ရန်ကုန် ၂၀ ဇန်နဝါရီ
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြ မေးခွန်းငါးခုကို မေးမြန်းရာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း တို့က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ထန်းတပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော် က ထန်းတပင်မြို့နယ်၊ သဘော့ချောင်းကျေးရွာအုပ်စု၊ ရေသောင်တောကျေးရွာသည် ဘောလည်ကျွန်း လှိုင်မြစ်ကမ်းဘေးမှ ရွာဖြစ်ပြီး ရေတိုက်စား ကမ်းပြိုမှုကြောင့် အိမ်ခြေ ၅၀ ကျော်ခန့် နေရာမဲ့ဖြစ်နေပါသောကြောင့် ရေသောင် တောကျေးရွာနှင့် ဆက်စပ်လျက်ရှိသော မြေလွတ်မြေရိုင်း (၈၃) ဧကသို့ ဥပဒေနှင့် အညီ ပြောင်းရွှေ့ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ရေသောင်တောကျေးရွာနှင့် ဆက်စပ်လျက်ရှိသော မြေ(၈၃) ဧကသည် ထန်းတပင်မြို့နယ်၊ သဘော့ ချောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၁၆)၊ ရေသောင်တောကွင်းအတွင်းရှိ ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၂၀၀၃ ခုနှစ် သြဂုတ်(၂၈)ရက်စွဲပါ စာအမှတ်ဖြင့် ငါးကန်မြေအဖြစ် အသုံးပြုရန် လုပ်ငန်းရှင်တစ်ဦး အမည်ဖြင့် လယ်ယာမြေအခြားနည်း အသုံးပြုခွင့် လန-၃၉ ခွင့်ပြု မိန့်ရရှိထားသောမြေဖြစ်၍ မြေလွတ်မြေရိုင်းမဟုတ်ကြောင်း၊ အဆိုပါ မြေသည် ယခင်က စားကျက်မြေအမျိုးအစားဖြစ်ပြီး တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ၂၀၀၂ ခုနှစ် သြဂုတ် ၁၉ ရက်စွဲပါစာအမှတ်ဖြင့် စားကျက်မြေအဖြစ်မှ ပယ်ဖျက်ထားသောမြေ ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ရေတိုက်စားကမ်းပါးပြိုမှုကြောင့် နေရာမဲ့ဖြစ်နေသော အိမ်ခြေ(၅၀)ကျော်ကို ယင်းမြေနေရာအတွင်း ဥပဒေနှင့်အညီ ပြောင်းရွှေ့ပေးရန် မဖြစ်နိုင်ကြောင်း ပြန်လည်ဖြေကြားသည်။
လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက လှိုင်မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ ရွှေဟင်္သာလမ်းမကြီးနှင့် ယောဂီကျောင်းလမ်းရှိ လှိုင်တက္ကသိုလ်နယ်မြေနှင့် ပိုင်းခြားထားသည့် အုတ်တံတိုင်းပြင်ပရှိ ရွှေဟင်္သာဈေးအပါအဝင် မြေဧရိယာ(၆)ဧကရှိ မြေပေါ်တွင် နေထိုင်ကြသော အိမ်ခြေ (၁၅၉)အိမ်အား အနေကြာဂရန်များ ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ယခုတင်ပြသည့် မြေနေရာသည် လှိုင်မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ ရွှေဟင်္သာလမ်းမကြီးနှင့် ယောဂီ ကျောင်းလမ်းရှိ လှိုင်တက္ကသိုလ်နယ်မြေပြင်ပတွင်ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနအောက်တွင်ရှိသော မြို့မြေ စာရင်းနှင့် မြို့ကွက်ပြမြေပုံတို့တွင် မြေတိုင်းရပ်ကွက် ၂၉၊ မြေကွက်အမှတ် ၁၈၊ ဧရိယာ အားဖြင့် ၄ ဒသမ ၂၁၀ ဧကနှင့် မြေတိုင်းရပ်ကွက် ၃၀၊ မြေကွက်အမှတ် ၁၂၊ ဧရိယာ အားဖြင့် ၉ ဒသမ ၈၀၉ ဧက၊ မြေအမျိုးအစား အစိုးရမြေ၊ မြေအမည် ပေါက် အဆင့်မြင့်ပညာဦးစီးဌာန၏ တစ်စိတ် တစ်ဒေသအဖြစ် ပါဝင်လျက်ရှိကြောင်း၊ ယင်း ဧရိယာတွင် ရွှေဟင်္သာဈေး၊ ရွှေဟင်္သာဘောလုံးကွင်းနှင့် လူနေ အိမ်ခြေ (၁၅၀) အိမ်ခန့် တည်ရှိပြီး ယင်းတည်ရှိမှုနှင့်ပတ်သက်၍ ရွှေဟင်္သာဈေးနှင့် ရွှေဟင်္သာ ဘောလုံးကွင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ကြီးကြပ်ပြုပြင်ထိန်းသိမ်းနိုင်ရန် အတွက် အဆင့်မြင့်ပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြေလွှဲပြောင်းပေးရေး ညှိနှိုင်းခဲ့ရာ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ(၅) ရက်စွဲပါစာအမှတ်ဖြင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီသို့ လွှဲအပ်မည်ဖြစ်ကြောင်း ပြန်ကြားပြီး ဖြစ်သည့်အတွက် လွှဲပြောင်းရရှိရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရွှေဟင်္သာဈေးနှင့် ဘောလုံးကွင်းတို့၏ စုစုပေါင်း ဧရိယာ ၂ ဒသမ ၅ ဧကခန့်ကို အမည်ပေါက်ခွဲထုတ်မှတ်သား ဆောင်ရွက်နိုင်မည်ဖြစ် သော်လည်း ကျန်မြေဧရိယာ ၁၁ ဒသမ ၅၁၉ ဧက မြေအမျိုး အစားသည် အစိုးရမြေ၊ မြေအမည်ပေါက်သည် အဆင့်မြင့် ပညာဦးစီးဌာနအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းမြေပေါ်တွင်နေထိုင်ကြသော အိမ်ခြေ (၁၅၉)အိမ်နှင့် ပတ်သက်သော မြေစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို လက်တလောတွင် ဆောင်ရွက်ပေးနိုင်မည် မဟုတ်သေးကြောင်း ပြန်လည်ဖြေကြားသည်။
လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း က လှိုင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက် ဘူတာရုံလမ်း ဗေဒါစု(၁) လမ်းနှင့် ဗေဒါစု(၂)လမ်းတို့မှ မြေကွက်(၃၁)ကွက်အား ဂရန်မြေရရှိရေးကို အမြန်ဆုံး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးက ယခုတင်ပြသည့် မြေနေရာသည် မြို့မြေစာရင်းနှင့် မြို့ကွက်ပြမြေပုံတို့တွင် လှိုင်မြို့နယ်၊ မြေကွက်အမှတ် ၁၃၊ ဧရိယာ ၂ ဒသမ ၀၄ ဧက၊ မြေအမျိုးအစား သာသနာ့မြေဖြစ်ကြောင်း၊ မြေပြင် တည်ရှိမှု အခြေအနေအရ ယင်းသာသနာ့မြေအတွင်း၌ ဗေဒါစု(၁)လမ်း၊ ဗေဒါစု(၂) လမ်းနှင့် လူနေအိမ် ၃၁ အိမ် တည်ရှိနေကြောင်း၊ သို့ဖြစ်ပါ၍ ယင်းမြေကွက် ၃၁ ကွက် သည် သာသနာ့မြေအတွင်း၌ တည်ရှိနေသည့်အတွက် ဂရန်ရရှိရေးကို လက်ရှိအခြေ အနေအရ ဆောင်ရွက်မပေး နိုင်သေးကြောင်း ပြန်လည်ဖြေကြားသည်။
ထို့နောက် လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း၏ လှိုင်မြို့နယ်၊ အမှတ်(၄၂) သီရိလမ်း၊ အမှတ်(၂) ရပ်ကွက်တွင်ရှိသော ဒေသန္တရဆေးခန်း၏ အမည်ပေါက်ဂရန်ရရှိရေး အမြန်ဆုံး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုကြောင်း မေးမြန်းမှုအား ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးက လည်းကောင်း၊ သန်လျင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း၏ သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာအုပ်စု ထန်းပင်ဆိပ်(၇)နယ်မြေ ကွင်းအမှတ် ၆၅၂ အမည် အလယ်ရွာ ဦးပိုင်အမှတ် ၄၄/၁ ဧရိယာ(၄၅ ဒသမ ၁)ဧကရှိသော မြေဧရိယာအား ကျေးရွာအမည်ပေါက်ရရှိနိုင်ရေးအတွက် ဆောင်ရွက်ပုံလုပ်ငန်းအဆင့်ဆင့်အား သိရှိလို ကြောင်း မေးမြန်းမှုအား ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းကလည်းကောင်း ပြန်လည် ရှင်းလင်းဖြေကြားသည်။
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ကို ဇန်နဝါရီ ၂၁ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်