ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး နဝမနေ့ ကျင်းပ

နေပြည်တော် ၂၀ နိုဝင်ဘာ 


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့မွန်းလွဲ ၁နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် ပြည်ထောင်စု ဝန်ကြီးဌာနနှစ်ခု တိုးချဲ့ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ကိုယ်စားတာဝန် ပေးအပ်ထားသည့် ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ယခုအစိုးရ လက်ထက်တွင် ဝန်ကြီးဌာန ၂၂ ခု ဖွဲ့စည်း ဆောင်ရွက်ခဲ့ရာတွင် ဝန်ကြီးဌာနနှစ်ခုကို ဖြည့်စွက်ဖွဲ့စည်း နိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက် ရရှိရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဖြည့်စွက်ဖွဲ့စည်းလိုသည့် ဝန်ကြီးဌာနတစ်ခုမှာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဖြစ်ပါကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေးမှူးက နိုင်ငံတော်သမ္မတထံ တင်ပြ၍ ဆောင်ရွက်လျက် ရှိပါကြောင်း။


ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့် ပြည်ထောင်စု၏ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေကြမ်း တင်သွင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များ အပါအဝင် များပြားသည့် လုပ်ငန်း တာဝန်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတအား တာဝန်ခံမည့် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး တစ်ဦးကို ခန့်အပ်၍ တာဝန်ယူ ဆောင်ရွက်စေမည် ဆိုပါက ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် ယင်းဝန်ကြီးဌာနကို ထပ်မံဖွဲ့စည်းလိုခြင်း ဖြစ်ပါကြောင်း။ ယင်းသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဖွဲ့စည်းဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ လက်ရှိဖွဲ့စည်းပုံ အင်အားဖြင့်ပင် ဆောင်ရွက်မည် ဖြစ်ပါသဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေ ပိုမိုကုန်ကျမည် မဟုတ်ပါကြောင်း။


နောက်ထပ် ဖြည့်စွက်ဖွဲ့စည်းလိုသည့် ဝန်ကြီးဌာနတစ်ခုမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံတကာ အရေးကိစ္စများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် နိုင်ငံတကာ ဆက်ဆံရေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို နိုင်ငံရေးရှုထောင့်အပြင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ရှုထောင့်မှလည်း ခြုံငုံသုံးသပ်ပြီး နိုင်ငံတော်သမ္မတအား တာဝန်ခံဆောင်ရွက်မည့် ဝန်ကြီးဌာနတစ်ခု လိုအပ်လာသည့်အတွက် ဤပြည်ထောင်စုဝန်ကြီးဌာနအသစ်ကို ဖွဲ့စည်းရခြင်း ဖြစ်ပါကြောင်း။


ဖော်ပြပါ ဝန်ကြီးဌာနကိုလည်း ဝန်ထမ်းများ ထပ်မံတိုးချဲ့ဖွဲ့စည်းခြင်းမပြုဘဲ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၏ ဝန်ထမ်းများဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး လုပ်ငန်း တာဝန်များကို ထမ်းဆောင်လျက်ရှိရာ အချို့သော နိုင်ငံတကာ အစည်းအဝေးများတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်ပြီး အချို့သော နိုင်ငံတကာ အစည်းအဝေးများတွင် ယခုဖွဲ့စည်းမည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနဝန်ကြီးက တက်ရောက်မည်ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၏ ရုံးဌာနကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန အဆောက် အအုံတွင်ပင် ထားရှိမည်ဖြစ်ရာ ဝန်ကြီးဌာနနှစ်ခု နီးကပ်စွာဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုအခါတွင် နိုင်ငံခြားသံတမန်ရေးရာ ကိစ္စရပ်များကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆောင်ရွက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းနိုင်ငံ တကာအဖွဲ့အစည်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ယခုဖွဲ့စည်းမည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတကာ ဆက်ဆံရေးကို ပိုမိုအဆင်ပြေချောမွေ့စွာ ပူးပေါင်းဆောင် ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။


ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် ပြည်ထောင်စုဝန်ကြီး နှစ်ဦးခန့်အပ်တာဝန်ပေးလိုခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြသည်။


ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက ယင်းကိစ္စနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အရည်အချင်းများနှင့် မပြည့်စုံကြောင်း သက်သေအထင်အရှားပြ၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။


ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဖွဲ့စည်းရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြသည်။


ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက ယင်းကိစ္စနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အရည်အချင်းများနှင့် မပြည့်စုံကြောင်း သက်သေအထင်အရှားပြ၍ ကန့်ကွက်လိုသည့် လွှတ်တော် ကိုယ်စားလှယ် ရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။


ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော သင်္ဘောများမှ မောင်းဆီ (လောင်စာဆီ) ယိုဖိတ်မှုကြောင့် ညစ်ညမ်းပျက်စီးခြင်းအတွက် တရားမကြောင်းအရ ပေးလျော်ရန် တာဝန်ရှိမှု အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ၂၀ဝ၁ တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေး ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။


ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဦးမြစိန်က လက်မှတ်ရေးထိုးမည့် Convention တွင် သင်္ဘောများမှ မောင်းဆီ(လောင်စာဆီ) ယိုဖိတ်မှုများကြောင့် ဖြစ်ပေါ်လာသည့် ညစ်ညမ်းပျက်စီးမှုများနှင့် စပ်လျဉ်း၍ သင်္ဘောပိုင်ရှင်မှ ပေးလျော်ရန် တာဝန်ရှိမှုများ၊ ရပိုင်ခွင့်လျော်ကြေး ကိစ္စများ၊ ကင်းလွတ်မှုများ၊ စီရင်ပိုင်ခွင့်များ၊ အာဏာ သက်ရောက်မှုများနှင့် ပျက်ပြယ်ခြင်းကိစ္စများကိုလည်း ပြဋ္ဌာန်းထားကြောင်းကို တွေ့ရှိရပါကြောင်း၊ Convention ကို လက်မှတ်ရေးထိုးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးဆုံးရှုံးများအတွက် ထိရောက်စွာ လျော်ကြေးတောင်းဆိုရယူရာတွင် ကျင့်သုံးနိုင်မည်ဖြစ်ပြီး လုံလောက်သော နစ်နာကြေး သတ်မှတ်ရန်နှင့် တာဝန်ရှိမှု ပြဿနာများကို ဆုံးဖြတ်ရာတွင် အပြည်ပြည်ဆိုင်ရာ နည်းဥပဒေများ၊ လုပ်ထုံးလုပ် နည်းများကိုလည်း အဖွဲ့ဝင် နိုင်ငံများနည်းတူ တပြေးညီ ချမှတ်နိုင်မည်ဖြစ်ပါကြောင်း။


သီးသန့်စီးပွားရေးဇုံ (E.E.Z)မှာ UNCLOS convention အရ The protection and preservation of the marine environment ဟု ဖော်ပြထား၍ သီးသန့်စီးပွားရေးဇုံအား သက်ဆိုင်ရာနိုင်ငံမှ ရေထု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုများကို ကာကွယ်ထိန်းသိမ်းခြင်းကို ဆောင်ရွက်နိုင်ကြောင်း၊ convention ၂၀ဝ၁ တွင် သင်္ဘောပိုင်ရှင်၏ တာဝန်ရှိမှု၊ ကင်းလွတ်ခွင့်ရမှု၊ မဖြစ်မနေ အာမခံထားရှိမှု(သို့မဟုတ်) ငွေကြေးအာမခံထားရှိမှု၊ သတ်မှတ်ကာလ လျော်ကြေး ကောက်ခံမှု အချိန်ကာလ ကန့်သတ်ခြင်း၊ စီရင်ပိုင်ခွင့်များ အစရှိသဖြင့် ပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ သင်္ဘောများမှ မောင်းဆီ (လောင်စာဆီ) ယိုဖိတ်မှုကြောင့် ညစ်ညမ်းပျက်စီးခြင်းအတွက် တရားမအကြောင်းအရ ပေးလျော်ရန်တာဝန်ရှိမှု အပြည်ပြည်ဆိုင်ရာ convention ၂၀ဝ၁တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးနိုင်ရေးကိစ္စကို ထောက်ခံပါကြောင်းနှင့် လိုက်လျောညီထွေသည့် ပြည်တွင်း ဥပဒေများကိုလည်း အမြန်ဆုံးရေးဆွဲသင့်ပါကြောင်း ဆွေးနွေးသည်။


ယင်းကိစ္စနှင့် စပ်လျဉ်း၍ ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်နှင့် ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမောင်မောင်အုန်းတို့က ဆက်လက်ဆွေးနွေးကြပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။


ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက ယင်းကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်းကြေညာသည်။


ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော သင်္ဘောသားများ၏ သက်သေခံ အထောက်အထားများဆိုင်ရာ ကွန်ဗင်းရှင်း (ပြင်ဆင်ချက်) ၂၀ဝ၃၊ နံပါတ် (၁၈၅)တွင် မြန်မာနိုင်ငံမှ အတည်ပြု လက်မှတ်ရေးထိုးရေး ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။


ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်းက ILO’ SID convention ကို လက်မှတ်ထိုးမှသာ တရားဝင်ဖြစ်ပြီး သက်ဆိုင်သည့် အခွင့်အရေးများ ရရှိမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံရော အခြားသောနိုင်ငံများပါ သင်္ဘောသား လက်မှတ်အတုများနှင့် လုပ်ကိုင်သူများကို တားဆီးနိုင်ခြင်း၊ အရည်အသွေး မပြည့်သော သင်္ဘောသားအတုများ တားဆီးနိုင်၍ သင်္ဘောတိုက်မှုများ၊ စက်ပျက်မှုများ မရှိနိုင်တော့ပါကြောင်း ဆွေးနွေးသည်။


ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဦးမြစိန်၊ ညောင်လေးပင်မဲဆန္ဒနယ်မှ ဒေါက်တာမြင့်သိန်းနှင့် မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်း အောင်စိုးတို့က ဆက်လက်ဆွေးနွေးကြပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြန်လည်ရှင်း လင်းဆွေးနွေးသည်။


ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက ယင်းကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ကို နိုဝင်ဘာ ၂၁ ရက်တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


အောင်ရဲသွင်၊ အေးအေးသန့်