နေပြည်တော်   ၂၇  မေ

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ၂၀၁၉-၂၀၂ဝခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပူးပေါင်းကော်မတီများ၏ သုံးသပ်ချက်အစီရင်ခံစာပါ မူနှင့်အခြေခံသဘော အကြောင်းအရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မူနှင့်အခြေခံသဘောနှင့် ရငွေသုံးငွေဆွေးနွေးခြင်းများအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က Esatern States Agribusiness Project – ESAP စီမံကိန်းနှင့်စပ်လျဉ်း၍ ESAP စီမံကိန်းသည် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု ငွေကြေးရန်ပုံငွေအဖွဲ့ (IFAD) ချေးငွေထောက်ပံ့ငွေတို့ဖြင့် ဆောင်ရွက်သောစီမံကိန်း ဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ ကျေးလက်နေဆင်းရဲသား အမျိုးသား၊ အမျိုးသမီးတို့၏ စီးပွားရေးအခြေအနေ တိုးတက်လာစေရန် နှင့် သဘာ၀ ပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေပြီး လယ်ယာသစ်တော မှီခိုမိသားစုများနှင့် လုပ်ကွက်ငယ်တောင်သူ များ၏ ဝင်ငွေတိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်သည့် စီမံကိန်းဖြစ်ပါကြောင်း၊ စီမံကိန်း ကို ရှမ်းပြည်နယ် တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်နှင့် ကျောက်တလုံးကြီးမြို့နယ်များ၊ ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်နှင့် သံတောင်ကြီးမြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ စီမံကိန်းကာလသည် ၂၀၁၈- ၂၀၁၉ ခုနှစ်မှ စတင်ပြီး လာမည့်၂၀၂၃-၂၀၂၄ ခုနှစ်တွင် ပြီးဆုံးမည်ဖြစ်ပါကြောင်း၊ စီမံကိန်းကို IFAD ချေးငွေ အမေရိကန်ဒေါ်လာ (၅၆ ဒသမ ၇၃)သန်းနှင့် IFAD ၏ ထောက်ပံ့ငွေ (၁ ဒသမ ၅)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။

 

ဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုအနေဖြင့် ပြည်ပအကူအညီ၊ ပြည်ပ ချေးငွေများမပါ နိုင်ငံတော်၏ ဘတ်ဂျက်ဖြင့် ဖြည့်စွက်ခွင့်ပြုငွေသည် သာမန်တွင် ငွေကျပ် ၃ ဒသမ ၂၇၉ ဘီလီယံ၊ ငွေလုံးငွေရင်းတွင် ငွေကျပ် ၄ ဒသမ ၁၁၅ဘီလီယံ၊ ကြွေးမြီတွင် ငွေကျပ် ၀ ဒသမ ၂၇၃ ဘီလီယံ စုစုပေါင်း ငွေကျပ် ၇ ဒသမ ၆၆၇ ဘီလီယံ ဖြစ်ပါကြောင်း၊ အဆိုပါ ဖြည့်စွက်ရန်ပုံငွေများ ခွင့်ပြုချက်ရရှိပါက အကျိုးရှိထိရောက်စွာ စီမံကြီးကြပ်သုံးစွဲဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် ယခင်က အသုံးပြုခဲ့သည်မှာ Analog မီတာများ Class 2 အမျိုး အစားဖြစ်ပါကြောင်း၊ Digital Off Site Meter Reading မီတာအမျိုးအစားများကို ၂၀၁၄ ခုနှစ်မှစတင်၍ အသုံးပြုခဲ့ပါကြောင်း၊ Digital မီတာအမျိုးအစားများသည် ယူနစ် ကို Remote Hand Held Unit (HHU) ဖြင့် တိကျစွာ ဖတ်ယူနိုင်ပြီး ကွန်ပျူတာသို့ ထည့်သွင်းမှတ်တမ်း တင်နိုင်ခြင်းကြောင့် မီတာများအား လူအင်အားနှင့် အချိန်သက်သာနိုင်နင်းစွာ ဖတ်ရှုနိုင်ခြင်းနှင့် လူကြောင့်ဖြစ်ပေါ်သည့် လွဲမှားမှုများအား လျှော့ချ နိုင်ခြင်း စသည့် အားသာချက်များ ရရှိစေပါကြောင်း။

 

အဆိုပါ Digital မီတာအမျိုးအစားများမှတစ်ဆင့် Control Center သို့မဟုတ် မြို့နယ်ရုံးရှိ ကွန်ပျူတာများနှင့် ချိတ်ဆက်၍ သုံးစွဲယူနစ်များဖတ်ရှုနိုင်ခြင်း၊ ဗို့အားအခြေအနေများအား အချိန်နှင့်တစ်ပြေးညီ စစ်ဆေးနိုင်ခြင်း၊ တရားမဝင် ဓာတ်အားသုံးစွဲမှုများအား စောင့်ကြည့်နိုင်ခြင်း၊ မီးသုံးသူများသည် မိမိတို့သုံးစွဲသည့် ယူနစ်နှင့် ဓာတ်အားခ ကျသင့်ငွေများအား Phone Application မှတစ်ဆင့် ဖတ်ရှုစစ်ဆေးနိုင်ခြင်း၊ Online Billing စနစ်ဖြင့် ဓာတ်အားခပေး ချေနိုင်ခြင်း၊ ကြိုတင်ငွေပေးချေစနစ် ဆောင်ရွက်နိုင်ခြင်း၊ လျှပ်စစ်ယူနစ်များကို သုံးစွဲချိန် နေ့/ည ရာသီအလိုက် ခွဲခြားမှတ်တမ်း တင်နိုင်ခြင်း၊ လျှပ်စစ်ပစ္စည်းကိရိယာများမှ ဖြစ်ပေါ်လာသည့် Reactive Power ကို တိုင်းတာ မှတ်တမ်းတင်နိုင်ခြင်း၊ လျှပ်စစ်မီတာရှိ ခလုတ်ကို အဝေးမှ အဖွင့်/အပိတ် လုပ်နိုင်ခြင်း စသည့် အားသာချက်များဖြင့် အသုံးပြုနိုင်ပါကြောင်း၊ Advance Metering Infrastructure (AMI) စနစ်ကို စမ်းသပ်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရန်ကုန်မြို့တော်တွင်ရှိသည့် ဒေါပုံ၊ ပန်းဘဲတန်း၊ တောင်ဥက္ကလာမြို့များတွင် အဆင်ပြေစွာ အသုံးပြုနေကြပြီ ဖြစ်ပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးတွင် တူညီသည့် စံချိန်စံညွှန်းများရှိသည့် AMI စနစ်ဖြင့် အသုံးပြုသည့် Digital မီတာများအား အသုံးပြုနိုင်ရန် စံချိန်စံညွှန်းသတ်မှတ် စိစစ်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး စနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မကြာခင်တွင် AMI စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်အသုံးပြုနိုင်တော့မည် ဖြစ်သည့်အတွက် ဘဏ္ဍာငွေလျာထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က နိုင်ငံတော်အနေဖြင့် အမျိုးသား ပို့ကုန်မဟာဗျူဟာ၌ ဆီထွက်သီးနှံအား ဦးစားပေးကဏ္ဍ တစ်ခုအနေဖြင့် ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ ဆီထွက် သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေ၊ မျိုး၊ သွင်းအားစု၊ နည်းပညာ၊ အရင်းအနှီး စသည်ဖြင့် ပံ့ပိုးရန်လိုအပ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များအသင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း။

 

လက်ရှိတွင် တောင်သူများအနေဖြင့် မြေပဲနှင့် နှမ်းကို ပိုမိုစိုက်ပျိုး ထုတ်လုပ်လာပြီး ဈေးကောင်းရရှိသည့်အတွက် ပြည်ပကို တင်ပို့ရောင်းချနေကြရာတွင် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် မြေပဲ တန်ချိန်(၅)သောင်း တင်ပို့နေရာမှ ၂၀၁၉ - ၂၀၂ဝဘဏ္ဍာနှစ် (မေလ ၁၅ရက်နေ့အထိ) တန်ချိန် (၇)သောင်း ခန့်အထိ ပိုမိုတင်ပို့လာနိုင်သည်ကို တွေ့ရှိရပါ ကြောင်း၊ နှမ်းကိုလည်း အလားတူကာလတွင် တန်ချိန်(၉)သောင်းကျော်ခန့်မှ တန်ချိန် (၁)သိန်းခန့်အထိ တင်ပို့ခဲ့ပါကြောင်း၊  တစ်ဖက်တွင်လည်း ဒုတိယအဆင့် ဆီထွက်သီးနှံများဖြစ်သည့် ပဲပုတ်၊ နေကြာနှင့် ပန်းနှမ်းများကို တိုးချဲ့စိုက်ပျိုး လျက်ရှိရာ ရေရှည်တွင် ပြည်ပကတင်သွင်းမှုကို အစားထိုးနိုင်မည်ဖြစ်သည့်အတွက် တောင်သူများ ဝင်ငွေတိုးတက်ပြီး ကုန်သွယ်မှု လိုငွေပြမှုများကိုလည်း လျှော့ချစေနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာနကိုယ်စား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊  ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း နှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

 

ထို့နောက် အဆိုပါ ဥပဒေကြမ်း၏ ဥပဒေအကြောင်းအရာများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက တစ်ပိုဒ်ချင်းစီအလိုက် အဆိုတင်သွင်း၍ ပြည်ထောင်စုလွှတ်တော် နာယက  က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၏ သဘောထားမေးမြန်းပြီး လွှတ်တော်၏အဆုံးအဖြတ် ရယူအတည်ပြုသည်။

 

ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အဆိုပါ ဥပဒေကြမ်း တစ်ရပ်လုံးကို အတည်ပြုရန် အဆိုတင်သွင်းသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ဥပဒေကြမ်း တစ်ရပ်လုံးကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မြန်မာနိုင်ငံ၏ အသေးစားနှင့်  အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ချေးငွေအာမခံကော်ပိုရေးရှင်း တည်ထောင်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန် ဒေါ်လာသန်း ၆၀ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က  ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင်  ချေးငွေအာမခံ ကော်ပိုရေးရှင်းတည်ထောင်ရေးစီမံကိန်းကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးသည့်အခါ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် အာရှဖွံ့ဖြိုးရေး ဘဏ်နှင့် ညှိနှိုင်းပြီး ချေးငွေစာချုပ်ချုပ်ဆိုမှု ဆောင်ရွက်ခြင်း၊ ချေးငွေစာချုပ် လက်မှတ်ရေးထိုးခြင်း၊ စာချုပ်အသက်ဝင်ရန် ဆောင်ရွက်ခြင်း၊ ချေးငွေထုတ်ယူသုံးစွဲ ရရှိစေရန် ဆောင် ရွက်ခြင်းစသည့် လုပ်ငန်းစဉ်များကို လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်စေပြီး ဆောလျင်စွာပြီးစီးစေရန် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ညှိနှိုင်းထားရှိပါကြောင်း။

 

Credit Guarantee Corporation (CGC) Law ရေးဆွဲပြီးစီး၍ လွှတ်တော်သို့ တင်ပြသည့်အခါ အချိန်မီပြဋ္ဌာန်း နိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေး ကြပါရန် တင်ပြအပ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်များကိုလည်း မှတ်သားထားရှိပြီး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အလေးထား သုံးသပ်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ချေး ငွေအမေရိကန်ဒေါ်လာ သန်း(၆၀) ရယူရေးကိစ္စအပေါ် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါ ချေးငွေရယူနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍  လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မဲခေါင်မြစ်ဝှမ်းဒေသ ကျန်းမာရေးလုံခြုံမှုဆိုင်ရာစီမံကိန်းနှင့် COVID-19 ကဲ့သို့သော ကမ္ဘာ့ကူးစက်မြန်ရောဂါများ ဖြစ်ပွားလာပါက ကုသရေးဝန်ထမ်းများ အဆင့်မြှင့်တင်ခြင်းတို့ ဆောင်ရွက်နိုင်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ သန်း ၃၀ ချေးငွေ ရယူရေးနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ယင်းချေးငွေကိစ္စအပေါ် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာန က ဆောင်ရွက်လျက်ရှိသည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားတည်ဆောက်ရေးစီမံကိန်း တိုးချဲ့ရန် ကိုရီးယားသမ္မတနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ(EDCF)ထံမှ အမေရိကန်ဒေါ်လာ သန်း ၂၀ ချေးငွေရယူ ရေးနှင့်စပ်လျဉ်း၍     တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ ပုလောမဲဆန္ဒနယ်မှ ဦးအုန်းခင်၊ ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်နှင့် ဒလ မဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေးတို့က ဆွေးနွေးကြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက အီလက်ထရောနစ်စနစ်ဖြင့်  လူဦးရေ မှတ်ပုံတင်ခြင်း စီမံကိန်းဆောင်ရွက်ရန်အတွက် ဩစတြီးယားနိုင်ငံ၊ Unicredit Bank ထံမှ အတိုးမဲ့ချေးငွေ ယူရို ၃၃ သန်း ရယူရေးနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ဘီးလင်း မဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦးက ယခုစီမံကိန်းကြောင့် အစိုးရအဖွဲ့ အစည်းများ၏ တာဝန်ယူ၊ တာဝန်ခံမှုများကို မြှင့် တင်ပေးနိုင်ခြင်း၊ အကျင့်ပျက်ချ စားမှုများကို အထိုက်အလျောက် လျှော့ချပေးနိုင်ခြင်း၊ နိုင်ငံတော်မှ မူဝါဒချမှတ် အကောင်အထည်ဖော်နေသည့် e- Government စနစ် အကောင်အထည်ဖော်ရန်အတွက် အထောက်အကူပြုနိုင်ခြင်း၊ မဲစာရင်းပြုစုခြင်း၊ အခွန်ကောက်ခြင်း၊ နိုင်ငံကူးလက်မှတ်အစရှိသည့် လုပ်ငန်းများအပြင် အခြားသော ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ချိတ်ဆက်ဆောင်ရွက်နိုင်သည်ကို ပြည်သူများရှင်းလင်းစွာ သိရှိရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အသိပေးရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။

 

အလားတူ ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး စောကျော်အောင်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးလွင်မောင်စိုး၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးကျော်နီနိုင်နှင့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး မျိုးမင်းအောင်တို့က ဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို မေ ၂၈ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်