နေပြည်တော် ၂၂ ဇူလိုင်
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးအောင်ကြည်ညွန့်က ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က အဆိုပါဥပဒေ ကြမ်းအပေါ် ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အပိုဒ်၊ အပိုဒ်ခွဲအလိုက် ပြည့်စုံစွာဖော်ပြပြီး အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် COVID – 19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (COVID – 19 Economic Relief Plan – CERP) နှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် CERP လုပ်ငန်းစဉ်များကို အမြန်ဆုံးနှင့် အထိရောက်ဆုံး အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် မြန်မာ့စီးပွားရေးတုံ့ပြန်မှု၊ ကမ္ဘာ့ဝယ်လိုအားအခြေအနေ၊ COVID – 19 ကာကွယ်ဆေးပေါ်ပေါက်မှု အခြေအနေများအပေါ် မူတည်၍ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် CERP လုပ်ငန်းစဉ်များကို မည်မျှအထိ ဆက်လက်အကောင်အထည်ဖော်၍ စီးပွားရေးနလံထူရေးကို မည်သည့်အချိန်တွင် စတင်အကောင်အထည်ဖော်မည်တို့အပြင် ယင်းနှစ်ခုစလုံးကို မည်သည့်အတိုင်းအတာအထိ အကောင်အထည်ဖော်မည်ကို အသေးစိတ်တွက်ချက်ရမည်ဖြစ်ပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် CERP အတွက်သာမက စီးပွားရေး နလံထူရေး စီမံချက်ဖြစ်သည့် Economic recovery Plan အတွက်ပါ ဆက်လက်အကြံ ပြုလိုသည်များ ရှိပါက စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကို ဆက်သွယ်အကြံ ပြုနိုင်ပါကြောင်း၊ အကြံပြုသည့် လုပ်ငန်းစဉ်များသည် လုပ်ငန်းစဉ်ခွဲများ ပြန်လည်ရေးဆွဲစရာမလိုသည့် အသေးစိတ် လုပ်ငန်းစဉ်များဖြစ်ရန် အရေးကြီးပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် COVID – 19 စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်အပေါ် ယခုကဲ့သို့ ပြည်ထောင်စုလွှတ်တော် နာယကမှတစ်ဆင့် ဝေဖန်ထောက်ပြ အကြံပြုပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် အကြံပြုချက်များအတိုင်း အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က COVID – 19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (COVID – 19 Economic Relief Plan – CERP) နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်၏ ရှင်းလင်းတင်ပြချက်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော COVID – 19 ၏ သက်ရောက်မှုများကို တုံ့ပြန်ခြင်းနှင့် အသုံးစရိတ်ဆိုင်ရာ အထောက်အပံ့အစီအစဉ်အတွက် အာရှ ဖွံ့ဖြိုးရေးဘဏ်(ADB)ထံမှ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ချေးငွေ ရယူရေးနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် မြန်မာနိုင်ငံအနေဖြင့် CERP တွင်ချမှတ်ထားသော Action Plans များကို ရေတို၊ ရေရှည် သတ်မှတ်ဆောင် ရွက်သွားမည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်နိုင်ရန် ကူညီပံ့ပိုးမည့် ဘဏ္ဍာငွေအရင်းအမြစ် တစ်ခုအဖြစ် အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ COVID – 19 ၏ သက်ရောက်မှုများကို တုံ့ပြန်ခြင်းနှင့် အသုံးစရိတ်ဆိုင်ရာ အထောက်အပံ့အစီအစဉ် ချေးငွေအမေရိကန်ဒေါ်လာ သန်း ၂၅၀ ရယူသင့်သည်ကို ပြည်ထောင်စုအစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ပါကြောင်း။
အာရှဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေဆိုင်ရာ စည်းကမ်းချက်များအနေဖြင့် ဆိုင်းငံ့ကာလ (၈)နှစ်၊ ပြန်ဆပ်ကာလ (၁၆)နှစ်၊ စုစုပေါင်း (၂၄)နှစ် ဖြစ်ပါကြောင်း၊ အတိုးနှုန်းအနေဖြင့် တစ်နှစ်လျှင် ဆိုင်းငံ့ကာလအတွင်း ၁ ဒသမ ၀ ရာခိုင်နှုန်းဖြစ်ပြီး ပြန်ဆပ်ကာလအတွင်း ၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ အဆိုပါ ချေးငွေစည်းကမ်းချက်များအရ Grant Element ၄၃ ရာခိုင်နှုန်းခန့် ဖြစ်သဖြင့် သက်သာသောချေးငွေ ဖြစ်ပါကြောင်း၊ ချေးငွေကို ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက တာဝန်ယူစီမံခန့်ခွဲဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ချေးငွေသုံးစွဲရမည့် ကိစ္စများကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သာဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ အဓိကသုံးစွဲမည့် အသုံးစရိတ်များမှာ CERP ပါ Action Plan များအတွက် ရည်ရွယ်ထားပါကြောင်း၊ သို့ပါ၍ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ရယူနိုင်ရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုချက်ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် ဇူလိုင် ၂၇ ရက်တွင် ဆွေးနွေးရန်လျာထားပါကြောင်း ကြေညာသည်။
ဆက်လက်၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်၏ သဘောထားမေးမြန်းရယူ အတည်ပြုသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က အတည်ပြုခဲ့သည့် အပိုဒ်၊ အပိုဒ်ခွဲများကို လွှတ်တော်နှစ်ရပ် အတည်ပြုချက်အတိုင်းလည်းကောင်း၊ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသည့် အပိုဒ်၊ အပိုဒ်ခွဲများကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်များအတိုင်းလည်းကောင်း ပြန်လည်ပြင်ဆင်၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (အဆင့် - ၃) အကောင်အထည်ဖော် ဆောင်ရွက်ရန် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၁၅ ဘီလီယံ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်းနှင့် ဇူလိုင် ၃၁ ရက်တွင် ဆွေးနွေးရန် လျာထားပါကြောင်းကြေညာသည်။
ဆက်လက်၍ ၂၀၁၈ - ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းနှစ်ပတ်လည် အစီရင်ခံစာနှင့် ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်က ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ကြုံတွေ့နေရသည့် အခက်အခဲများ အဆင်ပြေချောမွေ့စေရန် အတွက် နိုင်ငံတော်စီးပွားရေးရာပေါင်းစပ် ညှိနှိုင်းရေးကော်မတီနှင့် ပူးပေါင်း၍ တည်ဆောက်ရေး တင်ဒါဆိုင်ရာ စံထားသတ်မှတ်သည့် လုပ်ထုံးလုပ်နည်း (SOP) ထုတ်ပြန်နိုင်ရန် မူကြမ်းရေးဆွဲတင်ပြ ထားပါကြောင်း၊ အဆိုပါမူကြမ်းတွင် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် တစ်နှစ်ကြိုတင်၍ သတ်မှတ်ချက်များနှင့်အညီ ဒီဇိုင်းပုံစံများ ပြည့်စုံစွာ ရေးဆွဲအတည်ပြုပြီး စီမံကိန်းတန်ဖိုးကို ကျွမ်းကျင်မှုဆိုင်ရာ ခွင့်ပြုချက် ရယူထားရန်၊ ဒီဇိုင်းပုံစံများ ရေးဆွဲရာတွင် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စည်းမျဉ်းများနှင့် သက်ဆိုင်ရာဒေသလုပ်ငန်း နယ်ပယ်အသီးသီးအတွက် ပြဋ္ဌာန်းထားသည့် စံချိန်စံညွှန်း စည်းမျဉ်းများလိုက်နာရန်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံ ဗိသုကာကောင်စီတို့မှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် လက်မှတ်ရပညာရှင်များက ပုံထုတ်ရေးဆွဲရန် ညွှန်ကြားချက်များ ပါရှိပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အဆောက်အအုံဆောက်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကို အခြေခံအဆောက်အအုံများ ဆောက်လုပ်ရာတွင် သက်ဆိုင်ရာ စည်းမျဉ်း၊ စံချိန်စံညွှန်းများနှင့်အညီ ပုံစံထုတ်ခြင်း၊ တည်ဆောက်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်းနှင့် စစ်ဆေးခြင်းများ စနစ်တကျဆောင်ရွက်နိုင်ရန်၊ သက်တမ်းအလိုက် ကြံ့ခိုင်မှုရှိစေရန်၊ အရည်အသွေးပြည့်မီသော ဆောက်လုပ်ရေးပစ္စည်းများကိုသာ ရောင်းဝယ်အသုံးပြုစေရန်၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့များ အရည်အသွေးတိုးတက်ကောင်းမွန်ရန် ရည်ရွယ်ရေးဆွဲထားပြီး အတည်ပြု ထုတ်ပြန်နိုင်ရေးအတွက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီသို့ တင်ပြထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ထုံးလုပ်နည်းများ စည်းမျဉ်းများ၊ ဥပဒေများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် စီမံကိန်းများ အရည်အသွေးပြည့်မီစွာဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ့ဘဏ္ဍာရန်ပုံငွေများ လေလွင့်မှုမရှိစေဘဲ စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးစီးအောင်မြင်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြောကြားသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဝန်ကြီးဌာန၏ ၂၀၁၈ - ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုငွေကျပ် (၁၀၆၅ ဒသမ ၁၅၃) ဘီလီယံတွင် သုံးစွဲငွေကျပ် (၉၈၃ ဒသမ ၁၉၆)ဘီလီယံ ရှိခဲ့သည့်အတွက် ပိုလျှံငွေကျပ် (၈၁ ဒသမ ၉၅၇) ဘီလီယံဖြစ်ပေါ်ခဲ့ပါကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၈ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ စိစစ်ချက်အရ သာမန်အသုံးစရိတ်တွင် ပိုလျှံငွေကျပ် ( ၉ ဒသမ ၉၅၁) ဘီလီယံ၊ ငွေလုံးငွေရင်း အသုံးစရိတ်တွင် ပိုလျှံငွေကျပ် (၆၈ ဒသမ ၂၇၁) ဘီလီယံနှင့် ကြွေးမြီအသုံးစရိတ်တွင် ပိုလျှံငွေကျပ် (၃ ဒသမ ၇၃၅) ဘီလီယံဖြစ်ပါကြောင်း။
၂၀၁၈ - ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် အပ်နှံခဲ့သည့် သာမန်အသုံးစရိတ် ပိုလျှံ ငွေကျပ် (၉ ဒသမ ၉၅၁) ဘီလီယံမှာ ပြည်ပအကူအညီရငွေ ငွေကျပ် (၅ ဒသမ ၅၄၀) ဘီလီယံပါဝင်ပြီး နိုင်ငံတော်ဘတ်ဂျက်မှ ငွေကျပ် (၄ ဒသမ ၄၁၁)ဘီလီယံ ပါဝင်ပါကြောင်း၊ ဘဏ္ဍာနှစ်အတွင်း လျာထားချက်နှင့်အညီ လုပ်ငန်းများစီမံဆောင်ရွက်ရာတွင် လိုအပ်သည့်ဝန်ထမ်းများ ခန့်ထားနိုင်မှု အခြေအနေအရ အပြည့်အဝမခန့်ထားနိုင်ခြင်း၊ ပင်စင်ယူခြင်း၊ နုတ်ထွက်ခြင်းနှင့် ပြောင်းရွှေ့ခြင်း တို့ကြောင့် လျာထားလစာငွေမှ ပိုလျှံခြင်းများ ရှိခဲ့ပါကြောင်း၊ အတိုးပေးငွေများသည်လည်း သက်ဆိုင်ရာ စီမံကိန်းများတွင် အဖွဲ့အစည်းများအကြား ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများနှင့် ညှိနှိုင်းမှုများ ကြာမြင့်ခြင်းတို့ကြောင့် အတိုးပေးငွေများ ပိုလျှံခြင်းနှင့် နိုင်ငံခြားငွေလဲ လှယ်နှုန်းပြောင်း လဲမှုကြောင့် ပိုလျှံခြင်းတို့ ဖြစ်ပေါ်ရခြင်း ဖြစ်ပါကြောင်း။
ထို့ပြင် ပြည်ပချေးငွေများ ထုတ်ယူသုံးစွဲရာတွင် နှောင့်နှေးကြန့်ကြာမှုရှိခြင်းနှင့် ထိုသို့ နှောင့်နှေးမှုများကြောင့် ချေးငွေစီမံကိန်းပါ လုပ်ငန်းရပ်များ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးမှု မရှိခြင်းတို့အပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ သဘောထား မှတ်ချက် (၃) ရပ်ချမှတ်ခဲ့မှုကို လိုက်နာကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လာမည့် ဘဏ္ဍာရေးနှစ်များတွင်လည်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်များ၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မူဝါဒ၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊လုပ်ထုံးလုပ်နည်း များနှင့်အညီ သတ်မှတ်ကာလအလိုက် စီမံကိန်းများ အချိန်မီပြီးစီးရေးကို အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည့်အလျောက် ပိုလျှံငွေဖြစ်ပေါ် အပ်နှံရမှုများအတွက် စနစ်တကျ ထိန်းကျောင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကိုယ်စား ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က ဆက်လက်ဆွေးနွေးကြသည်။
ထို့နောက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးခင်မောင်သန်းက ကော်မတီ၏ အစီရင်ခံစာ (၄/၂၀၂၀) နှင့် (၅/၂၀၂၀)တို့ကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ကော်မတီ၏ အဆိုကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် ကော်မတီ၏ အစီရင်ခံစာ (၄/၂၀၂၀)နှင့် (၅/၂၀၂၀) တို့ကို လွှတ်တော်က သဘောတူ အတည်ပြုကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သည့် ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည်အစီရင်ခံစာနှင့် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာရှရထားလမ်းမကြီး ကွန်ရက်ဆိုင်ရာ အစိုးရချင်း သဘောတူညီချက်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်က အာရှရထားလမ်းမကြီး ကွန်ရက်ဆိုင်ရာအစိုးရချင်း သဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုး ပြီးအိမ်နီးချင်းနိုင်ငံများ၊ အာရှနှင့် ပစိဖိတ်ဒေသတွင်းနိုင်ငံများနှင့် ရထားလမ်းချိတ် ဆက်ပြီးပါက ကမ္ဘာ့လှည့်ခရီးသွားများ တိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း၊ ထို့ပြင် အဆိုပါ ရထားလမ်းချိတ်ဆက်နိုင်ရေးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်း လဲမှုများနှင့်အတူ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကုန်သွယ်မှုပြုလုပ်ရာတွင် အရေးပါသည့်လုပ်ငန်းတစ်ခုအဖြစ် တည်ရှိမည်ဖြစ်ပါကြောင်း၊ ထို့ပြင် နယ်စပ်များတွင် ပြတ်တောက်နေသည့် ရထားလမ်းများ ချိတ်ဆက်နိုင်ရေးအတွက် နည်းပညာနှင့် ငွေကြေးအကူအညီများလည်း ရရှိလာမည်ဖြစ်သည့်အတွက် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးဖေချစ်၊ သီပေါမဲဆန္ဒနယ်မှ ဦးစိုင်းသန့်ဇင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၉)မှ ဦးမောင်မောင်လတ်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာမြသောင်း၊ တပ်မတော် သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်ဇင်ဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း တို့က ဆက်လက်ဆွေးနွေးကြသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဆွေးနွေးသွားသည့် လွှတ်တော်ကိုယ်စားလှယ်အားလုံးသည် ယျေဘုယျအားဖြင့် အာရှရထားလမ်းမကြီး ကွန်ရက်ဆိုင်ရာ အစိုးရချင်းသဘောတူညီချက်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးနှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံသို့ ပေးပို့နိုင်ရန် ထောက်ခံထားသည်ကို တွေ့ရှိရပါကြောင်းနှင့် လွှတ်တော်မှ ဆုံးဖြတ်ပေးပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အာရှရထားလမ်းမကြီး ကွန်ရက်ဆိုင်ရာ အစိုးရချင်းသဘောတူညီချက်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးနိုင်ရေးကိစ္စကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကုန်းတွင်းဆိပ်များဆိုင်ရာ အစိုးရများအကြား သဘောတူစာချုပ်တွင် မြန်မာနိုင်ငံမှ အတည်ပြုပါဝင်နိုင်ရေးနှင့် စပ်လျဉ်း၍ သီပေါမဲဆန္ဒနယ်မှ ဦးစိုင်းသန့်ဇင်နှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမောင်မောင်အုန်းတို့က ဆွေးနွေးကြသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ အတည်ပြုပါဝင်နိုင်ရေးအတွက် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်မြို့တော်ရေဖူလုံ ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာသန်း ၁၈၀ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဇလွန်မဲဆန္ဒနယ်မှ ဦးအောင်မင်းက ချေးငွေနှင့်ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ကိုယ်ပိုင်ဘဏ္ဍာငွေဖြင့် ရပ်တည်သည့်အဖွဲ့ ဖြစ်သည့်အတွက် မိမိရငွေဖြင့် ပြန်လည်ပေးဆပ်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ချေးငွေကိစ္စနှင့် ပတ်သက်၍ လေလွင့်ဆုံးရှုံးမှုများကို မှတ်တမ်းမှတ်ရာဖြင့်ထားရှိရန်၊ လေလွင့်ဆုံးရှုံးမှုများ လျော့နည်းသက်သာရေး အတွက် မည်သို့ဆောင်ရွက်၍ လက်ရှိတွင်လည်း မည်သည့် ပမာဏဆုံးရှုံးမှုရှိနေသည်ကို ရှင်းလင်းတင်ပြပေးရန် လိုအပ်ပါကြောင်း၊ ထို့ပြင် လက်ရှိ ရေဖိုးရေခ ကောက်ခံမှုအခြေအနေတို့ကို လွှတ်တော်သို့ ပွင့်လင်းမြင်သာစွာဖြင့် ရှင်းလင်းတင်ပြပေးပါရန် မေတ္တာရပ်ခံလိုပါကြောင်း ဆွေးနွေးသည်။
ယင်းချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ လှည်းကူးမဲဆန္ဒနယ်မှ ဦးသိန်းတန်၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်မင်းထွန်းနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းတို့က ဆက်လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဇူလိုင် ၂၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်


