ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကျင်းပ 

နေပြည်တော် ၁၆ နိုဝင်ဘာ 


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမမြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 


အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်နှစ်ရပ် သဘောတူညီသည့် ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇) ကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ရန် အတွက် ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူ၍ မှတ်တမ်းတင်ကြောင်း ကြေညာသည်။ 


ထို့နောက် နိုင်ငံတော်သမ္မတရုံးမှ ပေးပို့သော ရှမ်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများ အမည်ပြောင်းလဲခြင်း၊ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ပယ်ဖျက်ခြင်းတို့ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။ 


ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အိန္ဒိယသမုဒ္ဒရာ ကမ်းခြေနိုင်ငံများအဖွဲ့သို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ရေးကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်တင်က ရှင်းလင်းတင်ပြသည်။ 


ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက က ကြေညာသည်။ 


ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမ(၆)လပတ် အမျိုးသား စီမံကိန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းတွင် ယခင်နှစ်ထက် GDP တန်ဖိုးကို ပုံမှန် ဈေးနှုန်းများအရ ၇ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားရာ အစီရင်ခံသည့် ပထမ(၆)လပတ် အထိ ၆ ဒသမ ၃ ရာခိုင် နှုန်းတိုးတက်မှုရရှိကြောင်းနှင့် ရည်မှန်းချက်၏ ၃၃ ဒသမ ၈ ရာခိုင်နှုန်း အကောင် အထည်ဖော်နိုင်ခဲ့ကြောင်း။ 


၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လအထိ နိုင်ငံပေါင်း ၂၄ နိုင်ငံတို့ကို စီးပွားရေး ကဏ္ဍ ၉ ခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၂၀ အတွက် အမေရိကန် ဒေါ်လာသန်းပေါင်း ၃၆၉၆ ဒသမ ၄၄၂ ကို ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်ထုတ်ထားပေးခဲ့ပါကြောင်း၊ ယခင်နှစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လအထိ အမေရိကန် ဒေါ်လာသန်းပေါင်း ၁၂၅၃ ဒသမ ၇၀၇ ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ပါကြောင်း၊ 


၂၀၁၇ ခုနှစ် သြ ဂုတ်လကုန်အထိ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၉ ဘီလီ ယံ ဝင်ရောက်ခဲ့သည့်အတွက် ခွင့်ပြုထားသည့် ပမာဏ၏ ၇၅ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်ပါကြောင်း။


၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမ (၆) လပတ်အထိ အမေရိကန်ဒေါ်လာ ၆၆၂၅ သန်း တင်ပို့နိုင်ခဲ့သည့်အတွက် ရည်မှန်းချက် အမေရိကန်ဒေါ်လာ သန်း ၁၄၀ဝ၀ ၏ ၄၇ ဒသမ ၃ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ပါကြောင်း။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမ(၆)လပတ်အတွင်း အမေရိကန် ဒေါ်လာ ၉၁၁၄ ဒသမ ၈ သန်း ကုန်စည်တင်သွင်းခဲ့၍ ရည်မှန်းချက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ဝ၀ ၏ ၆၀ ဒသမ ၈ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ပါကြောင်း။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမ(၆)လပတ်အထိ ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁၅၇၃၉ ဒသမ ၈ သန်း ဖြစ်၍ ရည်မှန်းချက် အမေရိကန်ဒေါ်လာ သန်း ၂၉၀ဝ၀ ၏ ၅၄ ဒသမ ၃ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ပါကြောင်း။ အစီရင်ခံသည့် ပထမ(၆)လပတ် အထိ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂၄၈၉ ဒသမ ၈ သန်းဖြစ်ပါကြောင်း။  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်၏ စီးပွားရေးနှင့်လူမှုရေး၊ ဖွံ့ဖြိုးမှုရှုထောင့်သာမက ရေရှည်ဖွံ့ဖြိုးမှု ရရှိစေရေးရှုထောင့်မှလည်း အလေးထား ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။  


ထို့နောက် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ စောသန်းထွဋ်က လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်များပါဝင်သော ကော်မတီ၏အစီရင်ခံစာ (၁၃/၂၀၁၇) ကို ဖတ်ကြားတင်ပြပြီး ပြည်ထောင်စု လွှတ်တော်နာယက က ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။ 


ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် ပြည်ထောင်စု ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြသည်။ 


ယင်းနောက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင်က လေ့လာတွေ့ရှိ ချက်နှင့် သဘောထား မှတ်ချက်များ ပါဝင်သော ကော်မတီ၏အစီရင်ခံစာ (၁၄/၂၀၁၇)ကို ဖတ်ကြားတင်ပြပြီး ပြည်ထောင်စုလွှတ်တော် နာယကက ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။ 


ထို့နောက် နိုင်ငံတော်သမ္မထံမှပေးပို့ထားသော ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု အစိုးရအပ်ငွေစာရင်း၏ လိုငွေကို ဖြည့်ဆည်းနိုင်ရေး အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ငွေကျပ် ၅၅၃ ဒသမ ၅၃၄ ဘီလီယံ ကျော်လွန်ချေးယူခဲ့ရမှုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။ 


ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်က တိုင်းပြည်တွင် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးတို့အတွက် စီးပွားရေးအရ တွက်ခြေကိုက်နိုင်သည့် အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်းများကို ပုဂ္ဂလိက ကဏ္ဍအား ဖွံ့ဖြိုးမှုမိတ်ဖက်ကဲ့သို့ သဘောထားပြီး တာဝန်ယူမှု တာဝန်ခံမှုရှိသည့် နည်းလမ်းများနှင့် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများဖြင့် ဆောင်ရွက်သင့်ပါကြောင်း။ 


အစိုးရ ပုဂ္ဂလိက ပူးပေါင်းသည့် ပုံစံနှင့် ဆောင်ရွက်ခြင်းသည် ပုဂ္ဂလိက ကဏ္ဍ၏ မတည်ရင်းနှီးငွေနှင့် တိုင်းပြည်၏ အခြေခံအဆောက်အအုံများကို တည်ဆောက်ထား ခြင်းဖြစ်သည့်အတွက် ၎င်းအဆောက်အုံ တည်ဆောက်ခြင်း အတွက် အစိုးရဘတ်ဂျက်တွင် ထည့်သွင်းရေးဆွဲ စရာမလိုတော့ဘဲ ဘတ်ဂျက်လိုငွေကို လျှော့ချနိုင်သည့်အပြင် တိုင်းပြည် စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုလည်း အားပေးရာရောက်ပါကြောင်း။ 


ပြည်သူလူထုက အမှန်တကယ်လိုအပ်ပြီး စီးပွားရေးအရ တွက်ခြေမကိုက်သည့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများကိုသာ အစိုးရဘတ်ဂျက်နှင့် ကျခံသုံးစွဲခြင်းအားဖြင့် ဘတ်ဂျက်လိုငွေကို လျှော့ချသင့်ပါကြောင်း၊ အစိုးရတာဝန်ယူရမည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပုဂ္ဂလိကကဏ္ဍအားဖြင့် ဆောင်ရွက်စေခြင်းကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန် အကျင့်ပျက်ချစားမှု နည်းနိုင်သမျှနည်းပြီး စရိတ်ကုန်ကျသလောက် အကျိုးရှိရှိ အရည်အသွေးပြည့်ဝစွာ အကောင်းဆုံး အကောင်အထည်ဖော်နိုင်ရန် (Public Procurement Reform)ဟု ခေါ်သည့် အစိုးရမှ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု ဝယ်ယူရေးပြုပြင်ပြောင်းလဲမှုကို လက်ရှိအစိုးရအနေဖြင့် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သင့်သည့်အချိန်ဖြစ်ပါကြောင်း။ 


တိုင်းပြည်၏ စီးပွားရေးနှင့် အခြေခံအဆောက်အအုံ ဖြစ်ပေါ်တိုးတက်မှု အရှိန်အဟုန်ကို မထိခိုက်စေဘဲ ဘက်ဂျက်လိုငွေကို ရေရှည်တွင် လျှော့ချသွားနိုင်ရန်နှင့် နိုင်ငံ့ဘဏ္ဍာကို ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေးကဲ့သို့ အခြားလူမှုရေးအခြေခံ အဆောက်အအုံများတွင် ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရန်(Public Procurement Reform)ဟု ခေါ်သည့် အစိုးရမှ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုဝယ်ယူရေး အလုံးစုံပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရန် အချိန်ကျရောက်ပြီ ဖြစ်ပါကြောင်း ဆွေးနွေးသည်။ 


ထို့အတူ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုနှင့် ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးတို့ကလည်း ပါဝင်ဆွေးနွေးကြသည်။ 


ပြည်ထောင်စုလွှတ်တော် နာယကက ယင်းကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို နိုဝင်ဘာ ၂၁ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။ 


ယင်းနောက် အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ဒုတိယ ၆ လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာ(၂၀၁၇ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလ အထိ) နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။ 


ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) မှ ဦးဝေစိန်အောင်က ၂၀၁၇ မတ်လ စာရင်းအရ နိုင်ငံတစ်ဝန်းလုံးတွင် အမှန်တကယ်ခန့်ထားပြီး ဆရာ၊ ဆရာမ ဦးရေသည် အထက်တန်းပြ ၄၁၄၉၃ ဦး၊ အလယ်တန်းပြ ၁၀၁၉၅၅ ဦး၊ မူလတန်းပြ ၂၂၇၂၉၂ ဦး ရှိကြောင်း၊ ပညာရေးအတွက် ဘတ်ဂျက်ခွင့်ပြုငွေကိုလည်း ၂၀၁၂ ခုနှစ်မှစ၍ ၅နှစ် အတွင်း ငါးဆတိုးပေးထားပါကြောင်း။ 


၂၀၂၀ ခုနှစ် နောက်ပိုင်းတွင် ဆရာ၊ ဆရာမ ဦးရေ အလွန်များပြားစွာ ခန့်ထားရမည်ဖြစ်ရာ စွမ်းဆောင်ရည် မြင့်မားသော ဆရာ၊ ဆရာမများ ရရှိရေးအတွက် ဆရာ၊ ဆရာမများဆိုင်ရာ မူဝါဒကိုလည်း ချမှတ်ရမည် ဖြစ်ပါကြောင်း၊ ပညာရေးတက္ကသိုလ်များကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးရမည်ဖြစ်ပါကြောင်း။ 


ဒီမိုကရေစီနိုင်ငံတစ်ခုတွင် ပုဂ္ဂလိကကျောင်းဥပဒေကိုလည်း မဖြစ်မနေရေးဆွဲ ပြဋ္ဌာန်းရမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ကျောင်းများ၊ ပုဂ္ဂလိကတက္ကသိုလ်များ စနစ်တကျ ဖွံ့ဖြိုးပြီး နိုင်ငံတကာအဆင့်မီ အကောက်အထည်ဖော် ဆောင်ရန်လိုအပ်ပါကြောင်း။ 


အဆင့်မြင့် ပညာရေးကဏ္ဍတွင် အဝေးသင်တက္ကသိုလ်၏ အရည်အသွေးကိုလည်း တိုးမြှင့်ရန် လိုအပ်ပါကြောင်း၊ အဆင့်မြင့်ပညာကို မိမိဒေသ၊ မြို့ရွာနေအိမ်မှ မခွာရဘဲ၊ မိမိလုပ်ငန်းခွင်မှ မခွာရဘဲ သင်ယူနိုင်လျှင် နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်များ တိုးပွားလာမည်ဖြစ်ပါကြောင်း။ 


အဝေးသင်တက္ကသိုလ်မှ ယခင်နှစ်များတွင် ၈၀ ရာခိုင်နှုန်း အထိစာမေးပွဲ အောင်မြင်ခဲ့သော်လည်း ယခုအခါ အရည်အသွေးလိုအပ်မှုအရ အောင်ချက် ၃၀ ရာခိုင်နှုန်းသာရှိသောကြောင့် တစ်နှစ်အတွင်း ကျောင်းသား ၂၆၀ဝ၀ ခန့် အောင်မြင် ဘွဲ့ရနေ မည်ဖြစ်ပါကြောင်း၊ အရည်အသွေးမီ ဘွဲ့ရများပေါ်ထွန်းရေးအတွက် ကော်မရှင် အနေဖြင့် နည်းလမ်းများအကြံပေးရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။ 


ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂) မှ ဦးကျော်နိုင်၊ ဟင်္သာတမဲဆန္ဒနယ်မှ ဦးခင်မောင်ရီ၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃) မှ ဒေါ်ရွှေရွှေစိန်လတ်၊ ရမ်းဗြဲမဲဆန္ဒနယ်မှ ဦးကျော်ရွှေ၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုး၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်း၊ ကလောမဲဆန္ဒနယ်မှ ဒေါ်ပြုံးကေသီနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း၊ ကျေးသီးမဲဆန္ဒနယ်မှ ဦးစိုင်းအောင်ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၊ ခင်ဦးမဲဆန္ဒနယ်မှ ဒေါက်တာဝင်းအောင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း၊ တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာ ဦးကြွယ်ကြွယ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးအောင်မျိုးလတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာ သန်းဝင်း၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်၊ အောင်မြေသာဇံ မဲဆန္ဒနယ်မှ ဒေါက်တာလှမိုးနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်းတို့က ဆွေးနွေးကြသည်။ 


ပြည်ထောင်စုလွှတ်တော် နာယကက ယင်းကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် များက ပြန်လည်ရှင်းလင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို နိုဝင်ဘာ ၂၁ ရက်တွင်ကျင်း ပမည့် ပြည်ထောင်စုလွှတ် တော်အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာသည်။ 


(သတင်းစဉ်)