နေပြည်တော် ၁၈ ဒီဇင်ဘာ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောသန်းထွဋ်က ကော်မတီ၏ လပေါင်း ၃၀ လုပ်ငန်း ဆောင်ရွက်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က အဆိုပါ အစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ၂၀၁၇ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်း၏ အပိုဒ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက အဆိုတင်သွင်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။
ဆက်လက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦသန့်စင်မောင်က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက သတင်းအချက်အလက် ဗဟိုဌာနကြီး တည်ဆောက်ခြင်း စီမံကိန်း ဆောင်ရွက်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၇၇၉ သန်း ရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် သတင်းအချက်အလက် ဗဟိုဌာနကြီးဖြစ်သော e-Government Integrated Data Center (e - GIDC) တွင် မြန်မာနိုင်ငံ၏ ကိုယ်ပိုင် Cloud အား တည်ဆောက်သွားမည် ဖြစ်သောကြောင့် မိမိနိုင်ငံ၏ သတင်းအချက်အလက်များအား ပြည်ပနိုင်ငံများ၌ သွားရောက်ထားရှိရန် မလိုအပ်တော့ဘဲ မိမိနိုင်ငံအတွင်း၌သာ ထားရှိသွားနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ မိမိနိုင်ငံ၏ သတင်းအချက်အလက်များ ပြည်ပနိုင်ငံများ၌ ထားရှိနေရခြင်းမှ အကာအကွယ်ပေးနိုင်မည် ဖြစ်သောကြောင့် နိုင်ငံ၏လုံခြုံရေး ပိုမိုကောင်းမွန်စေမည့်အပြင် ပြည်ပနိုင်ငံများသို့ ပေးချေနေရသော ငွေကြေးကုန်ကျ စရိတ်များအား လျှော့ချသွားနိုင်မည် ဖြစ်ပါသဖြင့် နိုင်ငံတော်အတွက် ကုန်ကျစရိတ် သက်သာစေမည် ဖြစ်ပါကြောင်း။
သတင်းအချက်အလက်ဗဟိုဌာန (e – GIDC) အား အုပ်ချုပ်ရေး အချက်အချာကျသည့် နေပြည်တော်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကြောင့် အချက်အလက်များ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ရန် ကီလိုမီတာ ၄၀ဝ ကျော်ရှိ သန်လျင်မြို့နယ်တွင် Disaster Recovery Center (DRC)တစ်ခုအား တစ်ပါတည်း တည်ဆောက်သွားမည် ဖြစ်ပါကြောင်း။
သတင်းအချက်အလက်ဗဟိုဌာန (e- GIDC) တည်ဆောက်ပြီးစီးချိန်တွင် နိုင်ငံသားများသည် ပိုမိုကောင်းမွန်သည့် e-Government ၏ အသီးအပွင့်များအား ခံစားသွားနိုင်မည်ဖြစ်ပါကြောင်း၊ e-GIDC မှ Online payment, Taxation, e-Mail , e-ID, e-Visa, One-stop-services, Online news, Instant message အစရှိသည့် e-Government Service များအား လုံခြုံစွာနှင့် လွယ်ကူမြန်ဆန်စွာ ၂၄ နာရီ ၇ ရက်ပတ်လုံး ဝန်ဆောင်မှု ပေးသွားနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် e-Government ၏ အသီးအပွင့်များအား ပြည်သူများမှ အမြန်ဆုံး ခံစားနိုင်စေရန်အတွက် e-Government Integrated Data Center (e-GIDC) ကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။
e-Government လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းအားဖြင့် နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက် လာစေရေးကို များစွာအထောက်အကူပြုနိုင်မည် ဖြစ်သောကြောင့် ကိုရီးယား သမ္မတနိုင်ငံ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေမှ ချေးငွေ အမေရိကန် ဒေါ်လာ ၉၃ ဒသမ ၇၇၉ သန်းရယူရန်ကိစ္စနှင့် ပတ်သက်၍ လွှတ်တော်မှ အတည်ပြုပေးပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆက်လက်ဆွေးနွေးရာတွင် ဝန်ကြီးဌာနအနေဖြင့် ယခုချေးငွေ စီမံကိန်းအတွက် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ရရှိသည့်အခါ ချေးငွေ စာချုပ် ချုပ်ဆိုနိုင်ရန် ဆက်လက်ဆောင်ရွက်ခြင်း၊ ချေးငွေထုတ်ယူသုံးစွဲမှုအပေါ်တွင် စောင့်ကြည့်ကြပ်မတ်ပေးခြင်း၊ ချေးငွေ အတိုးအရင်းပေးဆပ်မှုများအတွက် ကြပ်မတ်ဆောင်ရွက်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၄၅၃ မဲ၊ ကန့်ကွက်မဲ ၉ မဲ၊ ကြားနေမဲ ၂ မဲ ဖြင့် ထောက်ခံမဲများသဖြင့် လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇ - ၂၀၁၈၊ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာနှင့် ၎င်းအစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၀/၂၀၁၈)တို့နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်က အနာဂတ်တွင် တိုင်းပြည်၏ ဘဏ္ဍာငွေလိုအပ်မှု အခြေအနေကို ခန့်မှန်းရန်ခက်ခဲပြီး မမျှော်မှန်းနိုင်သည့် အချိန်တွင် မဖြစ်မနေလိုအပ်၍ ပြည်ပကြွေးမြီ ယူခဲ့ရပါက အတိုးကြီးမြင့်စွာဖြင့် ရယူခြင်းများ ပေါ်ပေါက်လာနိုင်သည့်အတွက် လက်ရှိ ကြွေးမြီ ခံနိုင်ရည်ရှိမှု အခြေအနေကို ဆက်လက်ထိန်းသိမ်းထားပြီး ချေးငွေရယူခြင်းနှင့် ဆိုင်သည့် မူဝါဒ အတိအကျ ချမှတ်ကျင့်သုံးရန်နှင့် အကောင်အထည်ဖော်ခြင်း ဖြစ်မြောက်မှုကို အဓိကစဉ်းစားရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးဝင်းမောင်၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာ စောနိုင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဦးလှဆန်း၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊ ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်း၊ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းအောင်၊ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်နှင့် အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုတို့က ဆက်လက်ဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ (၆) လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မင်းဘူး မဲဆန္ဒနယ်မှ ဦးဝင်းဝင်းက ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့သို့ တင်ပြလာသည့် တိုင်ကြားစာများကို စနစ်တကျသေချာစိစစ်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အားကောင်းသည့် ဝန်ကြီးဌာနရှိသကဲ့သို့ အားနည်းသည့် အဖွဲ့အစည်းများလည်း ရှိနေသည်ကို ပွင့်ပွင့်လင်းလင်း တင်ပြထားခြင်း ရှိပါကြောင်း၊ ထို့ကြောင့် နောင်အစီရင်ခံစာများတွင် ပူးပေါင်းမှုအားနည်းသည့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့ အစည်းများ ဖြစ်သည်ကို ပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ သိရှိအောင် တင်ပြပေးပါရန် အကြံပြု တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။
ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ညောင်ရွှေမဲဆန္ဒနယ်မှ ဦးဝင်းမြင့်ဦး (ခေါ်) ဦးနေမျိုး၊ ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးဉာဏ်လင်းနှင့် စလင်းမဲဆန္ဒနယ်မှ ဦးကံဦးတို့က ဆက်လက်ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၃/၂၀၁၈) အပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်နော်ခရစ္စထွန်း (ခ) ဒေါက်တာ အားကာမိုးက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လိုငွေကို အမေရိကန်ဒေါ်လာ သန်း ၁၀ဝဝ ရည်မှန်းခဲ့သော်လည်း အမေရိကန် ဒေါ်လာ ၃၉၀ဝ သန်းဖြစ်ပေါ်ခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ကုန်သွယ်မှု ပမာဏသည် Initial Trading ထက် Border Trading တွင်သာ ရှိနေပါကြောင်း၊ ထို့ကြောင့် နယ်စပ်ကုန်သွယ်ရေးဇုန်များကို စနစ်တကျ မြှင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ ပို့ကုန်မြှင့်တင်ရေးမူဝါဒချမှတ် အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ တရားဝင်ကုန်သွယ်မှု၊ ငွေကြေးလဲလှယ်မှုများနှင့် အခွန်ကောက်ခံမှုများကို စနစ်တကျ ဖော်ဆောင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ၏ စီးပွားရေးတွင် အဓိကျပြီး လိုငွေပြနေသည့် နယ်စပ်ကုန်သွယ်ရေးအားလုံးကို စနစ်တကျ အောင်မြင်စွာဖြင့် ကုန်သွယ်မှု လိုငွေလျှော့ချနိုင်ရန် စီမံဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းဆွေးနွေးသည်။
ယင်းအစီရင်ခံစာအပေါ် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်၊ တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်း၊ ဒက္ခိဏသီရိမဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၊ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ ဒေါက်တာ ခွန်ဝင်းသောင်း၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)မှ ဦးသန်းစိုး (ခေါ်) သန်းစိုး (ဘောဂဗေဒ)၊ ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးအောင်မျိုးလတ်တို့က ဆက်လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၁)ရက် မြောက်နေ့ကို ဒီဇင်ဘာ ၂၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့် (သတင်းစဉ်)
