ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

နေပြည်တော် ၁၇ ဇန်နဝါရီ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့မွန်းလွဲ  ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လ အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများ နှင့် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရသုံးငွေများ နှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ရှင်းလင်းတင်ပြကြသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လ အထိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဘဏ္ဍာရန်ပုံငွေမှ သာမန်ရငွေ အဆိုပြု တင်ပြချက်မှာ ငွေကျပ် ၆၁၁၆၂ ဒသမ ဝ၉၅ သန်းဖြစ်ပြီး စိစစ်ပြီး တိုးမြှင့်သတ်မှတ်သည့်ငွေမှာ ငွေကျပ် ၁၂၃၁၇ ဒသမ ၅ သန်းဖြစ်သဖြင့် စိစစ်ပြီး သာမန်ရငွေမှာ စုစုပေါင်း ငွေကျပ် ၇၃၄၇၉ ဒသမ ၅၉၅ သန်းဖြစ်ပါကြောင်း။

သာမန်အသုံးစရိတ် အဆိုပြုတင်ပြချက်မှာ ငွေကျပ် ၃၄၅၃၆ ဒသမ ၈၁၇ သန်းဖြစ်ပြီး စိစစ်ပြီးလျော့ချငွေမှာ ငွေကျပ် ၃၆၉၇ ဒသမ ၆၁၆ သန်းဖြစ်ပြီး သာမန်အသုံးစရိတ်မှာ စုစုပေါင်း ငွေကျပ် ၃၀၈၃၉ ဒသမ ၂၀၁ သန်းဖြစ်ပါကြောင်း၊ ငွေလုံးငွေရင်းအသုံးစရိတ် အဆိုပြု တင်ပြချက်မှာ ငွေကျပ် ၄၁၇၅ ဒသမ ၂၈ သန်းဖြစ်ပြီး စိစစ်ပြီးလျော့ချငွေမှာ ငွေကျပ် ၁၈၂၅ ဒသမ ၆၁၁ သန်းဖြစ်သဖြင့် စိစစ်ပြီး သာမန်အသုံးစရိတ်မှာ စုစုပေါင်း ငွေကျပ် ၂၃၄၉ ဒသမ ၆၆၉ သန်းဖြစ်ပါကြောင်း။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ် အဆိုပြုတင်ပြငွေ စုစုပေါင်း ငွေကျပ် ၃၈၇၁၂ ဒသမ ဝ၉၇ ဖြစ်ပြီး စိစစ်လျော့ချငွေ စုစုပေါင်း ငွေကျပ် ၅၅၂၃ ဒသမ ၂၂၇ သန်းဖြစ်သဖြင့် စိစစ်ပြီး စုစုပေါင်းငွေမှာ ငွေကျပ် ၃၃၁၈၈ ဒသမ ၈၇ သန်းဖြစ်ပါကြောင်း၊ စိစစ်တိုးမြှင့်၊ လျော့ချသည့် ငွေပမာဏကို ဝန်ကြီးဌာနအနေဖြင့် သဘောတူလက်ခံပါကြောင်းနှင့် လျော့ချသည့်ငွေရပ်အတွင်း စံချိန် စံညွှန်းမီစေရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီး ဌာနအနေဖြင့် အခြေခံပညာကဏ္ဍ၊ နည်းပညာနှင့် သက်မွေး၊ ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ၊ ကျောင်းပြင်ပပညာရေးနှင့် တစ်သက်တာပညာရေးကဏ္ဍနှင့် အခြား ဆက်စပ်ပညာရေးကဏ္ဍနှင့် သက်ဆိုင်သော ဦးစီးဌာနများအနေဖြင့် ပညာသင်ယူမှု အခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေးပြည့်ဝသော ပညာရေးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ကို ဦးတည်၍ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

အထူးသဖြင့် ကျေးလက်နှင့် ဝေးလံဒေသများတွင် အခြေခံပညာကျောင်းများ အဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်ရေးနှင့် တက္ကသိုလ်ပညာများတွင် ဆက်လက်ပညာသင်ယူနိုင်ရေး၊ လိုအပ်သော ဆရာဆရာမများ ခန့်ထားခြင်း၊ လိုအပ်သော ဆရာ၊ ဆရာမများ ရာထူးတိုးမြှင့် ခန့်ထားခြင်း၊ ပြောင်းရွှေ့ခန့်ထားခြင်း၊ လိုအပ်သော ကျောင်းဆောင်များအား တည်ဆောက်ပေးခြင်း၊ လိုအပ်သော ကျောင်းဆောင်နှင့် တက္ကသိုလ် စာသင်ခန်းများအား ပြင်ဆင်ထိန်းသိမ်းခြင်း၊ လိုအပ်သော သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးခြင်း၊ သင်ရိုးညွှန်းတမ်းမြှင့်တင်ခြင်းနှင့် ကျောင်းသုံးဖတ်စာအုပ်များ ဖြန့်ဝေပေးခြင်း၊ သင်ကြားသင်ယူမှု နည်းစနစ်များအတွက် မွမ်းမံသင်တန်းများ ပို့ချခြင်း၊ စီမံခန့်ခွဲရေးမွမ်းမံသင်တန်းများ ပို့ချခြင်း၊ ကျောင်းများနှင့် တက္ကသိုလ်များမှ လိုအပ်သော စာကြည့်တိုက်များအတွက် ဖြည့်ဆည်းခြင်း၊ အားကစား၊ အနုပညာ၊ ကျောင်းထောက်ပံ့ကြေး၊ ပညာသင်ထောက်ပံ့ကြေး၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ များထောက်ပံ့ခြင်း၊ ရုံးသုံးပစ္စည်းများ၊ ယာဉ်ပစ္စည်းများ ဝယ်ယူဖြည့်ဆည်းခြင်း၊ ကျောင်းဖွံ့ဖြိုးရေးနှင့် ကျောင်းသားအိပ်ဆောင်၊ ဝန်ထမ်းအိမ်ရာများ ဖြည့်ဆည်းပေးခြင်း၊ အတိုးနှုန်းများ ပေးချေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ယူမှုအခွင့်အလမ်းများ မြင့်မားရေးနှင့် အရည်အသွေးပြည့်ဝသော ပညာရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် သာမန်အသုံးစရိတ် ငွေကျပ် ၆၆၇၈၆၅ ဒသမ ၉၄၇ ဘီလီယံနှင့် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် ၁၃၉၂၈၀ ဒသမ ၆၀၅ ဘီလီယံ စုစုပေါင်း အသုံးစရိတ် ငွေကျပ် ၈၀၇၁၄၆ ဒသမ ၅၅၂ ဘီလီယံတို့ကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ထိရောက်ပွင့်လင်းမြင်သာစွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆) လအတွက်  သာမန်ရငွေကျပ် ၅၂၆၈ ဒသမ ၇၂၆ သန်း၊ သာမန်အသုံးစရိတ် ငွေကျပ် ၂၆၁၄၆ ဒသမ ၅၇၁ သန်းနှင့် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် ၅၇၃၉ ဒသမ ၄၆၇ သန်း တင်ပြတောင်းခံခြင်း ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု တစ်ရပ်လုံးအတွက် ပဋိသန္ဓေတည်သည်မှ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများနှင့် မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားသည့် ဘေးအန္တရာယ် အမျိုးမျိုးကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများကို လျော့နည်းသက်သာရန် ဆောင်ရွက်ခြင်း၊ သဘာဝဘေးကို ရင်ဆိုင်တုံ့ပြန်နိုင်ရန် အဆင်သင့်ဖြစ်ခြင်းနှင့် ဘေးသင့်ပြည်သူများ မူလလူနေမှုဘဝ အခြေအနေထက် ပိုမိုကောင်းမွန်သည့် အခြေအနေသို့ ရောက်ရှိအောင် ဆောင်ရွက်ခြင်းများတွင် ငွေကြေးစီမံခန့်ခွဲမှုများကို ပြည်သူလူထုအပေါ် ထိထိရောက်ရောက်နှင့် ပွင့်လင်းမြင်သာစွာ အသုံးပြုသွားမည်ဖြစ်ပါကြောင်း။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာရေးနှစ် ပြောင်းလဲရေးကာလ (၆) လတာအတွင်း အမှန်တကယ် လိုအပ်သည့် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများကိုသာ ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းများအတွက် ယခုတင်ပြတောင်းခံမှုသည် နောင်လာမည့် ဘဏ္ဍာရေးနှစ် ဆောင်ရွက်မှုလုပ်ငန်းများနှင့် ဆက်စပ်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လ အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ မူဝါဒ ၅ ရပ်၊ ရည်မှန်းချက် ၄ ရပ်၊ လုပ်ငန်းစဉ်ပေါင်း ၄၀ တို့နှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ၆ လအတွက် ရငွေလျာထားချက်မှာ သာမန်ရငွေ ငွေကျပ် ၄၂ ဒသမ ၉၃၉ ဘီလီယံ၊ ငွေလုံးငွေရင်းရငွေ ငွေကျပ် ၂၄ ဒသမ ၂၁၃ ဘီလီယံနှင့် ကြွေးမြီရငွေ ငွေကျပ် ၁၀၅ ဒသမ ၁၉၂ ဘီလီယံ စုစုပေါင်းရငွေ ငွေကျပ် ၁၇၂ ဒသမ ၃၄၄ ဘီလီယံ ဖြစ်ပါကြောင်း။

သာမန်ရငွေ ငွေကျပ် ၄၂ ဒသမ ၉၃၉ ဘီလီယံတွင် လမ်း/တံတား အသုံးပြုခ ကောက်ခံရငွေများ၊ ပုံဆွဲ/ပုံထုတ်ခ ရငွေများ၊ အရည်အသွေး စစ်ဆေးခရငွေ၊ အဆောက်အဦ/ မြေငှားရမ်းခ ရငွေများ၊ တင်ဒါပုံစံ ရောင်းရငွေများနှင့် အခြားရငွေများ ဖြစ်ပါကြောင်း၊ ငွေလုံးငွေရင်းရငွေ ငွေကျပ် ၂၄ ဒသမ ၂၁၃ ဘီလီယံတွင် နိုင်ငံတကာ အဖွဲ့အစည်းများမှ ထောက်ပံ့ငွေနှင့် နိုင်ငံပိုင် အဆောက်အဦအဟောင်းများ ဖျက်သိမ်းရောင်းချရငွေများ ဖြစ်ပါကြောင်း၊ ကြွေးမြီရငွေ ငွေကျပ် ၁၀၅ ဒသမ ၁၉၂ ဘီလီယံတွင် ပြည်ပနိုင်ငံများမှ ချေးယူရငွေနှင့် ဖက်စပ်ကုမ္ပဏီများတွင် ရင်းနှီးထည့်ဝင်ထားငွေမှ ပြန်ရငွေများ ဖြစ်ပါကြောင်း။

ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် ၁၈၄ ဒသမ ၄၁၃ ဘီလီယံတွင် လွှတ်တော်ကတိ ကဝတ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆောင်ရွက်ဆဲ လမ်းစီမံကိန်း ၅ ခု၊ တံတား စီမံကိန်း ၄၁ ခု၊ လုပ်ငန်းသစ်တွင် လမ်းစီမံကိန်း ၃ ခု၊ တံတားစီမံကိန်း ၁၇ ခုနှင့် ကျေးလက် လမ်းတံတားလုပ်ငန်း ၁၃ ခုတို့ ပါဝင်ပြီး ၆ လတာ ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများအတွက် တောင်းခံထားခြင်း ဖြစ်ပါကြောင်း။

ထို့ပြင် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် လုပ်ငန်းအသစ်အနေဖြင့် တည်ဆောက်မည့် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာစီမံကိန်းများ ဆောင်ရွက်နေပြီး လိုအပ်သောရန်ပုံငွေကို ၂၀၁၇ - ၂၀၁၈ ဖြည့်စွက်ခွင့်ပြုငွေတွင် တောင်းခံခဲ့သော်လည်း မရရှိခဲ့ပါ၍ ယခု ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လတာကာလအတွင်း ပြီးစီးနိုင်မည်ဖြစ်၍ တင်ပြခြင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

မီမီဖြိုး