နေပြည်တော် ၂၆ မေ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အဖွဲ့ဝင် အစားထိုးတာဝန် ပေးအပ်ရန်နှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက်ရယူသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော နိုင်ငံတော်၏ လိုငွေအား ဖြည့်ဆည်းရန်အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၇၀၀ ရယူရေးနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယခုချေးငွေသည် ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းရန်အတွက် အဓိကသုံးစွဲမည့် ချေးငွေဖြစ်ပါကြောင်း၊ ၂၀၁၉ - ၂၀၂ဝဘဏ္ဍာ ရေးနှစ်အတွက် လိုငွေသည် ၂၀၂၀ စက်တင်ဘာလကုန်ပြီးမှသာ သိရှိနိုင်မည်ဖြစ်သည့်အတွက် ယင်းအချိန်တွင် မည်သို့ဖြည့်ဆည်းမည်ကို သိရှိနိုင်မည်ဖြစ်ပြီး လွှတ်တော်သို့လည်း အစီရင်ခံရန် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ COVID – 19 ၏ သက်ရောက်မှုများသည် ယနေ့အထိ တိကျစွာ ခန့်မှန်းတွက်ချက်၍ မရသေးပါကြောင်း၊ လိုအပ်သည့်အစီအမံများကို ကြိုတင်ဆောင်ရွက်နေကြသည့် အဆင့်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မည်သည့်နေရာတွင် မည်မျှသုံးမည်ဆိုသည်ကို အတိအကျ မပြောနိုင်သေးခြင်းဖြစ်ပါကြောင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍအတွက်လည်း မကျန်အောင် စီစဉ်ရမည်ဖြစ်ပါ ကြောင်း၊ ၇၀ ရာခိုင်နှုန်းသော လယ်သမားများအတွက်လည်း လူမှုစီးပွားဘဝများ တိုးတက်စေရန် ထည့်သွင်းစီစဉ်ရမည်ဖြစ်ပါကြောင်း၊ ပြည်ပမှ ပြန်လည်ရောက်ရှိ လာသည့် မိမိနိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးရေးကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ချေးငွေကို IMF နှင့်ညှိနှိုင်းပြီး ဘတ်ဂျက်လိုငွေဖြည့်ဆည်းရေးအတွက် ဦးတည်သုံးစွဲသွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရယူရေးကို နိုင်ငံတော်၏ ရေရှည် အကျိုးအတွက် ရယူဆောင်ရွက်လိုပါသဖြင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမင်းက COVID – 19 သက်ရောက်မှုကုစားရေးအတွက် IMF မှ ထုတ်ချေးမည့် ချေးငွေအစီအစဉ်များသည် နိုင်ငံသားများအတွက် ကျန်းမာရေး အသုံးစရိတ် တိုးမြှင့်ရေး၊ စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မှုသက်သာစေရန် ဘဏ္ဍာရေး တွန်းအားပေးမှု အစီအစဉ်များဆောင်ရွက်ရေး၊ COVID – 19 ကြောင့် စားဝတ်နေရေးအတွက် အခက်အခဲကြုံနေရသူများ ထောက်ပံ့ရေးတို့ကို အဓိကထား ဆောင်ရွက်နိုင်ရေးအတွက် ဘတ်ဂျက်လိုငွေဖြည့်ဆည်းရန် ဖြစ်ပါကြောင်း၊ IMF ထံမှ ချေးငွေရယူမည် ဆိုပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ရှေ့ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ချေးငွေအမေရိ ကန်ဒေါ်လာ သန်း ၇၀၀ ရယူရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူပြီး လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးစနစ် ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာသန်း ၂၀၀ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အဆိုပါ စီမံကိန်းကို မိမိတို့ဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး စိုက်ပျိုးရေးသုတသနဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
စီမံကိန်းကာလကို ၂၀၂၀ ပြည့်နှစ် ဇွန် ၃၀ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ၅ နှစ်ခွဲအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ချေးငွေသက်တမ်းအနေဖြင့် နှစ် (၃၀)၊ ဆိုင်းငံ့ကာလ ၅ နှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ် ဖြစ်ပြီး အတိုးနှုန်းမှာ ၁ ဒသမ ၂၅ ရာခိုင်နှုန်းနှင့် ဝန်ဆောင်ခမှာ ၀ ဒသမ ၇၅ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှု တိုးမြင့်လာနိုင်ခြင်း၊ ကွင်းဆက်တစ်လျှောက် စိုက်ပျိုးမွေးမြူ ထုတ်ကုန်များ၏ အရည်အသွေး ပိုမိုကောင်းမွန်လာပြီး ဈေးကွက်ယှဉ်ပြိုင်နိုင်မှု တိုးမြင့်လာနိုင်ခြင်း၊ အစားအစာဘေးကင်းလုံခြုံမှုနှင့် အာဟာရပြည့်ဝမှုအတွက် ပံ့ပိုးပေးနိုင်ခြင်း၊ COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် ရေတိုရေရှည် ကုစားပေးနိုင်မည့် အစီအမံများကို ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်လာမှုကို အထောက်အပံ့ ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း။
သို့ပါ၍ ကမ္ဘာ့ဘဏ်၏ IDA-18 အစီအစဉ်အောက်ရှိ အတိုးနှုန်းသက်သာသည့် အမေရိကန်ဒေါ်လာသန်း ၂၀၀ ချေးငွေရယူနိုင်ရေးအပေါ် ပြည်ထောင်စုလွှတ်တော်မှ ဆွေးနွေးခွင့်ပြုနိုင်ရေးအတွက် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယခုချေးငွေစီမံကိန်းသည် တည်ဆဲဥပဒေများနှင့်လည်း ကိုက်ညီပြီး ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာ၊ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မူဝါဒများ၊ MSDP၊ CERP လုပ်ငန်းစဉ်များနှင့်လည်း ကိုက်ညီသည့် ချေးငွေဖြစ်ပါကြောင်း၊ COVID – 19 အလွန်ကာလတွင် စီးပွားရေးအလျင်အမြန် ပြန်လည်နာလန်ထူ ထောင်နိုင်ရန် အခွင့်အလမ်းအကောင်းဆုံးကဏ္ဍတွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ လည်းပါဝင်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍကို နိုင်ငံ့ဘဏ္ဍာရန်ပုံငွေများအပြင် ယခုကဲ့သို့ ပြင်ပချေးငွေများဖြင့်လည်း ပံ့ပိုးဆောင်ရွက်ပေးသင့်သည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ချေးငွေအမေရိကန်ဒေါ်လာ သန်း ၂၀၀ ရယူနိုင်ရေးကိစ္စအပေါ် ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်ပြီး အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးပို့နိုင်ကြောင်းနှင့် မေ ၂၈ ရက်တွင်ဆွေးနွေး ရန်လျာထားကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၉ - ၂၀၂ဝခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးငွေကျပ် ၁၃၁၁ ဒသမ ၀၆၄ ဘီလီယံအတွင်းရယူရေးနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက ဗဟိုဘဏ်ချေးငွေ ငွေကျပ် (၁၃၁၁ ဒသမ ၀၆၄) ဘီလီယံသည် သတ်မှတ်စည်းမျဉ်းဘောင်အတွင်းမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ချေးယူခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် ချေးငွေအားလုံး အသုံးစရိတ်အဖြစ် ကျခံသုံးစွဲရမည်မဟုတ်ဘဲ နိုင်ငံ၏ ငွေသားအသုံးစရိတ် လိုအပ်ချက်အပေါ် မူတည်ပြီး သုံးစွဲနိုင်ရေးနှင့် ပြည်ထောင်စုအစိုးရ၏ အပ်ငွေစာရင်းလိုငွေ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးတို့အတွက် ချေးယူခြင်းဖြစ်သောကြောင့် ဗဟိုဘဏ်မှ ချေးယူမည့် ချေးငွေအပေါ် ကန့်ကွက်ရန်မရှိပါကြောင်း ဆွေးနွေးသည်။
ယင်းချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးစံဝင်းခိုင်၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထွန်းထွန်းဝင်းတို့က ဆက်လက်ဆွေးနွေးကြ သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော COVID – 19 ရောဂါကြောင့် လူမှုစီးပွားရေးထိခိုက်မှုများကို ကုစားနိုင်ရေးနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒ၊ ပြုပြင်ပြောင်းလဲမှု တိုးတက်ရေးအတွက် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၃ဝ ဘီလီယံ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်က COVID – 19 ကြောင့် လူမှုစီးပွားရေးထိခိုက်မှုများအတွက် ပြန်လည်ကုစားရန် ပြည်ပချေးငွေရယူခြင်းကိစ္စကို ယေဘုယျအားဖြင့် သဘောတူထောက်ခံပါကြောင်း၊ စီးပွားရေး၊ အလုပ်အကိုင်နှင့် လူမှုရေးဆိုင်ရာ အကျိုးဆက်များကို ကိုင်တွယ်ရာတွင် အမျှော်အမြင်ရှိသည့် စီးပွားရေးမူဝါဒများချမှတ်ပေးရန် လိုအပ်ပါကြောင်း၊ မူဝါဒများချမှတ်သည့်အခါတွင်လည်း ယုံကြည်စိတ်ချရပြီး မြန်ဆန်သည့် ဆန်းစစ်မှုများအပေါ် အခြေခံချမှတ်ရန် အရေးကြီးပါကြောင်း ဆွေးနွေးသည်။
စစ်ကိုင်းတိုင်ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်းက COVID – 19 ကြောင့် ပြည်သူများ လူမှုစီးပွားထိခိုက်မှုများ ရှိပါကြောင်း၊ ယင်းအတွက် နိုင်ငံတော်မှ မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးနိုင် မည်ကိုလည်း သိရှိလိုပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း နိုင်ငံ့စီးပွားရေးတည့်မတ်အောင် ဆောင်ရွက်ပေးရခြင်းနှင့် လူမှုစီးပွား အဆင်ပြေစေရန် ဆောင်ရွက်ပေးရသဖြင့် ငွေကြေးလိုအပ်မှုများ ရှိမည်ဖြစ်ပါကြောင်း၊ ယနေ့ နိုင်ငံတော်မှ ချေးယူမည့် JICA ချေးငွေသည် ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၃၀၊ ချေးငွေသက်တမ်း နှစ် ၄၀ ဖြစ်ပြီး အတိုးနှုန်းအနေဖြင့် တစ်နှစ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်းပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် CERP တွင် ချမှတ်ထားသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် JICA ထံမှ ဂျပန်ယန်း ၃ဝဘီလီယံ ချေးယူမည့်ကိစ္စကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ယင်းချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ဒေးဒရဲမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညို၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇော်ဝင်းနိုင်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးသန်းစိုး (ခေါ်) သန်းစိုး (ဘောဂဗေဒ)၊ ရှားတော မဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးမင်းဇာနည်ထွေး၊ စေတုတ္ထရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်းနှင့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကျော်စိုးသန့်တို့က ဆက်လက်ဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေအာမခံကော်ပိုရေး ရှင်းတည်ထောင်ရန် အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ သန်း ၆၀ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း(ခေါ်) ဒေါက်တာအားကာမိုးက SME ဆိုသည်မှာ ဒေသအလိုက်၊ လုပ်ငန်းအလိုက် လုပ်ကိုင်နေသည့် private sector အစစ်အမှန်များဖြစ်သည့်အတွက် SME များကိုထိထိရောက်ရောက် ပံ့ပိုးနိုင်မှသာ နိုင်ငံ၏ စီးပွားရေးအောင်မြင်မည်ဖြစ်ပါကြောင်း၊ SME ဖွံ့ဖြိုးရေးမှသည် နိုင်ငံ၏စီးပွားရေး တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန်အတွက် ချေးငွေ အာမခံကော်ပိုရေးရှင်း စီမံကိန်းကို အမြန်ဆုံးထိရောက်အောင်မြင်စွာ ဆောင်ရွက်ရန် တိုက်တွန်းရင်း ADB ထံမှ အမေရိကန်ဒေါ်လာသန်း ၆၀ ချေးယူရေးကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုးက COVID – 19 ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် စီးပွားရေးကျဆင်းမှုဒဏ်ကို ခံစားရပါကြောင်း၊ အစိုးရအနေဖြင့် စီးပွားရေးကို နှိုးဆွရန်အတွက် နည်းပေါင်းစုံဖြင့် ဆောင်ရွက်နေသကဲ့သို့ COVID – 19 အလွန်တွင် နိုင်ငံ့စီးပွားရေး ဦးမော့စေရန် ယခုကဲ့သို့ ချေးငွေအာ မခံကော်ပိုရေးရှင်းတည်ထောင်ဆောင်ရွက်ခြင်းသည် အချိန်အခါသင့်၍ ဆောင်ရွက်သင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
ယင်းချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်း၊ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်၊ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်သွင်စိုး၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒုတိယဗိုလ်မှူးကြီး သန့်ဇင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)မှ ဦးသန်းစိုး (ခေါ်) သန်းစိုး (ဘောဂဗေဒ)၊ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ပြည်ထွန်း၊ မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်းနှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်းတို့က ဆက်လက်ဆွေးနွေးကြ သည်။
ယင်းနောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင် ဦးထွန်းထွန်းဦးက ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် COVID – 19 ကာလအတွင်း ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပြီး ခွင့်ပြုထားသည့် လုပ်ငန်းများကို ကြီးကြပ်မှု၊ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကော်မရှင်၏ ရင်းနှီးမြှုပ်နှံမှုခွင့်ပြုပေးမှုများ၊ ကြီးကြပ်မှုများ၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆောင်ရွက်ချက်များနှင့် COVID – 19 ကြောင့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားမှုဆောင်ရွက်ချက်များကို Website တွင် အချိန်နှင့်တစ်ပြေးညီ ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်၏ ပြန်လည်ရှင်းလင်းတင်ပြ ချက်တို့ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို မေ ၂၇ ရက် တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်