နေပြည်တော် ၂၁  မေ 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂ ပုဒ်မခွဲ(က)နှင့် ပုဒ်မ၃၂ ပုဒ်မခွဲ(ခ)တို့ကို ပြင်ဆင်နိုင်ရန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင် က လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကျင်းပခြင်းအားဖြင့် အချိန်၊ လုပ်အားနှင့် ဘဏ္ဍာငွေကုန်ကျမှုများ သက်သာမှုရှိနိုင်သည်ဆိုသော်လည်း သီးခြား ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ခြင်းကြောင့် လိုအပ်သည့်အထောက်အကူ ပစ္စည်းများအတွက် နိုင်ငံတော်ဘဏ္ဍာ ငွေမှ ငွေကျပ်သန်းပေါင်း ၁၄၆၄၆ ဒသမ ၃၁၄သန်း အနည်းဆုံး ကုန်ကျခံသုံးစွဲရမည်ဟု တွက်ချက်ရရှိခဲ့ပါကြောင်း၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို မဖြစ်မနေဆောင်ရွက်ရန်အတွက် လမ်းညွှန်မည်ဆိုပါက လိုအပ်မည့် ဘဏ္ဍာငွေ ငွေကျပ် သန်းပေါင်း ၁၄၆၄၆ ဒသမ ၃၁၄ သန်းအား လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်း။

 

a

 

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခြင်းကြောင့် နိုင်ငံတော်၏ အရေးအရာကိစ္စများ၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် လွှတ်တော်များ၏ လုပ်ငန်းများအပေါ် ပြောင်းလဲအကျိုးသက်ရောက်မှုများစွာ မရှိသောကြောင့်လည်းကောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေကုန်ကျမှု အခြေအနေအရလည်းကောင်း၊ နောင်တွင်ပေါ်ပေါက်လာနိုင်သည့် အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာများနှင့်အတူ ဆန္ဒခံယူပွဲပြုလုပ်မည်ဆိုပါက ပိုမိုသင့်လျော်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခြင်းမပြုသေးဘဲ ခေတ္တဆိုင်းငံ့ထားသင့်သည်ကို အကြံပြု ရှင်းလင်းတင်ပြအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ် က နာယကအနေဖြင့်လည်း ကော်မရှင်၏ ရှင်းလင်းတင်ပြ ချက်သည် ကျိုးကြောင်းညီညွတ်မှုရှိသည့်အတွက် လက်ခံစဉ်းစားသင့်သည်ဟု သုံးသပ်ပါကြောင်း ပြောကြားပြီး လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ (ခ)တို့ကို ပြင်ဆင်နိုင်ရန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကျုင်းပခြင်းမပြုသေးဘဲ ခေတ္တဆိုင်းငံ့ထားသင့်ကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ တင်ပြချက်ကို လွှတ်တော်ကသဘောတူကြောင်း ကြေညာသည်။ 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတရုံးမှ ပေးပို့ထားသော မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာအုပ်စု၊ ကျေးရွာများ ပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်သို့တင်ပြ၍ မှတ်တမ်း တင်ကြောင်း ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ် ရန်ပုံငွေမှ နယ်စပ်ရေးရာဝန်ကြီးဌာနအတွက် ငွေ ကျပ် ၂၀၉၉ ဒသမ ၃၁ သန်းခွဲဝေ သုံးစွဲခဲ့ခြင်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ၂၀၁၉-၂၀၂ဝခု၊ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ နယ်စပ်ရေးရာဝန်ကြီးဌာနအတွက် ငွေကျပ် ၂၀၉၉ ဒသမ ၃၁သန်း ခွဲဝေသုံးစွဲခြင်းကို လွှတ်တော် က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၉-၂၀၂ဝ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေ ကျပ် ၁၃၁၁ ဒသမ ဝ၆၄ ဘီလီယံအတွင်း ရယူရေးနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်တို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။

 

a

 

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် အစိုးရ၏ ပြည်တွင်း၊ ပြည်ပကြွေးမြီလက်ကျန် အခြေအနေများကို ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၇ နှင့်အညီ ပုံမှန်အစီရင်ခံ တင်ပြလျက်ရှိပါကြောင်း၊ အစိုးရအနေဖြင့် ကြွေးမြီစီမံခန့်ခွဲမှု စွမ်းဆောင်ရည်ကို တိုးမြင့်အောင် လုပ်ဆောင်လျှက်ရှိပြီး နိုင်ငံ၏ ကြွေးမြီခံနိုင်ရည် ရှိမှုအခြေအနေကိုလည်း သင့်တင့်သည့် အခြေအနေတွင်သာရှိရန် ထိန်းသိမ်းဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က မြန်မာနိုင်ငံတော် ဗဟိုဘဏ် ထံမှ အစိုးရငွေတိုက်လက်မှတ်များ အာမခံပေး၍ ချေးငွေရယူရန် ငွေကျပ် ၁၃၁၁ ဒသမ ဝ၆၄ လျာထားမှုအပေါ် လွှတ်တော်က အတည်ပြုပေးပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ် က ပြည်ထောင်စုအစိုးရအဖွဲ့သည် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖြစ်ပေါ်လာမည့် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ခန့်မှန်းချက်အတိုင်း ငွေကျပ် ၁၃၁၁  ဒသမ ဝ၆၄ ဘီလီယံအတွင်း မကျော်လွန်စေဘဲ လိုအပ်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေတိုက်စာချုပ်များ၊ အစိုးရငွေတိုက်လက်မှတ်များ ဝယ်ယူခြင်းဖြင့် ဖြည့်ဆည်းပေးရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ချေးငွေထုတ် ချေးခွင့်ပြုရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဥပဒေပုဒ်မ ၉၁ ပါ ပြဋ္ဌာန်းချက် များနှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်ရယူပေးပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်းနှင့် မေ ၂၆ ရက်တွင် ဆွေးနွေးရန် လျာထားပါကြောင်း အသိပေးကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော COVID–19 ရောဂါကြောင့် လူမှုစီးပွားရေးထိခိုက်မှုများကို ကုစားနိုင်ရေးနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒ၊ ပြုပြင်ပြောင်းလဲမှု တိုးတက်ရေးအတွက် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ဘီလီယံ ၃၀ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် COVID–19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် လူမှု စီးပွားရေးဆိုင်ရာ ထိခိုက်မှုများကို ကုစားနိုင်ရန် နိ်ုင်ငံတော်မှ COVID – 19 Economic Relief Plan (CERP) ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ CERP တွင် ချမှတ်ထားသော ဆောင် ရွက်ရန် လုပ်ငန်းစဉ်များ (Action Plans) ကို ရေတို၊ ရေရှည်သတ်မှတ်ပြီး အကောင်အထည်ဖော်ရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရန်အတွက် ဘဏ္ဍာငွေ အရင်းအမြစ်များ သုံးစွဲရန် လိုအပ်ပါကြောင်း။

ယခုချေးငွေသည် JICA အနေဖြင့် ကနဦးချေးငွေအဖြစ် ဂျပန်ယန်း ဘီလီယံ ၃၀ ပေးအပ်ခြင်းဖြစ်ပြီး မူဝါဒပိုင်းဆိုင်ရာ တိုးတက်မှုများအပေါ် မူတည်၍ နောက်ထပ်ချေးငွေများ ဆက်လက်ရရှိနိုင်သည်ကို သိရှိရပါကြောင်း၊ JICA ၏ ချေးငွေဆိုင်ရာ စည်းကမ်းချက်များအရ ဆိုင်းငံ့ကာလ (၁၀)နှစ်၊ ပြန်ဆပ်ကာလ နှစ်(၃၀)၊ စုစုပေါင်း ချေးငွေ သက်တမ်းနှစ် (၄၀)ဖြစ်ပြီး အတိုးနှုန်းမှာ ဝ ဒသမ ဝ၁ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ဤ ချေးငွေစီမံကိန်းသည် တည်ဆဲဥပဒေများ၊ နိုင်ငံတော်၏ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာ၊ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈ - ၂၀၃၀) MSDP နှင့် ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၇ ရက်က ထုတ်ပြန်ထားသော COVID–19 Economic Relief Plan ပါ လုပ်ငန်းစဉ်များနှင့် ကိုက်ညီမှု ရှိပါကြောင်း။

သို့ဖြစ်ပါ၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက COVID–19 ကြောင့် လူမှုစီးပွားရေးဆိုင်ရာ ထိခိုက်မှုများ လိုအပ်သလို ကုစားနိုင်ရေးနှင့် စီးပွားရေးနလံထူ လာစေရန် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ဘဏ္ဍာငွေ အရင်းအမြစ် တစ်ခုအနေဖြင့် JICA ထံမှ ချေးငွေဂျပန်ယန်း ၃၀ ဘီလီယံ ရယူနိုင်ရေးကိစ္စကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုချက်ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် မေ ၂၆ ရက်တွင် ဆွေးနွေးရန် လျာထားပါကြောင်း ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေအာမခံကော်ပိုရေးရှင်း တည်ထောင်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ထံမှ အမေရိကန်ဒေါ်လာသန်း ၆၀ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ချေးငွေ၏ သက်တမ်းမှာ ဆိုင်းငံ့ကာလ (၈)နှစ်၊ ပြန်ဆပ်ကာလ (၂၄)နှစ် စုစုပေါင်း ချေးငွေသက်တမ်း (၃၂) နှစ်ဖြစ်ပါကြောင်း၊ ဆိုင်းငံ့ကာလအတွင်း တစ်နှစ်လျှင် အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြစ်ပြီး ပြန်ဆပ်ကာလအတွင်း တစ်နှစ်လျှင် အတိုးနှုန်း ၁ ဒသမ ၅ ရာခိုင် နှုန်းဖြစ်ပါကြောင်း၊ ချေးငွေအမေရိကန်ဒေါ်လာသန်း (၆၀)အနက် ဒေါ်လာ (၃)သန်း ကို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံချက် အကောင်အထည်ဖော်ဆောင်ရေး ဆက်စပ်လုပ်ငန်းများအတွက် သုံးစွဲနိုင်ပါကြောင်း။

ချေးငွေအာမခံကော်ပိုရေးရှင်း တည်ထောင်၍ ငွေရေးကြေးရေး လက်လှမ်းမီမှုကို တိုးမြှင့်ပေးရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် ချေးငွေအာမခံ ကော်ပိုရေးရှင်းအနေဖြင့် ချေးငွေအာမခံချက် လိုအပ်သော SME လုပ်ငန်းများသို့ အာမခံချက်ထုတ်ပေးနိုင်ခြင်း၊ SME လုပ်ငန်းများ၏ ဘဏ်ချေးငွေရရှိမှုကို တိုးတက်စေနိုင်ခြင်း၊ ချေးငွေအာမခံ ကော်ပိုရေးရှင်းမှတဆင့် ပိုမိုကြီးမားသော ရင်းနှီးမြှုပ်နှံမှုများနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေးကို ဖြစ်ပေါ်လာစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ချေးငွေ အာမခံကော်ပိုရေးရှင်း တည်ထောင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ အတိုးနှုန်းသက်သာသည့် ချေးငွေ အမေရိကန်ဒေါ်လာ သန်း(၆၀) ရယူဆောင်ရွက်ခွင့်ပြုပါရန် ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်ပြီး အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် မေ ၂၆ ရက်တွင် ဆွေးနွေးရန် လျာထားပါကြောင်း ကြေညာသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အဋ္ဌမအကျော့အာဆီယံ ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖြေလျှော့ပေးရေး သဘောတူညီချက် အသက်ဝင်ရေး အတည်ပြုစာချွန်လွှာတွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးနိုင်ရေးနှင့် စပ်လျဉ်း၍ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်းနှင့် မေ ၂၆ ရက်တွင် ဆွေးနွေးရန် လျာထားပါကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာန က ဆောင်ရွက်လျက်ရှိသည့် မြန်မာ - ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားတည်ဆောက်ရေး စီမံကိန်းတိုးချဲ့ရန် ကိုရီးယားသမ္မတနိုင်ငံ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပူး ပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (EDCF) ထံမှ အမေရိကန်ဒေါ်လာသန်း ၂၀ ချေးငွေ ရယူရေးနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းတို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် မေ ၂၇ ရက်တွင် ဆွေးနွေးရန် လျာထားပါကြောင်း ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ဆောင်ရွက်မည့် အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်း စီမံကိန်းအတွက် ဩစတြီးယား နိုင်ငံ၊ Unicredit Bank ထံမှ အတိုးမဲ့ချေးငွေ ယူရို ၃၃ သန်း ရယူရေးနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် မေ ၂၇ ရက်တွင် ဆွေးနွေးရန် လျာထားပါကြောင်း ကြေညာသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှုအရေးပေါ် စီမံချက်အကောင် အထည်ဖော်ရန် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA)ထံမှ အမေရိကန်ဒေါ်လာသန်း ၅၀ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ဒဂုံ မဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်က ယခုချေးငွေသည် လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ COVID - 19 အတွက် အလျင်အမြန် အထောက် အကူပေးမည့် သီးသန့်အစီအစဉ်ခေါင်းစဉ်အောက်တွင် ချေးယူခြင်း ဖြစ်ပါကြောင်း၊  အဆိုပါ ချေးငွေအား ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ပြည်သူ့ဆေးရုံ ကြီးများတွင် အထူးကြပ်မတ်ကုသဆောင်များနှင့် လူနာဆောင်များ အဆင့်မြှင့်တင်ခြင်း၊ Liquid Oxygen စက် ဝယ်ယူခြင်းတို့အတွက် အသုံးပြု သွားမည်ဖြစ်သဖြင့် ရောဂါကြောင့်သေဆုံးမှုကို တတ်နိုင်သမျှ လျှော့ချနိုင် မည်ဖြစ်ပါကြောင်း။

ထို့ပြင် ရောဂါဖြစ်ပွားမှု ကာလကျော်လွန်ပြီးပါကလည်း ယခုစီမံချက်ဖြင့် အဆင့်မြှင့်တင် ခဲ့သည့် လူနာဆောင်များ နှင့် အထူးကြပ်မတ်ကုသဆောင်များသည် နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ရပ်လုံးကို အထောက်အကူပြု မည်ဖြစ်သဖြင့် ရေရှည်အကျိုးဖြစ်ထွန်းမည့် စီမံကိန်းတစ်ရပ်ဖြစ်သည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် ကမ္ဘာ့ဘဏ်မှ ချေးယူသည့် ဒေါ်လာ သန်း ၅၀ သည် COVID 19 ကုသရေးအတွက်သာ သုံးစွဲမည်ဖြစ်သဖြင့် ကူးစက်ပြန့်နှံမှုကို ထိထိရောက်ရောက် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လုံလောက်သည့် ဘတ်ဂျက်များ လျာထားနိုင်ပါရန် တိုက်တွန်း လိုပါကြောင်း ဆွေးနွေးသည်။

အဆိုပါ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်း၊ ဖာပွန် မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇေဖြိုး၊ ကြံခင်း မဲဆန္ဒနယ်မှ ဒေါက်တာထွန်းလင်းမော်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်ကျိန်ငိုက်မန်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးကျော်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁) ဦးကျော် သောင်း၊ တပ်မတော် သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးကျင့်ခန့်ပေါင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) မှ ဒေါ်ထုမေ နှင့် ကျွန်းစုမဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီ တို့က ဆက်လက်ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ် တော်သို့ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင် ဒေါ်ရွှေရွှေစိန်လတ် က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၄/၂၀၂၀)ကို ဖတ်ကြားတင်ပြပြီး လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်း သည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၄၊ နည်းဥပဒေခွဲ (ဃ)၊ (င) တို့နှင့်အညီ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက ဆွေးနွေးလိုသည့် ဌာန၊ အဖွဲ့အစည်းကိုဖော်ပြပြီး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးခင်မောင်သန်း က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ (၅/၂၀၂၀)ကို ဖတ်ကြားတင်ပြပြီး လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်း သည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းအစီရင်ခံစာနှင့်စပ် လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၄၊ နည်းဥပဒေခွဲ (ဃ) (င) တို့နှင့်အညီ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ဆွေးနွေးလိုသည့် ဌာန၊ အဖွဲ့အစည်းကို ဖော်ပြပြီး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက လက်ရှိ ကမ္ဘာ့ကပ်ရောဂါဘေးကြောင့် တစ်ကမ္ဘာလုံး စီးပွားရေးလုပ်ငန်းများ၊ ဝင်ငွေများ ကျဆင်းနေသည့် အခြေအနေတွင် မိမိနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအသစ်များ တိုးမလာနိုင်သော်လည်း ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုများ မလျော့သွားစေရန်နှင့် မပျောက်ပျက်သွားစေရန်တို့အတွက် နည်းလမ်းများစွာဖြင့် ကြိုတင် စီမံကာ ကွယ်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံခြားငွေဈေးနှုန်း ကျဆင်းနေမှုသည် ပို့ကုန်ကဏ္ဍအတွက်  အခက်အခဲဖြစ်နိုင်သောကြောင့် ထိန်းညှိဆောင်ရွက်ပေးရန်လည်း လိုအပ်ပါကြောင်း။

လက်ရှိကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေဆဲကာလ ကျော်လွန်ပြီးနောက်ပိုင်းတွင် လက်ရှိ ရင်းနှီးမြှုပ်နှံမှုများ လျော့နည်း ကျဆင်းမသွားဘဲ ပြန်လည်လည်ပတ်နိုင်ရေးနှင့် ကမ္ဘာ့နိုင်ငံများ အခြေအနေအရ  နိုင်ငံအတွက် အားသာချက်၊ ဈေးကွက်အလားအလာ ကောင်းများရရှိလာနိုင်မည့်လုပ်ငန်းကဏ္ဍ၊ ပို့ကုန်များကို ကုန်သွယ်ဘက်နိုင်ငံများအပြင် အခြားဈေးကွက်အလားအလာရှိနိုင်သည့် နိုင်ငံများ၏ အနေအထားများကို ကြိုတင်လေ့လာထားပြီး အချိန်ကိုက် ထုတ်လုပ်နိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကဏ္ဍ ၂ ခု ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရန် အကြံပြုလိုပါကြောင်း ဆွေးနွေး သည်။

ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထွဋ်၊ တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဇော်လွင်နှင့် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း (ခေါ်) ဒေါက်တာအားကာမိုး တို့က ဆက်လက်ဆွေးနွေးကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို မေ ၂၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်