တောင်ကြီး ၁၉ မေ
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၀) (ဒုတိယနေ့)ကို ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်က ရှမ်းပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်း စစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက အစည်းဝေး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၁၃၉ ဦးရှိသည့်အနက် ခွင့်ပန်ကြားသူ ၂၅ ဦးရှိပြီး အစည်းအဝေးသို့ ၁၁၄ ဦးတက်ရောက်သဖြင့် ၈၂ ဒသမ ၁ ရာခိုင်နှုန်း ရှိသောကြောင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး(ဒုတိယနေ့) စတင်ကျင်းပကြောင်း ကြေညာသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ လွှတ်တော် အစည်းအဝေး (ပထမနေ့)တွင် လွှတ်တော်သို့ တင်သွင်းခဲ့သည့် ရှမ်းပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းကိစ္စနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၈)တို့က သုံးသပ်အကြံပြု ဆွေးနွေးတင်ပြခဲ့သည်။
ယင်းနောက် ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ စိစစ်ရေး ကော်မတီ၏ အစီရင်ခံစာကို သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့ပြီး ရှမ်းပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် က ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်ကသဘောတူသဖြင့် လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း အတည်ပြုကြောင်း ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌက ကြေညာသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၀) ဆောင်ရွက်ချက်များ အပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများအား ရှင်လင်းတင်ပြပြီး ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀) ဒုတိယနေ့ကို ရပ်နားခဲ့ကြောင်း သိရသည်။
(ပြည်နယ် ပြန်/ဆက်)