ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ 

နေပြည်တော် ၂၃ အောက်တိုဘာ 


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို အစီအစဉ်(၁၁)ခုဖြင့် ကျင်းပသည်။ 


ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ (၁၃၇)ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် ခရီးစဉ်ကိုတင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။ 


ဆက်လက်၍ နိုင်ငံတော်သမ္မတရုံးမှ ပေးပို့သော ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့အတွင်း ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်နှင့် မြို့များ အမည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခြင်း၊ တိုးချဲ့ခြင်း၊ ပယ်ဖျက်ခြင်းနှင့် ဧရိယာပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။ 


နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ် ပြောင်းလဲပြင်ဆင်သတ်မှတ်သည့်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၁၃)ဦးတို့က ဆွေးနွေးသည်။ 


နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု အစိုးရအပ်ငွေစာရင်း၏ လိုငွေအား ဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၆)ဦးတို့က ဆွေးနွေးသည်။ 


၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ငွေကြေးမူဝါဒအကောင်အထည်ဖော် ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေးကြေးရေးစနစ် တည်ငြိမ်မှုအခြေအနေ အစီရင်ခံစာတို့နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၃)ဦးတို့က ဆွေးနွေးသည်။ 


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၀၁၆ ခုနှစ်၊ ဧပြီ ၁ ရက်မှ ၂၀၁၇ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်(၇)ဦးတို့က ဆွေးနွေးသည်။ 


ထို့နောက် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်ပြီး တတိယနေ့ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၄ ရက် (အင်္ဂါနေ့) နံနက် ၁၀၀၀နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။ 


(သတင်းစဉ်)