နေပြည်တော် ၁၈ မေ

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင်  ယနေ့စတင်ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်အနေဖြင့်  လက်ရှိကာလအတွင်းမဖြစ်မနေ ဆောင်ရွက်ပေးရမည့်  ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအပါအဝင် ဦးစားပေးဆောင်ရွက်ပေးရမည့် လုပ်ငန်းများကိုကာလတိုအတွင်း ပြီးစီးနိုင်ရေးစီမံ ဆောင်ရွက်ထားပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်းကို ဦးစွာပြောကြားလိုပါကြောင်း။

 

ဥပဒေကြမ်းတွင်ပါရှိသည့် စီမံကိန်းလုပ်ငန်းများအတွက် ဖြည့်စွက်သုံးငွေများကို စိစစ်ရာတွင် လက်ရှိအခြေအနေအရ ပုံမှန်လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်နိုင်ခြင်း မရှိသည်ကိုလည်း နားလည်နိုင်ကြပါရန် ပြောကြားလိုပါကြောင်း။

 

ယခုကာလသည် ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရေး၊ သွားလာရေးနှင့် နေထိုင်စားသောက်ရေးတို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့အပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တတ်စွမ်းသမျှ ဆောင်ရွက်ထားရှိပါကြောင်း။

 

လွှတ်တော်ခန်းမတွင်း နေရာချထားရာတွင်လည်း Social Distancing Way အရ အတတ်နိုင်ဆုံး အဆင်ပြေအောင် ဆောင်ရွက်ထားရှိပါကြောင်း၊ လွှတ်တော်အစည်းအဝေးများတွင် ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အချက်များကိုလည်း အသိပေးပန်ကြားစာ ထုတ်ပြန်ထားပြီးဖြစ်သကဲ့သို့ ကိုယ်စားလှယ်များ တစ်ဦးချင်းအနေဖြင့် သက်ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဂရုပြုသွားလာနေထိုင်ကြရန် မှာကြားလိုပါကြောင်း။

 

ယနေ့စတင်ကျင်းပသည့် ပုံမှန်အစည်းအဝေးကို နှစ်ပတ်ကာလခန့်သာ ပြုလုပ်ရန် လျာထားပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တန်ဖိုးရှိလှသည့်အချိန်ကို အကျိုးရှိရှိအသုံးပြု စီမံဆောင်ရွက်နိုင်ကြပါစေ၊ နိုင်ငံတော်နှင့် နိုင်ငံသားပြည်သူများအကျိုး စီးပွားအတွက် တာဝန်ထမ်းဆောင်ကြရာတွင် တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ပိုင်းခြားနားလည်ပြီး ပြည်သူကိုကိုယ်စားပြုခြင်း၊ ဥပဒေပြုခြင်းနှင့် အပြန်အလှန် ထိန်းကျောင်းခြင်းဆိုသည့် လွှတ်တော်၏ အဓိကတာဝန်များကို ကျေပွန်အောင် ပူးပေါင်းဆောင်ရွက်နိုင်ကြပါ စေကြောင်းဆန္ဒပြုရင်း ကြိုဆိုနှုတ်ခွန်းဆက်သ အပ်ပါကြောင်းပြောကြားသည်။

 

အစည်းအဝေးတွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၀ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)နှင့် ပုဒ်မ ၁၀၃ ပုဒ်မခွဲ (င) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရ အဖွဲ့က ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း ရခြင်းဖြစ်ပါကြောင်း၊ ဥပဒေကြမ်းနှင့်အတူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ထပ်မံခွင့်ပြုပေးမည့် ဖြည့်စွက်ခွင့်ပြုငွေများအပါအဝင် ရငွေနှင့် သုံးငွေပြောင်းလဲမှုများအရ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း(RE) ကိုလည်း မူလခန့်မှန်းခြေငွေစာရင်း(BE)နှင့် နှိုင်းယှဉ် သုံးသပ်နိုင်ရန် ရေးဆွဲတင်ပြထားပါကြောင်း။

 

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဌာန၊ အဖွဲ့အစည်းများ၏ ခွင့်ပြုငွေတောင်းခံမှုများကို မစိစစ်မီ လာမည့်ဘဏ္ဍာရေးနှစ်  မူလခန့်မှန်းခြေငွေစာရင်း (BE) တွင် ဆောင်ရွက်နိုင်သည်များကို (BE) မှသာတောင်းခံရန်နှင့် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေသည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးမှသာ သုံးစွဲနိုင်မည်ဖြစ်၍ ရရှိချိန် ၄ လခန့်အတွင်း အမှန်သုံးစွဲနိုင်မည့်ကိစ္စများ၊ ဆောင်ရွက်ဆဲစီမံကိန်းများနှင့် ဦးစားပေးလိုအပ်သည့် ကိစ္စများအတွက်သာ တောင်းခံကြပါရန် ဌာန၊ အဖွဲ့အစည်းများသို့ ကြိုတင်အကြောင်းကြားခဲ့ပါကြောင်း။

 

ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက စိစစ်သည့်အခါ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ နိုင်ငံတော်သို့ထည့်ဝင်ငွေ စသည့် နိုင်ငံတော်က ရရှိမည့် အသုံးစရိတ်များကို တင်ပြသည့်အတိုင်း ခွင့်ပြုခဲ့ပါကြောင်း၊ ပြည်ပအကူအညီရငွေများနှင့် ချေးငွေများထပ်မံရရှိလာခြင်းကြောင့် လိုအပ်လာသည့် အသုံးစရိတ်၊ အမှန်တကယ် ထပ်မံလိုအပ်သည့် လစာစရိတ်၊ ပင်စင်၊ ဒေသစရိတ်၊ ပြည်တွင်းအတိုးပေးငွေနှင် ပြည်ပချေးငွေအတွက် အတိုးနှင့်အရင်းပေးဆပ်ငွေများကို အပြန်အလှန်မေးမြန်းစိစစ်၍ ခွင့်ပြုခဲ့ပါကြောင်း။

 

စိစစ်နေစဉ်ကာလအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းများကို နိုင်ငံတော်မှ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများ ဆောင်ရွက်ရန် လိုအပ်လာပါက ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများနှင့် COVID-19 သက်ရောက်မှု ကြောင့်ဖြစ်ပေါ်လာမည့် စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို ကုစားနိုင်ရန် လိုအပ်သည့် အသုံးစရိတ်များကိုလည်း စိစစ်ညှိနှိုင်း၍ ခွင့်ပြုပေးခဲ့ပါကြောင်း။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေ ဆောင်ရွက်ရမည့် ဦးစားပေးအသုံး စရိတ်များတွင် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်းမရှိ၍ GRF သို့ ပြန်လည်အပ်နှံခဲ့ရသည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် ယခု ဘဏ္ဍာရေးနှစ်တွင် ပြီးပြတ်အောင် ပြန်လည်တောင်းခံလာသည့် အသုံးစရိတ်များနှင့် ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံလိုအပ်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် အသုံးစရိတ်များ၊ လယ်မြေနှင့် ဥယျာဉ်ခြံမြေတို့အတွက် မြေလျော်ကြေးပေးရန် အသုံးစရိတ်များ ပါဝင်ပါကြောင်း။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေပေးရေးကိစ္စနှင့် ပြုပြင်ပြီး ခန့်မှန်းခြေ အရအသုံးများရေးဆွဲသည့် ကိစ္စတို့ကို ဥပဒေနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့က လွှတ်တော်သို့ တင်ပြထားပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို တင်ပြအပ်ပါကြောင်း၊ ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့တင်ပြထားသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေး ဥပဒေကြမ်းတို့အပေါ် ပြည်ထောင်စုလွှတ်တော်မှ ဆွေးနွေးသုံးသပ်အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း လွှတ်တော်သို့ တင်သွင်းသည်။

 

ထို့နောက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာ မြတ်ဥာဏစိုးက ဥပဒေဆိုင်ရာသုံးသပ်ချက်အစီရင်ခံစာ ကိုလည်းကောင်း၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ငွေကြေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာများကိုလည်းကောင်း လွှတ်တော်သို့ ဖတ်ကြားတင်ပြကြသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်း၏ မူနှင့် အခြေခံသဘောများ၊ ရငွေသုံးငွေများ နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာငွေ အရအသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက  ရှင်းလင်းတင်ပြရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ နှစ်စဉ်တင်ပြရသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းကျင့်သုံး လျက်ရှိသကဲ့သို့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင်လည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာလျာထားချက်နှင့် ဥပဒေကြမ်းများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များက သက်ဆိုင်ရာ လွှတ်တော်အသီးသီးသို့ နှစ်စဉ်အချိန်မီ တင်ပြနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းကျင့်သုံးရန် လိုအပ်လာပါကြောင်း။

 

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးရေးဆွဲတင်ပြခြင်း ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းနိုင်မည်ဆိုပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များအကြား ဘတ်ဂျက်ရေးဆွဲခြင်း၊ တင်ပြခြင်း၊ စိစစ်ခြင်းတို့အတွက် အချိန်လုံလောက်စွာရရှိပြီး လုပ်ငန်းစဉ်များ ပိုမိုချောမွေ့လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့တင်သွင်းရခြင်း ဖြစ်ပါကြောင်း၊ ဥပဒေကြမ်းတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့က ဘဏ္ဍာငွေအရအသုံးဆိုင်ရာများ လွှတ်တော်သို့တင်ပြရာတွင် ပါဝင်ရမည့်အချက်များ၊ အချိန်ကာလသတ်မှတ်ချက်များ၊ အကောင်အထည်ဖော်မှု အစီရင်ခံစာတင်သွင်းရန် သတ်မှတ်ချက်များ အဓိကပါဝင်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်များနှင့်အညီ ပြင်ဆင်ထားပါကြောင်း၊  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ် အတည်ပြုပြဋ္ဌာန်းပေးနိုင်ပါရန် တင်သွင်းအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဥပဒေကြမ်းပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာငွေအရအသုံးရေးဆွဲ တင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာငွေ အရအသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှုအရေးပေါ်စီမံချက် အကောင်အထည်ဖော်ရန် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာသန်း ၅၀ ချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က COVID – 19 ရောဂါကုသရေး  လုပ်ငန်းများအပြင် အခြားကူးစက်မြန်ရောဂါများနှင့် မကူးစက်နိုင်သော ရောဂါများအတွက် ပြည်သူ့ဆေးရုံများတွင် ဆေးကုသမှု အရည်အသွေးကောင်းမွန်ရေးအတွက် အထူးကြပ်မတ် ကုသမှုများအဆင့်မြှင်တင်ခြင်း၊ အောက်ဆီဂျင်ဖြင့် ကုသမှုပေးနိုင်မည့် အခြေအနေများ  ဖြည့်ဆည်းခြင်းနှင့် ဆေးရုံရောဂါပိုး ကူးစက်မှုကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အားဖြည့်ဆောင်ရွက်ခြင်းတို့ အထူးလိုအပ်လျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများအတွက် လိုအပ်သော ဆေးရုံသုံးစက်ပစ္စည်းနှင့် ကျန်းမာရေးဝန်ထမ်းများ၏ ဆေးကုသမှုဆိုင်ရာ အရည်အသွေးမြှင့် တင်ရေးလုပ်ငန်းများမှာ အခြေခံကျပြီး မရှိမဖြစ်ဖြည့်ဆည်းရမည့် လုပ်ငန်းများ ဖြစ်ပါကြောင်း။

 

စီမံချက်တွင်ပါဝင်မည့် ငွေလုံးငွေရင်းအသုံးစရိတ် အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၅ သန်းကို မြန်မာတစ်နိုင်ငံလုံးရှိ ဗဟိုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဆေးရုံကြီးများရှိ အထူးကြပ်မတ်ကုသဌာနများနှင့် အခြေခံကျပြီး အရေးကြီးသည့် အောက်ဆီဂျင်ဖြင့် ကုသမှုပေးနိုင်မည့် အခြေအနေများဖြည့်ဆည်းခြင်းတို့အတွက် လိုအပ်သည့် ဆေးရုံးသုံးပစ္စည်းကိရိယာများ ဝယ်ယူဖြည့်ဆည်းမည်ဖြစ်ပါကြောင်း၊ သာမန်အသုံးစရိတ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းကို System strengthening for clinical care capacity ၊ Capacity building နှင့် Project Management and Monitoring and Evaluation တို့တွင် အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ချေးငွေရယူနိုင်ပါရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်မည့် ကျန်းမာရေးဆိုင်ရာတုံ့ပြန်မှု အရေးပေါ်စီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့ဘဏ်၏ First Track COVID-19 Facility အစီအစဉ်အောက်မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀  ရယူရေးကိစ္စရပ်နှင့်စပ်လျဉ်း၍ ကမ္ဘာ့ဘဏ်၏ IDA 18 ချေးငွေဆိုင်ရာ စည်းကမ်းချက်များအရ ဆိုင်းငံ့ကာလ (၅) နှစ်၊ ပြန်ဆပ်ကာလ (၂၅) နှစ် စုစုပေါင်းချေးငွေ သက်တမ်းနှစ် (၃၀) ဖြစ်ပါကြောင်း၊ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁ ဒသမ ၂၅ ရာခိုင်နှုန်းဖြစ်ပြီး ဝန်ဆောင်ခမှာ တစ်နှစ်လျှင် ၀ ဒသမ ၇၅ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ အဆိုပါချေးငွေ၏ Grant Element တွက်ချက်ရာတွင် ၃၈ ဒသမ ၃၇ ရာခိုင်နှုန်းရရှိသည့်အတွက် သက်သာသောချေးငွေ ဖြစ်ပါကြောင်း။

 

စီမံကိန်းအသုံးစရိတ်များကို ထိရောက်မြန်ဆန်စွာဖြင့် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့အတူ စီမံကိန်းတိုးတက်မှု အစီရင်ခံစာများကိုလည်း ပုံမှန်တင်ပြပေးရန် လိုအပ်ပါကြောင်း။

 

ယခုချေးငွေစီမံကိန်းသည် တည်ဆဲဥပဒေများ၊ နိုင်ငံတော်၏ “ကာလလတ် ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာ”၊ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မူဝါဒ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း MSDP (၂၀၁၈-၂၀၃၀)၊ COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan- CERP) ၏ ပန်းတိုင် - ၆ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို အားကောင်းလာစေခြင်း” တို့နှင့် ကိုက်ညီမှုရှိပါကြောင်း။

 

သို့ဖြစ်ပါ၍ ကမ္ဘာ့ဘဏ်၏ Fast Track COVID-19 Facility အစီအစဉ်အောက်မှ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၅၀ ရယူနိုင်ရေးကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်၍ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှုအရေးပေါ်စီမံချက် အကောင်အထည်ဖော်ရန် ကမ္ဘာ့ ဘဏ်၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာသန်း ၅၀ ချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ရှင်းလင်းတင်ပြရာတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များကို အစီရင်ခံ တင်ပြသွားမည်ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှု ကော်မရှင်အနေဖြင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ဥပဒေမူဘောင်များ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အစီအစဉ်များကို ပြည်ပနိုင်ငံ ၆ နိုင်ငံတွင် ၁၁ ကြိမ်၊ ပြည်နယ်နှင့် တ်ိုင်းဒေသကြီးများတွင် ၂၉ ကြိမ် ကျင်းပခဲ့ပါကြောင်း၊ ကော်မရှင်ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေခြင်း ရှိ၊ မရှိနှင့် လုပ်ငန်းရှင်များကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် ကော်မရှင်၏ ရင်းနှီးမြှုပ်နှံမှု ကြီးကြပ်ရေးအဖွဲ့ဝင်များက ၃၅၆ ကြိမ် ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း။

 

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူလျှင်မြန်စွာ ဝန်ဆောင်မှုပေးနိုင်ရန် ONE STOP SERVICE (OSS) အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု အကူအညီပေးရေး ကော်မတီကိုဖွဲ့စည်းကာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၇ ခု၏ အခက်အခဲများကို ကူညီဖြေရှင်းခဲ့ပါကြောင်း၊ အစီရင်ခံကာလအတွင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၉၇ ခုနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၂၅ ခုတို့သည် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို မှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော နိုင်ငံတော်၏ လိုငွေကို ဖြည့်ဆည်းရန်အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေအမေရိကန်ဒေါ်လာ သန်း ၇၀၀ ရယူရေးနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကျန်းမာရေး အသုံးစရိတ်များ တိုးမြှင့်သုံးစွဲလျက်ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လတ်တလော စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် လုပ်ငန်းကဏ္ဍများအတွက် နိုင်ငံတော်က သက်သာသော ချေးငွေများ ထုတ်ချေးခြင်းကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ လှည့်ပတ်ရန်ပုံငွေနှင့် လူမှုဖူလုံရေးအဖွဲ့ရန်ပုံငွေတို့ ပေါင်းစပ်၍ ကိုဗစ်-၁၉ ရန်ပုံငွေ ထူထောင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စားကုန် ၅ မျိုးထောက်ပံ့ပေးခြင်း၊ နိုင်ငံတော်အတွက် အရန်ဆန်၊ ဆီ၊ ရိက္ခာများ ဝယ်ယူစုဆောင်းခြင်းတို့အပါအဝင် ကိုဗစ်-၁၉ နှင့် ဆက်စပ်သော အသုံးစရိတ်များကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မူလခန့်မှန်းခြေဘောင်အတွင်းမှ ရန်ပုံငွေ လွှဲပြောင်းသုံးစွဲခြင်း နည်းလမ်းဖြင့်လည်း ကျခံသုံးစွဲဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

စီးပွားရေးထိခိုက်မှုရှိခဲ့သော CMP လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းများနှင့် အသေးစား၊ အလတ်စားလုပ်ငန်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း  ၃ လတစ်ကြိမ်ပေးဆောင်ရမည့် ဝင်ငွေခွန်နှင့် လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်များကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်အထိ ရွေ့ဆိုင်းပေးခဲ့ခြင်း၊ ပို့ကုန်လုပ်ငန်းများမှ ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်ကုန်အထိ ကင်းလွတ်ခွင့်ပေးခဲ့ခြင်း၊ ခေတ္တရပ်နားခဲ့ရသော စီးပွားရေးလုပ်ငန်း အချို့တွင် ဝင်ငွေလျော့နည်းမှုကြောင့် ၎င်းအပေါ်ကောက်ခံသည့် ဝင်ငွေခွန်များ လျော့နည်းနိုင်မည်ဖြစ်ခြင်း၊ နိုင်ငံတော်၏ အခွန်အကောက်ရငွေများအပေါ် ထိခိုက်နိုင်ခြင်းနှင့် ကမ္ဘာ့ရေနံဈေးနှုန်းကျဆင်းမှုကြောင့် သဘာဝဓာတ်ငွေ့ရောင်းရငွေများ လျော့ကျနိုင်ခြင်းတို့ကြောင့် နိုင်ငံတော်၏ ရငွေများ လျော့နည်းနိုင်သဖြင့် နိုင်ငံတော်၏ လိုငွေအပေါ် သက်ရောက်မှုများစွာ ရှိလာမည်ဖြစ်ပါကြောင်း။

 

သို့ဖြစ်၍ မြင့်တက်လာနိုင်သည့် ဘဏ္ဍာရေးလိုငွေကို ဖြည့်ဆည်းရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ငွေချေးယူသည့် နည်းလမ်းဖြင့် များစွာဖြည့်ဆည်းရခြင်း မဖြစ်စေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများထံမှ အတိုးနှုန်းသက်သာသော ချေးငွေချေးယူခြင်းနည်းလမ်းဖြင့်လည်း ဖြည့်ဆည်းရန် ရည်ရွယ်ထားပါကြောင်း။

 

ချေးငွေစီမံကိန်းသည် တည်ဆဲဥပဒေများ၊ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာ၊ ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာမူဝါဒ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀) နှင့် COVID-19 Economic Relief Plan ပါလုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုရှိပါကြောင်း။

 

ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရယူရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ် အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

 ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ကိုဗစ်-၁၉ ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ပြီးနောက်ပိုင်း ကိုဗစ်-၁၉ ကျရောက်ခံစားရသည့် နိုင်ငံများအနေဖြင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အရေးပေါ် ထောက်ပံ့ရေးအစီအစဉ်(RCF)နှင့် အရေးပေါ်ချေးငွေအစီအစဉ် (RFI) အထောက်အပံ့များ ရယူနိုင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အထောက်အပံ့နှစ်ခုပေါင်း အမေရိကန်ဒေါ်လာသန်း ၃၀၀ မှ သန်း ၇၀၀ အထိ ရယူနိုင်သည်ကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ အကြောင်းကြားလာခဲ့ပါကြောင်း။

 

အဆိုပါအထောက်အပံ့များသည် ကိုဗစ်-၁၉ သက်ရောက်မှုအပေါ် တုံ့ပြန်ဆောင်ရွက်နေသည့် ကာလအတွင်း ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းရန် ရည်ရွယ်ချက်ဖြင့် ပေးအပ်လာခြင်းဖြစ်ပါကြောင်း၊ အလားတူ ကိုဗစ်-၁၉ ကပ်ရောဂါမှ လွန်မြောက်၍ စီးပွားရေး နလံထူလာစေရန် နိုင်ငံတော်မှ ဆောင်ရွက်မည့် ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေး အသုံးစရိတ်များအတွက် ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းပေးရန် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ သက်ရောက်မှုနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ထံမှ ချေးငွေအမေရိကန်ဒေါ်လာ သန်း ၇၀၀ ရယူမည်ဆိုပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော နိုင်ငံတော်၏လိုငွေကို ဖြည့်ဆည်းရန်အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေအမေရိ ကန်ဒေါ်လာသန်း ၇၀၀ ရယူရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့်  လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင် သွင်းနိုင်ကြောင်းကြေညာသည်။

 

ထို့နောက် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်းက နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေကြမ်း၊ စက်မှုဇုန်ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြရာ ပြည်ထောင်စုလွှတ်တော်နာယက က ဆွေးနွေးလိုသည့်လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို မေ ၂၁ ရက် ကြာသပတေးနေ့ နံနက် (၁ဝ) နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

မင်းမင်းဇော်၊ ဟန်လင်းနိုင်

ဓာတ်ပုံ - ကျော်ဇင်ထိုက်