ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

နေပြည်တော် ၁၅ ဇန်နဝါရီ 

 
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
 
 
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက လွှတ်တော် အစည်းအဝေးများ ရပ်နားထားသည့် ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ မဲဆန္ဒနယ်မြေအသီးသီးသို့ ရောက်ရှိပြီး မဲဆန္ဒရှင်ပြည်သူများ၏ အသံများကို ကိုယ်တိုင်ကြားသိ လေ့လာခွင့် ရရှိခဲ့ကြပြီး ဖြစ်ပါကြောင်း၊ ၎င်းတို့ကို အခြေခံပြီး ယနေ့စတင် ကျင်းပသည့် သတ္တမပုံမှန်အစည်းအဝေးတွင် နိုင်ငံတော်နှင့် နိုင်ငံသားပြည်သူများ၏ အကျိုးစီး ပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည့် ဥပဒေပြုရေးမဏ္ဍိုင်၏ လုပ်ငန်း တာဝန်များကို ကြိုးစားထမ်းဆောင်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။
 
 
ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကာလကို ဧပြီလ ၁ ရက်မှ မတ်လ ၃၁ ရက်အထိအစား ၂၀၁၈ - ၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်မှစပြီး အောက်တိုဘာ လ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ပြင်ဆင်သတ်မှတ်ခဲ့ပြီး ဖြစ်ပါကြောင်း။
 
 
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ သတ္တမပုံမှန်အစည်းအဝေးတွင် လက်ရှိ ဘဏ္ဍာရေးနှစ်နှင့် ပြောင်းလဲကျင့်သုံးမည့် ဘဏ္ဍာရေးနှစ်၏ ကြားကာလဖြစ်သည့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လတာ ကာလအတွက် အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ အခွန် အကောက်ဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုပေးကြရမည် ဖြစ်ပါကြောင်း။
 
 
ပြည်ထောင်စုအစိုးရအဖွဲ့မှ တင်ပြလာသည့် စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများကို စိစစ်ကြသည့်အခါတွင်လည်း (၆)လတာ ကာလနှင့်ကိုက်ညီပြီး မဲဆန္ဒရှင်ပြည်သူများ၏ လတ်တလော လိုအပ်ချက်နှင့် တိုင်းပြည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်၊ ဒေသအလိုက် လတ်တလောဖြည့်ဆည်းပေးရမည့် လိုအပ်ချက်များကို အထိရောက်ဆုံး ဖြစ်အောင် ဖြည့်ဆည်းနိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။
 
 
ထို့ပြင် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသည့် ဥပဒေကြမ်းနှစ်ခု၊ နိုင်ငံတကာချေးငွေကိစ္စ တစ်ခုတို့ အပါအဝင် လွှတ်တော်အသီးသီးမှ ကျန်ရှိ နေသည့် ဆောင်ရွက်ဆဲဥပဒေကြမ်းများကိုလည်း အတည်ပြုပြဋ္ဌာန်းနိုင်ရန် ဦးစားပေးအလိုက် ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
 
 
၂၀၁၇ - ၂၀၁၈ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် မြို့နယ် ၃၂၅ မြို့ နယ်အတွက် လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုမိန့်များကို ထုတ်ပေးပြီးဖြစ်သည့်အပြင် မြို့နယ် ၉၉ မြို့နယ်က အခြားစီမံကိန်းများတွင် ပါဝင်နေခြင်း၊ ရာသီဥတုအခြေအနေ၊ မြေပြင်အနေအထား တို့ကြောင့် သတ်မှတ်ကာလဖြစ်သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ လုပ်ငန်း ပြောင်းလဲဆောင်ရွက်ခွင့်ပြုရန် တင်ပြချက်များကိုလည်း ခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း။
 
 
လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း ဒုတိယအကြိမ် လွှတ်တော်သက်တမ်း နှစ် နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံများအပေါ် သင်ခန်းစာယူပြီး မလိုလားအပ်သော အငြင်းပွားမှုများ မဖြစ်ပေါ်စေရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။
 
 
ထို့ပြင် လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ စာရင်းစစ်ကန့်ကွက်ချက် မဖြစ်ပေါ်ရေး၊ ဆောင် ရွက်နိုင်ခြင်း မရှိသည့် လုပ်ငန်းများအတွက် ပိုလျှံရန်ပုံငွေများကို ငွေတိုက်ဦးစီးဌာနသို့ အချိန်မီ ပြန်လည်ပေးသွင်းရေးကို အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်ကြရန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း များ ပိုမိုအောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။
 
 
ယခုတစ်ကြိမ် ကျင်းပသည့် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပိုမိုများပြားသော လုပ်ငန်းတာဝန်များကို ကြုံတွေ့ကြရမည် ဖြစ်သည့်အတွက် အချိန်ကို လေးစားတန်ဖိုးထားပြီး စနစ်တကျ စီမံအသုံးပြုနိုင်ရန်နှင့် စေတနာမှန်၊ လုပ်နည်းလုပ်ဟန် မှန်ကန်စွာဖြင့် အားထုတ်ကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။
 
 
ပြည်သူ့ကိုယ်စားလှယ်များပီပီ ပြည်သူက အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ပြည်သူနှင့် နိုင်ငံတော်အကျိုးစီးပွားအတွက် လုပ်ငန်းတာဝန်များ ဆောင်ရွက်ကြရာတွင် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းသတ်မှတ် ချက်များအတိုင်း မှန်ကန်စွာ ကျင့်သုံးဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း။
 
 
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ အမြော်အမြင်ရှိမှုနှင့် ဇွဲလုံ့လ၊ ဝီရိယရှိမှု များကို မှတ်ကျောက်တင်ခံနိုင်ရန်အတွက် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကြိုးစားထမ်းဆောင် နိုင်ကြပါစေကြောင်း ဆန္ဒပြုတိုက်တွန်းရင်း ကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါကြောင်း  ပြောကြား သည်။
 
 
ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ နတ်ရွာစံထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ တော်ဝင်ဈာပန အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ခရီးစဉ်မှတ်တမ်းနှင့် ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာအုပ်စုနှင့် ကျေးရွာများ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်ထောင် စုလွှတ်တော် နာယကက ကြေညာသည်။
 
 
ယင်းနောက် နိုင်ငံတော်သမ္မတ ထံမှပေးပို့သည့် သြစတြီးယားနိုင်ငံ Unicredit Bank မှ ချေးငွေရယူရန် ကိစ္စနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက သြစတြီးယားနိုင်ငံ Unicredit Bank မှ အတိုးမဲ့ချေးငွေ (Soft Loan) ယူရို ၅ ဒသမ သုည သန်း ချေးယူရရှိပါက ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ဇင်ချောင်း - ကင်းမြောက် - လေးတောင်လမ်းပေါ်ရှိ ကင်းချောင်းတံတား တည်ဆောက်ရေးစီမံကိန်းတွင် အသုံးပြုမည်ဖြစ်ပါ ကြောင်း။
 
 
ကင်းချောင်းတံတားစီမံကိန်းသည် ရခိုင်ပြည်နယ် ဇင်ချောင်း - ကင်းမြောက် - လေး တောင်လမ်းပေါ်တွင် တည်ရှိ၍ အရှည် ၁၂၅၆ ပေရှိသည့် သံမဏိသံပေါင်တံတား အမျိုးအစား ဖြစ်ပါကြောင်း၊ တံတားတည်ဆောက်ခြင်းဖြင့် ကင်းချောင်းတံတားသည် ပင်လယ် ကမ်းခြေနှင့် လွန်စွာနီးကပ်သဖြင့် ဥရောပနည်းပညာနှင့် ထုတ်လုပ်သော တံတားသံပေါင်များ အသုံးပြုခြင်း ဖြင့် တံတား၏ အရည်အသွေး ပိုမိုကောင်းမွန်နိုင်ပြီး သဘာဝ ရာသီဥတုဒဏ်ခံနိုင် သော တံတား တစ်စင်းအဖြစ် တည်ရှိနေမည်ဖြစ်ခြင်း၊ ခေတ်မီသံပေါင်တပ်ဆင်ခြင်း နည်းပညာ အား မြန်မာ အင်ဂျင်နီယာများ လေ့လာသင်ယူနိုင်မည်ဖြစ်ခြင်း၊ တံတားတည်ဆောက်ပြီးပါက ရန်ကုန် - ကျောက်ဖြူလမ်းမကြီးနှင့် ရမ်းဗြဲ - လေးတောင် - သပြေဆိပ်ကမ်း (၁၆ မိုင် ၆ ဖာလုံ)၊ ဇင်ချောင်း - ကင်းမြောက်လမ်း (၅ မိုင် ၄ ဖာလုံ) တို့မှတစ်ဆင့် ဆက်စပ်သွားလာနိုင်မည်ဖြစ်  သဖြင့် ကျောက်ဖြူမြို့နှင့် ရမ်းဗြဲမြို့များသို့ အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ သွားလာ နိုင်သော လမ်းတစ်လမ်း ဖြစ်ပေါ်လာခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှုကြောင့် ပြည်တွင်း/ ပြည်ပ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်လာပြီး ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝ တိုးတက်လာမှုများကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း။
 
 
ကင်းချောင်းတံတား တည်ဆောက်ခြင်းအားဖြင့် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံဖွံ့ဖြိုး တိုးတက်လာနိုင်မည်ဖြစ်သဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ဇင်ချောင်း - ကင်းမြောက် - လေးတောင် လမ်းပေါ်ရှိ ကင်းချောင်းတံတား စီမံကိန်းတွင် ဥရောပနည်းပညာ ဖြင့် ထုတ်လုပ်ထားသော သံပေါင်များ အသုံးပြုနိုင်ရေးအတွက် သြစတြီးယားအစိုးရ၏ အတိုးမဲ့ ချေးငွေ ယူရို ၅ ဒသမ သုညသန်း ရယူရေးကိစ္စအား ပြည်ထောင်စုလွှတ်တော်က ခွင့်ပြု ပေးနိုင်ပါရန် တင်ပြပါကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
 
 
ဆက်လက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များမှာ ဆိုင်းငံ့ကာလ ၈ နှစ်၊ ပြန်ဆပ်ကာလ ၁၇ နှစ် ဖြင့် စုစုပေါင်းချေးငွေသက်တမ်းမှာ ၂၅ နှစ် ဖြစ်ပါကြောင်း၊ အဆိုပါချေးငွေမှာ အတိုးမဲ့ချေးငွေ ဖြစ်ပြီး စီမံခန့်ခွဲမှုစရိတ်မှာ ချေးငွေ၏ သုည ဒသမ ၆၅ ရာခိုင်နှုန်း ယူရိုငွေ ၃၂၅၀ဝ၊ အာမခံပရီမီယံ ကြိုတင်ငွေ ယူရို ၃၇၁၂၅ ၊ ဘဏ်ဆောင်ရွက်ခ ယူရိုငွေ ၁၄၄၀ စုစုပေါင်းယူရိုငွေ ၇၁၀၆၅ကို တစ်ကြိမ်တည်း ပေးဆောင်ရမည်ဖြစ်ပါကြောင်း၊ အာမခံကြေးအဖြစ် ပေးဆပ်ရန် ကျန်ရှိသည့် ချေးငွေပမာဏ၏ သုည ဒသမ ၉ ရာခိုင်နှုန်းအား နှစ်စဉ်ပေးဆောင်ရမည်ဖြစ်ပြီး စာချုပ်ချုပ်ပြီး ချေးယူရန် ကတိပျက်ကွက်ပါက တစ်နှစ်လျှင် ပျက်ကွက်သည့်ငွေ၏ သုည ဒသမ ၆၅ ရာခိုင်နှုန်း ပေးချေရမည်ဖြစ်ပါကြောင်း၊ သြစတြီးယားအစိုးရမှ ပြန်လည်ထောက်ပံ့သည့် အစီအစဉ်အရ စုစုပေါင်းချေးငွေ၏ ၁၅ ရာခိုင်နှုန်း (ယူရိုငွေ သုည ဒသမ ၇၅ သန်း)ကို ပြန်လည်ပေးဆပ်ရန် မလိုဘဲ ကျန် ၈၅ ရာခိုင်နှုန်း (ယူရိုငွေ ၄ ဒသမ ၂၅ သန်း)ကိုသာ ပြန်လည်ပေးဆပ်ရမည် ဖြစ်ပါကြောင်း။
 
 
မိမိတို့အနေဖြင့် ပြည်ပချေးငွေရယူရာတွင် သက်သာသောချေးငွေ(Concessional Loan) နှင့် သက်သာမှုမရှိသောချေးငွေ (Non-Concessional Loan)ဟု သိရှိနိုင်ရန် Grant Element ဖြင့် တိုင်းတာပါကြောင်း၊ ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက်အရ Grant Element တန်ဖိုး ၃၅ ရာခိုင်နှုန်း အထက်ရှိပါက သက်သာချေးငွေ၊ ၃၅ ရာခိုင်နှုန်းအောက်ရှိပါက သက်သာမှုမရှိသော ချေးငွေဖြစ်ပါကြောင်း၊ ယခုရယူမည့် ရခိုင်ပြည်နယ် ကင်းချောင်းတံတား တည်ဆောက်ခြင်း စီမံကိန်းအတွက် တံတားသံပေါင်များ ဝယ်ယူရန် ရယူမည့် သြစတြီးယားချေးငွေ၏ Grant Element မှာ ၄၃ ဒသမ ၉၃ ရာခိုင်နှုန်း ဖြစ်သည့်အတွက် သက်သာသော ချေးငွေ ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
 
 
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယကက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
 
 
ဆက်လက်၍ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆) လ အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက နိုင်ငံတော်အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ (၆)လတာ ကာလအတွက် အမျိုးသားစီမံကိန်းရေးဆွဲရာတွင် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးမူဝါဒများ၊ ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ မူဝါဒများ၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှ ဖော်ထုတ်ချမှတ်ခဲ့သည့် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးမှုပန်းတိုင်များကို အလေးထားဆောင်ရွက်ခဲ့ပါကြောင်း။
 
 
စီမံကိန်းရည်မှန်းရန် အဆိုပြုချက်များကို ယခင်နှစ်များ၏ စီမံကိန်းအကောင်အထည်ဖော်  နိုင်မှုများ၊ ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍ၊ ဒေသ၊ အကြောင်းအရာနှင့် အစီအစဉ်များ၊ လက်ငင်းလိုအပ်ချက်များနှင့် ဘဏ္ဍာငွေ ရရှိနိုင်မှုများအပေါ် အခြေပြု၍ ရေးဆွဲဆောင်ရွက်ခဲ့ ပါကြောင်း၊ ထို့အတူ ဆောင်ရွက်မည့် လုပ်ငန်းနှင့် လုပ်ငန်းစီမံကိန်းများကို ဖြစ်မြောက်နိုင်စွမ်း ရှိ/ မရှိ၊ စီးပွားရေးအရ တွက်ခြေ ကိုက်/ မကိုက်၊ ပြည်သူများအတွက် အကျိုး ရှိ/မရှိ၊ ဒေသဖွံ့ဖြိုး ရေးကို အထောက်အကူ ပြု/မပြု၊ ပတ်ဝန်းကျင်ထိခိုက်မှု ရှိ/မရှိ တို့ကို သုံးသပ်စိစစ် ဆောင် ရွက်ခဲ့ပါကြောင်း။
 
 
အထူးသဖြင့် ဘဏ္ဍာရေးနှစ် ပြောင်းလဲရေးကာလ (၆) လအတွင်း ကဏ္ဍအလိုက်၊ ဒေသ အလိုက် လတ်တလော ဖြည့်ဆည်းပေးရန် လိုအပ်ချက်နှင့် အဆိုပါကာလအတွင်း ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ၊ ဆောင်ရွက်ဆဲ လုပ်ငန်းစီမံကိန်းများ၊ နိုင်ငံတော်၏ အထူးလိုအပ်ချက်အရ ဆောင်ရွက်ရမည့် လုပ်ငန်းနှင့် လုပ်ငန်းစီမံကိန်းများကို နိုင်ငံတော်၏ ခွင့်ပြုနိုင်မည့် ဘတ်ဂျက်ပမာဏအတွင်း အထိရောက်ဆုံးနှင့် အကျိုးအရှိဆုံးဖြစ် ရန် ပေါင်းစပ်ရေးဆွဲခဲ့ပါကြောင်း။
 
 
၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆) လအတွက် စီမံကိန်းရည်မှန်းချက် များသည် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းနှင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ခုအကြား အချိတ်အဆက်မိစွာ ပေါင်းကူးဆောင်ရွက်ပေးမည့် လုပ်ငန်း အစီအစဉ်များ ဖြစ်ပါကြောင်း။
 
 
ယခုပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ (၆) လ အမျိုးသားစီမံကိန်းဥပဒေ(မူကြမ်း)၏ နောက်ဆက်တွဲတွင် နိုင်ငံတော်၏ မျှော်မှန်း ချက်၊ ရည်မှန်းချက်နှင့် မူဝါဒ ၁၂ ရပ်အပေါ် မူဝါဒတစ်ရပ်ချင်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ရေးဆွဲထား သည့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ မူဝါဒ၊ ရည်မှန်းချက်နှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများကို ပြည်ထောင်စု ဝန်ကြီးဌာန တစ်ခုချင်းအလိုက် ပြုစုတင်ပြထားပါကြောင်း။
 
 
၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အမျိုးသားစီမံကိန်း ဥပဒေ(မူကြမ်း) တွင် တိုင်းဒေသကြီး/ပြည်နယ်များ အပါအဝင် နိုင်ငံပိုင်အခန်းမှ ငွေကျပ် ၂၉၈၈ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမှုပြုရန် လျာထားပါကြောင်း ရှင်းလင်းတင်ပြသည်။
 
 
ဆက်လက်၍ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
 
 
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် စာရင်းအင်းဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ပူးပေါင်းကော်မတီဝင်      ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ကျိန်ငိုက်မန်က ဖတ်ကြားတင်ပြရာ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ် တော် နာယကက ကြေညာသည်။
 
 
အလားတူ နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း(၂၀၁၇) နှင့်စပ်လျဉ်း၍ ဥပဒေ ကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ပူးပေါင်းကော်မတီဝင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်က ဖတ်ကြား တင်ပြရာ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင် ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာသည်။
 
 
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် တိရစ္ဆာန် ကျန်းမာရေးနှင့် တိရစ္ဆာန်မှ လူသို့ ကူးစက်နိုင်သောရောဂါများ ကာကွယ်နိုင်ရန် ပူးပေါင်း ဆောင်ရွက်ရေး ဗဟိုဌာန ထူထောင်ရေး သဘောတူညီချက်အား အတည်ပြုပါဝင်ရန်နှင့် နှစ်စဉ် ကြေးထည့်ဝင်ရန် ကိစ္စနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လွှတ်တော်သို့ ရှင်းလင်းတင်ပြရာ ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယကက ကြေညာသည်။
 
 
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းတွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
 
 
 သူရဇော်၊ မီမီဖြိုး