ရန်ကုန်  ၁၀  ဖေဖော်ဝါရီ

 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် (၄)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ယနေ့ညနေ ၆ နာရီက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အဖွင့် အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီ ဖြတ်သန်းခဲ့မှုသည် ဆယ်စုနှစ် တစ်စုသို့ ရောက်ရှိလာပြီဟု ပြော၍ရကြောင်း၊ မိမိတို့နိုင်ငံရှိ ပြည်ထောင်စုသားအားလုံး မျှော်လင့်နေသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရဦးမည်ဖြစ်ကြောင်း၊ ယခုမိမိတို့၏ လွှတ်တော်ထဲမှ နေ၍ မိမိတို့နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ နယ်ပယ်အသီးသီးတွင် ကြိုးပမ်းဆောင်ရွက် နေသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံ တစ်ခုကို ဖြတ်သန်းသည့်နေရာတွင် လွှတ်တော်၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း ပြောကြားသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း က အမှာစကားပြောကြားရာတွင် မိမိတို့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သည် ပြည်သူ့အခြေပြု ဥပဒေပြု မဏ္ဍိုင်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်မှာ လေးနှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးလွှတ်တော်သည် ပြည်သူ့အသံ-လွှတ်တော် အသံ၊ ပြည်သူ့ဆန္ဒ-လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ရဲ့မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်ဟူသော ဆောင်ပုဒ်နှင့် အညီဆောင်ရွက်ခဲ့ရာ ယနေ့ဆိုလျင် ပြည်သူများအတွက် တာဝန်ထမ်းဆောင်ခြင်း လေးနှစ်မြောက် နှစ်ပတ်လည် အခမ်းအနားဟု ဆိုနိုင်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးလွှတ်တော်သည် ထိုဥပဒေပြုရေးတာဝန်ကို ထမ်းဆောင်ရာတွင် ပြည်သူကို ဦးထိပ်ထားပြီးပြည်သူ့ အကျိုးကို ရှေးရှုကာကြိုးစား ထမ်းဆောင်ခဲ့ကြောင်း၊ ကျန်ရှိသည့်လွှတ်တော် သက်တမ်းကာလ တွင်လည်း ကြိုးကြိုးစားစား ထမ်းဆောင်သွားကြမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ပေးအပ်ပြီး လွှတ်တော်ဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်သည်။

 

ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်း သား၊ ကျောင်းသူများက အဆို၊ အကများဖြင့် သီဆိုဖျော်ဖြေကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ညစာကို အတူတကွသုံးဆောင်ကြသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး