ရန်ကုန် ၂၉ ဇန်နဝါရီ 

 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ယနေ့အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း ရှစ်ခုကိုမေးမြန်းရာ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းနှင့် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်တို့က ပြန်လည်ဖြေကြား ရှင်းလင်းကြသည်။

 

တိုက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလွင်စိုးမင်း၏ တိုက်ကြီးမြို့နယ်အတွင်းရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် ကြုံတွေ့နေရသည့် ဆန်စပါးစိုက် တောင်သူလယ်သမားများ၏ အခက်အခဲများအား မည်ကဲ့သို့စီမံ ဖြေရှင်းပေးနိုင်သည်ကို သိရှိလိုကြောင်းမေးခွန်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ရှိ လယ်ယာမြေအများစုသည် မိုးစပါးနှင့် ဆောင်းသီးနှံ၊ နွေစပါး စိုက်ပျိုးနိုင်သည့် မြေများဖြစ်ကြောင်း၊ မိုးစပါးမှာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက ရေပေးဝေခြင်းမရှိဘဲ သဘာဝအလျောက်မိုးရေနှင့် စိုက်ပျိုးသည်ကို တွေ့ရှိရကြောင်း၊ နွေစပါးကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက နှစ်စဉ် ဒီဇင်ဘာလလယ်ခန့်မှစ၍ နောက်တစ်နှစ် ဧပြီလလယ်အထိ ရေပေးဝေလျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာနအနေဖြင့် နွေစပါးဧက သုံးသောင်းကျော် ရေပေးနိုင်ရာ တဘူးလှ ရေလှောင်တမံအတွင်း ရေဧကပေ ၁၉၄၀၀၀ ကျော်ကို သိုလှောင်ထားနိုင်ပြီးဖြစ်ကြောင်း။

 

ယခင်နှစ်များက စပါးဈေးမြင့်တက်ခဲ့ခြင်းကြောင့် တောင်သူများက ဆည်ရေပေးဝေရန် စာရင်းမပါဝင်သော်လည်း ရေစုပ်စက်ကြီးများဖြင့် စုပ်ယူဆောင်ရွက်ခဲ့ခြင်းကြောင့် ညီညွတ်မျှတမှုမရှိဘဲ အချို့နေရာများတွင် အခက်အခဲများကြုံခဲ့ကြောင်း၊ သို့ရာတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဖြေရှင်းဆောင်ရွက်ခဲ့ခြင်းကြောင့် နွေစပါးစိုက်ပျိုးရာတွင် လုံလောက်သော ရေပေးဝေနိုင်ခဲ့ကြောင်း၊ သက်ဆိုင်ရာဌာနအနေဖြင့် ရေထိန်းတံခါးများတွင် လုပ်သားများခန့်ထားနိုင်ပြီး ရေစီးဆင်းသည့် ချောင်းတစ်လျှောက် လုပ်သားများ တာဝန်ပေးအပ်နိုင်ခြင်း မရှိသည့်အတွက် ရေစုပ်စက်များနှင့် စုပ်ယူနေကြသည်ကို ဟန့်တားနိုင်ရန် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 

ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဖြေကြားခဲ့သည့် ရန်ကုန်တိုင်းအတွင်းရှိ ကျူးကျော်အိမ်ရာနေ ပြည်သူများနေထိုင်ရန်အတွက် ဆောက်လုပ်ပြီးစီးခဲ့သည့် တိုက်ခန်းပေါင်း (၂၂၀၈)ခန်းနှင့်  ဆောက်လုပ်ဆဲတိုက်ခန်း (၈၀၀၀) အား မည်ကဲ့သို့ ဆက်လက် စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း၊ Yangon Metropolitan Development  Public Co.,Ltd မှ ကျူးကျော်အိမ်ရာနေ ပြည်သူများနေထိုင်ရန်အတွက် ကျူးကျော် (၂၇၀၀၀) ခန့် နေရာချထားနိုင်ရေး ရည်ရွယ်ချက်အား မည်ကဲ့သို့ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း၊  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်အိမ်ရာများအား ပြန်လည်နေရာချထားနိုင်ရေးအတွက်  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ နောက်ဆုံး မည်ကဲ့သို့ ဆက်လက်စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်းမေးခွန်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ပိုင်မရှိသေးဘဲ အိမ်ငှားနေထိုင်ရသူများ၏ အိမ်ရာလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းပေါင်း ၂၂၀၈ ခန်းကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့အိမ်ရာစီမံကိန်းများ ရောင်းချရေးကော်မတီမှ စိစစ်ရောင်းချပေးခဲ့ကြောင်း၊ တန်ဖိုးနည်းအိမ်ရာများကို အပြီးအပိုင်ရောင်းစနစ်ဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း၊ ဝင်ငွေနည်းပါးသောမိသားစုများ ဝယ်ယူနိုင်စွမ်းရှိလာအောင် CHID Bank အိမ်ဝယ်ချေးငွေ ထုတ်ချေးပေးသည့်စနစ်ဖြင့် ချိတ်ဆက်ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဘဏ်ချေးငွေကို ၁၅ နှစ် အရစ်ကျပေးဆပ်နိုင်ရန် စီစဉ်ထားရှိပြီး အတိုးနှုန်းသက်သာမှုရှိစေရန် အတိုးနှုန်း ဒသမ ရာခိုင်နှုန်းဖြင့် ပြန်လည်ထုတ်ချေးပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူလူထုအတွက် အိမ်ရာလိုအပ်ချက်များပြားသဖြင့် ဆောက်လုပ် ရေးဝန်ကြီးဌာနမှ နှစ် ၂၀ နှစ်ရှည်စီမံကိန်းရေးဆွဲပြီး တစ်နှစ်လျှင် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာ ၈၀၀၀ ယူနစ် ဆောက်လုပ်ရောင်းချပေးရန် လျာထားဆောင်ရွက်ခဲ့ကြောင်း၊ လျာထားချက်အတိုင်း ဆောင်ရွက်ရာတွင် အိမ်ရာသစ်များ တည်ဆောက်ချိန်ကာလသည် နှစ်ခန့်ကြာမြင့်ပြီး နှစ်စဉ်တည်ဆောက်ပြီးစီးသွားသည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများကို အတိုးနှုန်းသက်သာမှုရှိသော အစီအစဉ်ဖြင့် CHID Bank သာမက အခြားပုဂ္ဂလိက ဘဏ်များမှလည်း အိမ်ဝယ်ချေးငွေ ထုတ်ချေးပေးနိုင်ရန် ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ Yangon Metropolitan Development Public (YMDP) ကုမ္ပဏီမှ ကျူးကျော်အိမ်ရာများတွင် နေထိုင်ရသော ပြည်သူများ၏ လူမှုစီးပွားရေးဘဝမြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် လှိုင်သာယာမြို့နယ်နှင့် ဆက်စပ်လျက်ရှိသော ပန်းလှိုင်မြစ်တစ်ဘက်ကမ်း တွံတေးမြို့နယ်ရှိ ရေကျော်ကွင်း မြေဧက ၂၄၀၀ ခန့်တွင် တန်ဖိုးနည်းအိမ်ရာ ၂၆၁၈၂ ယူနစ် ဆောက်လုပ်ပြီး လစဉ် အရစ်ကျပေးဆပ်ရသောစနစ်ဖြင့် ကျူးကျော်အိမ်ရာနေပြည်သူများအား ဦးစားပေးပြီး တိုက်ခန်းရောင်းချပေးသွားရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ YMDP ကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရကို ကိုယ်စားပြု၍ ၂၀၁၇ ခုနှစ်တွင် မလေးရှားနိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့် နားလည်မှုစာချွန်လွှာ၊ မူဘောင် သဘောတူညီချက်တို့ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ဆက်လက်၍ စီမံကိန်းဖြစ်မြောက် နိုင်စွမ်းဆောင်ရွက်ခဲ့ပြီး စီမံကိန်းမြေ နေရာဧက ၂၄၀၀ ကို လယ်ယာမြေဥပဒေပုဒ်မ ၃၀(က) လျှောက်ထားရေးကို စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ယင်းစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူ၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်ရောင်းချပေးလျက်ရှိသော တန်ဖိုးနည်းအိမ်ရာ (ကျပ် ၆၆ သိန်းမှ ၁၄၅ သိန်းအတွင်း) တိုက်ခန်းများဝယ်ယူရန်အတွက် မိသားစုဝင်ငွေသတ်မှတ်ချက် မပြည့်မီသည့်သူများ၊ အထူးသဖြင့် ယင်းတန်ဖိုးနည်း တိုက်ခန်းများကို ဝယ်ယူရန် မစွမ်းဆောင်နိုင်သူများ၊ ကျူးကျော်အိမ်ရာများတွင် နေထိုင်သူများအတွက် ကျပ်သိန်း ၃၀ တန် နေအိမ်များကို ၁၄ ပေ၊ ၂၅ ပေ အရွယ်အစားဖြင့် Community Housing နည်းစနစ်အရ ဆောက်လုပ်နေရာချထား ပေးသွားရန် အစီအမံများချမှတ်ထားကြောင်း၊ ရှေးဦးစွာ ရွှေပြည်သာမြို့နယ်၊ သံတင်း(၄၈)ရပ်ကွက်တွင် Community Housing အိမ်၂၆၄ လုံး ဆောက်လုပ်ပြီးစီး၍ နေရာချထားပေးပြီးဖြစ်ကြောင်း၊ ဆက်လက်၍ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်ပိုင်း၊ ဒဂုံအရှေ့ပိုင်းနှင့် ရွှေပေါက်ကံတို့တွင် အိမ်ရာယူနစ် ၁၀၀၀၀ စီ၊ စုစုပေါင်း အိမ်ရာယူနစ် ၆၀၀၀၀ အထိဆောင်ရွက်သွားရန် စီမံကိန်းရေးဆွဲထားကြောင်း၊ အဆိုပါ ကျပ်သိန်း ၃၀ တန်နေအိမ်များကို Microfinance ချေးငွေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး အစိုးရမှ မြေနေရာပေးကာ မြေကို အစိုးရမြေအဖြစ်ဆက်လက် သတ်မှတ်ထားကြောင်း၊ အဆိုပါကျပ်သိန်း ၃၀ တန်နေအိမ် လိုချင်သူများသည် Microfinance အစီအစဉ်ဖြင့် ချေးငွေရယူပြီး ဆောက်လုပ်နေထိုင်ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 

အလားတူ ခရမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှတိုး၏ ခရမ်းမြို့နယ်အတွင်းရှိ  မမြဲဦးပိုင်အဖြစ် မြေခွန်စည်းကြပ်ထားသော မြေများကို မမြဲဦးပိုင်မှ အမြဲဦးပိုင်သို့ပြောင်းလဲ၍ ပုံစံ() အမြန်ထုတ်ပေးနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ၊ ယခုလာမည့် မိုးရာသီ စိုက်ပျိုးရေး အချိန်မီ စိုက်ပျိုးစရိတ် ချေးငွေရယူနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်းမေးခွန်း၊ မှော်ဘီမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၏ မှော်ဘီမြို့နယ်၊ မြို့ချောင်းကျေးရွာအုပ်စု ကွင်းအမှတ်(၆၁၆) ရေငံကွင်းအတွင်းရှိ စားကျက်မြေနှင့် လှိုင်မြစ်ကမ်းကြားရှိ လယ်သမားများအား ယခုနှစ် မိုးရာသီ စိုက်ပျိုးချိန်အမီ လယ်ယာမြေ ပုံစံ() ထုတ်ပေးရန် အစီအစဉ်ရှိမရှိ သိရှိလိုကြောင်း မေးခွန်းတို့ကို ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး  ဦးဟံထွန်းက လည်းကောင်း။

 

လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်()မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း၏ YBS ယဉ်အို၊ ယာဉ်ဟောင်းများပြေးဆွဲခွင့် အားမည်သည့် အချိန်တွင်ရပ်နားမည်ကို အချိန်ကာလ အပိုင်းအခြားနှင့်တကွ သိရှိလိုကြောင်းမေးခွန်း၊ လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်()ဦးဦးဝင်းမောင်၏ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်မှ အလယ်ရွာ၊ ရွှေလင်ဗန်း၊ (၁၅)ဈေး၊ ရုံးရှေ့၊ ပီမိုးနင်းလမ်းမ၊ ဘုရင့်နောင်တံတားမှတဆင့် ရန်ကုန်မြို့တွင်းမှ YBS ယာဉ်လိုင်းပြေးဆွဲပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိလျင် မည်သည့်ကာလတွင် စတင်ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးခွန်း၊ ဆိပ်ကမ်းမြိူ့နယ် မဲဆန္ဒနယ်အမှတ်()မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်၏ ဆိပ်ကမ်းမြို့နယ်၊ မော်တင်ယာယီဈေးရပ်ကွက် ဝါးတန်းနယ်မြေရှိ ဝါးတန်းဘောတံတားနှင့် ကိုင်းတန်းဘောတံတားအကြားရှိ လူဆင်းတံတား အဆုံးနှင့် ၆၅ ပေအကွာ ရေစစ်ချိန်တွင် နုံးများပို့ချမှုများပြားလာခြင်းအား သောင်တူးပေးရန် အစီအစဉ် ရှိ/မရှိ၊ လူဆင်းတံတားအဆုံးမှ မူလအတိုင်းအရှေ့သို့ ၁၅ ပေ တိုးချဲ့ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးသွားမည်၊ မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးခွန်း၊ ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်()မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အောင်၏ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြစ်အား အမှီပြု၍ သွားလာနေကြသော ခရီးသည်များတွင် အသက်အရွယ်ကြီးသူများနှင့် မသန်စွမ်းခရီးသည်များအနေဖြင့် လှေ၊ အတက်အဆင်း ခက်ခဲမှုရှိနေသည်ကို တွေ့ရှိနေရပါသဖြင့် အဆင်ပြေလွယ်ကူမှုရှိစေရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအနေဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် မည်ကဲ့သို့ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးခွန်းများအပေါ် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကလည်းကောင်း အသီးသီးပြန်လည်ဖြေကြား ရှင်းလင်းသည်။

 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက် မြောက်နေ့ကို ဇန်နဝါရီ ၃၀ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

 

နနနန