စေတနာရှင်များက လှူဒါန်းသည့်ငွေကြေး မိမိတို့အနေဖြင့် လက်ခံရယူခဲ့ခြင်းမရှိပါကြောင်း၊ နည်းပညာရပ်ဆိုင်ရာ ဥပဒေစာအုပ်များ၊ ရုံးသုံးစားပွဲများ၊ ကုလားထိုင်များသာ လှူဒါန်းပါကြောင်း၊ အဆိုပါ လှူဒါန်းသည့်ပစ္စည်းများကိုလည်း ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေ ပုဒ်မ ၄၃ တွင်ပြဋ္ဌာန်း ထားချက်နှင့်အညီ အဖွဲ့ပိုင် စာရင်းတွင် ရေးသွင်းပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့သည် ဥပဒေတွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များဖြင့်သာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ၆ လတာကာလ အစီရင်ခံစာအား မှတ်တမ်းတင်ခွင့်ပြုပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးက တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွဲ့စည်းရန် ကျန်ရှိသည့် မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့များ ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များအနေဖြင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ဥပဒေဆိုင်ရာအထောက်အကူပေးရေး ဥပဒေ ပုဒ်မ ၃၃ နှင့်  ဥပဒေဆိုင်ရာ အထောက်အကူပေးရေး နည်းဥပဒေ ၃၈၊ ၃၉နှင့် ၄၀ တို့အရ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သည် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဆင့်ဆင့်အတွက် လိုအပ်သည့် ဘဏ္ဍာငွေ အသုံးစရိတ်၊ သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်၊ ရငွေ၊ သာမန်ရငွေ၊ ငွေလုံး ငွေရင်းရငွေတို့ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှတစ်ဆင့် ပြည်ထောင်စု၏ နှစ်စဉ်ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းတွင် ထည့်သွင်းနိုင်ရန် တင်ပြတောင်းခံ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဘဏ္ဍာငွေအရအသုံးစာရင်းတွင် တစ်ပေါင်းတည်းစုစည်းပြီး ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ အစီအစဉ်တွင် ပါဝင်ဆောင်ရွက်ရပါကြောင်း။

 

ထို့ကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် သာမန်အသုံးစရိတ် ငွေကျပ် ၂၅၅၀ ဒသမ ၀၉၆ သန်းနှင့် ငွေလုံးငွေရင်းအသုံးစရိတ် ငွေကျပ် ၁၅၀ ဒသမ ၂၅ သန်းတို့ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ခွဲဝေချထားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ရုံးများ၏ အရအသုံးစာရင်းကိစ္စရပ်များ ဆောင် ရွက်နိုင်ရန်အတွက် ငွေထုတ်စာရင်းများကိုလည်း ၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်မှစ၍ ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ရုံးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ရုံးများအတွက် ငွေထုတ်သူ အရာရှိ ၁၅ ဦးကိုလည်း ခန့်အပ်တာဝန်ပေးခဲ့ပြီး ဖြစ်ပါကြောင်း။

 

ထို့ပြင် အဆင့်ဆင့်သော ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ နိုင်ငံ့ဝန်ထမ်းမဟုတ်သော ပုဂ္ဂိုလ်များအား စရိတ်ချီးမြှင့်ငွေ ထုတ်ပေးရေးဆောင်ရွက်ရမည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ အတည်ပြုပေးနိုင်ပါရန် တင်ပြလာခြင်းအပေါ် ပြည်ထောင်စုတရား လွှတ်တော်ချုပ်အနေဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသို့ သဘောထား အကြံပြုချက်တောင်းခံပြီး အတည်ပြုဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့်  ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဆင့်ဆင့်အတွက် လိုအပ်သည့်ဆောင်ရွက်မှုများကို ဥပဒေဆိုင်ရာအထောက် အကူပေးရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

 

 ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ၆ လတာကာလ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ယင်းနောက် အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ၆ လတာကာလ (၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်မှ အောက်တိုဘာလ ၉ ရက်အထိ) လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် အမျိုးသားပညာ ရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်နှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က အမျိုးသားပညာရေး မူဝါဒကော်မရှင်၏ ၆လတာကာလ (၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်မှ အောက်တိုဘာလ ၉ ရက် အထိ) လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်၊ သက်ဆိုင်ရာကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့၏ ပြန်လည်ရှင်းလင်း တင်ပြချက်များကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သဘာဝဓာတ်ငွေ့ပိုက်လိုင်း အဆင့်မြှင့်အစားထိုးလဲလှယ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့ (EDCF) ထံမှ အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၀၃၆ သန်း ချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

 

ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က နှစ်နိုင်ငံချေးငွေသဘောတူညီချက် ချုပ်ဆိုပြီး နောက်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် အသေးစိတ်ဆက်လက် ဆွေးနွေးညှိနှိုင်းကာ ယင်းဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝများ ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် စီမံကိန်း မစတင်မီ စီမံကိန်းနှင့် ပတ်သက်သည့် လုပ်ငန်းအစီအမံများကို ဒေသခံပြည်သူများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၊ ဌာန၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံရှင်းလင်းပြီး အပြန်အလှန်နားလည်မှုရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပိုက်လိုင်းတစ်လျှောက်တွင် မြေဆီလွှာပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန်အတွက် အပေါ်ယံမြေဆီလွှာနှင့် အောက်အလွှာမှ မြေသားများကို သီးခြားခွဲ ထုတ်စုပုံစေပြီး မြေဆီလွှာထိန်းသိမ်းခြင်းလုပ်ငန်းကိုလည်း စာချုပ် ချုပ်ဆိုသည့်အခါတွင် တိကျသေချာစေရန် စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

ယခုစီမံကိန်းကို ဆောင်ရွက်နိုင်ခဲ့မည်ဆိုပါက မြန်မာနိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်းကို သဘာဝဓာတ်ငွေ့ပိုက်လိုင်း ချိတ်ဆက်ပေးနိုင်မည့် ပင်မကြောရိုးပိုက်လိုင်း ကွန်ရက်စနစ် ဖြစ်ပေါ်လာနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် EDCF ချေးငွေဖြင့် မကွေး - ရွှေတောင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အစားထိုးဆက်သွယ်ခြင်း စီမံကိန်းအား ချေးငွေရယူ၍ ဆောင်ရွက်ခွင့်ပြုပါရန် ပြည်ထောင်စုလွှတ်တော် နာယကမှတစ်ဆင့် ရှင်းလင်းတင်ပြ အပ်ပါကြောင်း ပြောကြားသည်။

 

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရရှိပြီးသည့်အခါ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ EDCF တို့နှင့် ချေးငွေစာချုပ်ညှိနှိုင်းခြင်း၊ ချေးငွေစာချုပ် ချုပ်ဆိုနိုင်ရန် ဆက်လက်ဆောင်ရွက်ခြင်းနှင့် စာချုပ်အသက်ဝင်ရန် ရှေ့နေချုပ်နှင့်ညှိနှိုင်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ချေးငွေထုတ်ယူသုံးစွဲမှု၊ ချေးငွေ အရင်း/အတိုး၊ အချိန်စေ့ရောက်မှု၊ ပြန်လည်ပေးဆပ်မှုများ စသည့်လုပ်ငန်းစဉ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းအကောင် အထည်ဖော်မှုအပိုင်းကိုလည်း စောင့်ကြည့်ကြပ်မတ်သွားမည်ဖြစ်ပါကြောင်း။

 

သို့ဖြစ်ပါ၍ ပြည်-ဆားခါး ၁၄ လက်မ ဓာတ်ငွေ့ပိုက်လိုင်း၏ မကွေး-ရွှေတောင်အပိုင်း အဆင့်မြှင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ (Economic Development Cooperation Fund-EDCF) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၀၃၆ သန်း ရယူနိုင်ရေးကိစ္စအပေါ် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၄၃၀ မဲ၊ ကန့်ကွက်မဲ ၁ မဲ၊ ကြားနေမဲ ၁ မဲ ဖြစ်၍ ထောက်ခံမဲများသည့်အတွက် လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ - ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ ဒုတိယ ၆ လပတ်အခွန် ရငွေများနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၂/၂၀၂၀)တို့နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက  အခွန်အကောက်များ လျာထားရာတွင် ယခင်နှစ်အခြေအနေအပေါ် အခြေမခံဘဲ အမှန်ရသင့်ရထိုက်မှုများကို လျာထားသင့်ပါကြောင်း၊ ခေတ်ကာလနှင့်မညီသည့် အခွန်အကောက်နှုန်းထားများကိုလည်း ပြင်ဆင်ဆောင်ရွက်ရန်လို အပ်ပါကြောင်း၊ အရှုံးဖြစ်ပေါ်ခဲ့သည့် ကျော်စွာ ဓာတ်မြေဩဇာ စက်ရုံအနေဖြင့် အမြတ်များ ရရှိအောင် ဆောင်ရွက်နိုင်သကဲ့သို့ အရှုံးဖြစ်ပေါ်နေသည့် စက်ရုံများ၏ အကြောင်းရင်းများကို ပြန်လည်လေ့လာစိစစ်ပြီး တိုးတက်အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လျာထားချက် ပြည့်ရုံကောက်ခံခြင်း မဟုတ်ဘဲ ရသင့်ရ ထိုက်သည်များရရှိရေးနှင့် ကြွေးကျန်များကိုလည်း ပြည့်ဝစွာ ရရှိရေးတို့အတွက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ဒီမိုကရေစီနိုင်ငံတွင် အစိုးရအသုံးစရိတ်နှင့် တိုင်းပြည်လည်ပတ်ငွေကို အခွန်များမှ အဓိကသုံးရမည်ဖြစ်သောကြောင့် အလုပ်လက်မဲ့ များပြားမှုနှင့် ဝင်ငွေမညီမျှမှု အခြေအနေများအကြားတွင် အခွန်ပိုမိုရရှိရန်အတွက် ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီလုပ်ဆောင်သွားရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ အခွန်စည်းကြပ်ခြင်းမှ ကင်းလွတ်နေသည့်လုပ်ငန်းများ၊ လူပုဂ္ဂိုလ်များကို ရှာဖွေဖော်ထုတ်၍ ရသင့်ရထိုက်သည့် အခွန်များရရှိအောင် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ အခွန်ထမ်းများကို အခွန်ထမ်းဆောင်ပုံနှင့် ထမ်းဆောင်ရမည့်ငွေပမာဏကို ရှုပ်ထွေးခြင်း မရှိစေရန် ဆောင်ရွက်ပေးသင့်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စည်းကြပ်မှုမှ ကင်းလွတ်နေသည့် ဝင်ငွေများနှင့် အခြေပစ္စည်းများဝယ်ယူမှုတို့အတွက် အခွန်နှုန်းထားများကို လျှော့ပေါ့သတ်မှတ်ထားပါကြောင်း၊ ထို့အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် အစိုးရက ချမှတ်ထားသော မှုဝါဒအတိုင်း တိတိကျကျလိုက်နာဆောင်ရွက် အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံအတွက် အခွန်ငွေများ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးသည်။

 

ယင်းကိစ္စနှင့် စပ်လျဉ်း၍ မိုးမောက်မဲဆန္ဒနယ်မှ ဦးဝင်းအောင်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုး၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၊ သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦးနှင့် မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်းတို့က ဆက်လက်ဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ - စိုးဝင်းထွန်း